Print

သွားအခြေရှိသွားဖုံးတွင် ပြည်တည်အနာဖြစ်ခြင်း

  15-Dec-2017
Preview Image

ပိုးစားတဲ့သွားရဲ့ အခြေမှာ ကလိုင်ပေါက်ဖြစ်ကာ ပြည်တည်လာခြင်းဖြစ်ပါသည်။ ငယ်သွားရဲ့ အခြေ (အမြစ်) မှာ ပြည်တည်ရင်တော့ သူ့ရဲ့အောက်သွားဖုံးထဲမှာ မြှုပ်နေဆဲဖြစ်တဲ့ ကြီးသွားကိုပါ ထိခိုက်စေနိုင်ပါတယ်။ အနာဖြစ်တဲ့နေရာမှာ အရမ်းကိုက်ခဲနာကျင်နေပြီး အနာသက်သာဆေးနဲ့ ကုသပေမယ့် မပျောက်ကင်းတတ်ပါဘူး။


စိုးရိမ်ရပါသလား

မနေနိုင် မထိုင်နိုင်အောင် နာကျင်နေတဲ့အပြင် သွားတစ်ချောင်းလုံးလည်း ဆုံးရှုံးသွားနိုင်တဲ့အတွက် အမြန်ကုသပေးရန် အရေးကြီးပါတယ်။


ရောဂါလက္ခဏာများ

• သွားဘေးကပ်လျက် သွားဖုံးမှာနီရဲရောင်ရမ်းနေတဲ့ဖုတစ်ခု တွေ့ရခြင်း၊

• တစစ်စစ်ကိုက်ခဲနေခြင်း၊

• သွားရောဂါရှိသော ဘက်၏မျက်နှာတစ်ခြမ်းနာကျင်၍ ရောင်ရမ်းခြင်း၊

• လည်ပင်းရှိအကျိတ်များရောင်ခြင်း၊

• ရောဂါရှိသော ဘက်ခြမ်းရှိနားရွက်၏ အောက်ဘက်တွင် နာကျင်နေခြင်း၊


သင်ပထမဆုံးဘာလုပ်သင့်သလဲ

၁။ သွားရဲ့အရင်း (အခြေ) မှ သွားဖုံးကိုကြည့်ပါ။ အဖုနီနီပေါက်နေတာတွေ့ရရင် သင့်လက်ထိပ်နဲ့ ဖိကြည့်ပါ။ အတွင်းမှာ ပြည်ရှိနေတဲ့အတွက် ပျော့စိစိအရည်အိပ်လေးကို စမ်းမိသလို ထိတွေ့ရပါလိမ့်မယ်။

၂။ နာကျင်မှုသက်သာအောင် ပါရစီတမောဆေးတိုက်ကျွေးနိုင်ပါတယ်။ ထုံဆေးပါတဲ့လိမ်းဆေးနဲ့ တို့ပေးခြင်းဖြင့် နာကျင်မှုသက်သာအောင် လုပ်ဆောင်ခြင်းမလုပ်ဆောင်ဖို့ လိုပါတယ်။ ဒီလိုဆေးများနဲ့ တို့လိမ်းရာမှ သွားဖုံးကိုထိခိုက်စေပြီး ရောဂါပိုမိုဆိုးသွားစေနိုင်ပါတယ်။

၃။ ဆားရည်လေးငုံပြီး ထွေးခိုင်းခြင်းဖြင့် ကလေးရဲ့ပြည်ဖုအမြန်ပေါက်ထွက်သွားအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ ပြည်ဖုပေါက်သွားပြီးပြီဆိုရင်လည်း ဆားရည်ငုံပြီး ထွေးစေခြင်းဖြင့် အနာကိုသန့်ရှင်းစေပြီး ပြည်ကိုအပြင်သို့ ထွေးပစ်လိုက်နိုင်ပါတယ်။ 

၄။ နာကျင်ကိုက်ခဲမှုသက်သာအောင်ကလေးရဲ ပါးပေါ်မှာရေနွေးပုလင်းငယ်ကပ်ပေးသင့်ပါတယ်။


ဆရာဝန်ထံပြရန်လိုပါသလား 

သင့်မိသားစုဆရာဝန်နဲ့ ဖြစ်စေ၊ နီးရာဆေးပေးခန်း တစ်ခုခုမှာဖြစ်စေ၊ မြန်မြန်ပြသရန် လိုပါတယ်။


ဆရာဝန်ကဘာတွေလုပ်ပေးလိမ့်မလဲ

• ဆရာဝန် သို့မဟုတ် သွားကျွမ်းကျင်သူက ပြည်ဖုဖောက်ပေးခြင်း သို့မဟုတ် သုံးမရအောင် ပျက်စီးနေတဲ့သွားဖြစ်ပါက ထိုသွားကျိုးကို နုတ်ပစ်ခြင်း တနည်းနည်းကို ထုံဆေးပေးပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 

• ပိုးသတ်ပဋီဇီဝဆေးတစ်မျိုးမျိုးကို သောက်သုံးရန် ညွှန်ကြားပေးပါလိမ့်မယ်။ အနာကောင်းကောင်းကျက်သွားတဲ့ထိ ခံတွင်းသန့်ရှင်းစေရန် ငုံဆေးတစ်ခုကိုလည်း တစ်နေ့လျှင်သုံးကြိမ်မှ လေးကြိမ်ထိ ငုံပေးရန်ညွှန်ကြားပေးမှာဖြစ်ပါတယ်။


သင်ဘာလုပ်ပေးနိုင်မလဲ

• သွားပိုးမစားအောင် နေ့စဉ်ပုံမှန် သွားတိုက်ခိုင်းပါ။

• ကလေးအသက် လေးနှစ်အရွယ်လောက်ကစပြီး ခြောက်လတစ်ကြိမ် သွားကျွမ်းကျင်သူထံ သွားရောက်ပြသပါ။ 

• ကလေးကို ချိုလွန်းသော အစာများ၊ သကြားလုံးများ အလွန်အကျွံမစားစေပါနဲ့။


Credit: ဒေါက်တာမာမာဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18