သိုင်းရွိုက်ဂလင်းကင်ဆာ
13-Mar-2018သိုင်းရွိုက်ဂလင်းမှာ နောက်ထပ် ဖြစ်နိုင်တာက သိုင်းရွိုက်ဂလင်းကင်ဆာပါ။ အရင်းအမြစ်မများပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်လေ့ရှိတဲ့ ရာခိုင်နှုန်းတော့ ရှိပါတယ်။ တစ်နှစ်ကို ဆရာဝန်တစ်ယောက်တည်းက အနည်းဆုံး ၁၀ ယောက်လောက် တွေ့ရပါတယ်။ အများအားဖြင့် လူလတ်ပိုင်းမှာတွေ့ရပေမယ့် တကယ်တမ်းဖြစ်တဲ့ အသက်အရွယ်က ၂၀ ကနေ ၃၀ နှစ်ကြားမှာ တွေ့ရပါတယ်။
အကျိတ်များတွေ့ရခြင်း
အများအားဖြင့် သိုင်းရွိုက်ဂလင်းမှာဖြစ်ပြီး အဲဒီကနေ ပြန်ရည်ကျိတ်တွေဆီကို သွားတယ်။ လည်ပင်းမှာတွေ့ရတယ်။ တစ်ခါတစ်ရံလည်ပင်းမှာ ကင်ဆာအကျိတ် သေးသေးလေး တွေ့ရပြီး ချိုင်းမှာလည်း တွေ့ရတယ်။ သိုင်းရွိုက်ဂလင်းကင်ဆာက လည်ပင်းအောက်ဘက်၊ အလယ်မှာပဲတွေ့ရတယ်။ လည်ပင်းရဲ့ဘေးဘက်မှာ အကျိတ်တွေ့ရတယ်ဆိုရင်တော့ သိုင်းရွိုက်ဂလင်းကနေ ပျံ့တာကြောင့်ဖြစ်နိုင်ပါတယ်။
လူလတ်ပိုင်းမှာဖြစ်တဲ့ သိုင်းရွိုက်ကင်ဆာက Follicular Thyroid Cancer ပါ။ အသက် ၄၀ လောက်မှာ အဖြစ်များတယ်။ ဒီကင်ဆာသွေးထဲကနေ အရိုး၊ အဆုတ်၊ အသည်းတွေဆီကို ပျံ့တာများတယ်။ အဓိက ကုသတာကတော့ ခွဲစိတ်ကုသတာပါပဲ။ ခွဲပြီးရင် ဆေးပေးတယ်။ တချို့လည်း အရိုးအထိ ပျံ့နေတယ်ဆိုရင် ဓာတ်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်တစ်မျိုးကတော့ သိုင်းရွိုက်ဂလင်းမှာဖြစ်နိုင်တဲ့ နောက်ထပ်ကင်ဆာရောဂါတွေရှိသေးတယ် အဖြစ်နည်းတာကြောင့် ထည့်မပြောတော့ပါဘူး။
သိုင်းရွိုက်ကင်ဆာဖြစ်တာကို ဘယ်လိုသိလဲဆိုရင် အများနားလည်လွယ်အောင် ပြောရရင် သိုင်းရွိုက်ဂလင်းက လိပ်ပြာလေးလို ပုံသဏ္ဍာန်ရှိပြီး အလယ်မှာအူတိုင်လေးရှိတယ်။ သိုင်းရွိုက်ဂလင်းကို အမြှေးပါးလေးတစ်ခုက အုပ်ထားတယ်။ လေပြွန်ချောင်းကို အုပ်တဲ့အမြှေးပါးလေးက သိုင်းရွိုက်ဂလင်းကို အုပ်ထားတာကြောင့် လေပြွန်ချောင်းနဲ့ ဆက်စပ်နေတယ်။ အဲဒါကြောင့် ရေသောက်ရင် သိုင်းရွိုက်ဂလင်းကအပေါ်ကို တက်သွားတယ်။ သိုင်းရွိုက်ဂလင်းကင်ဆာက သိုင်းရွိုက်ဂလင်းရိုးရိုး ကြီးတာနဲ့ မတူတာက စမ်းကြည့်လိုက်ရင် ကင်ဆာဆိုရင် နည်းနည်းမာတယ်။ အနားစွန်းလေးက ပုံမှန်မဟုတ်ဘဲ မညီမညာ ဖြစ်နေတယ်။ နာတာ၊ ကျဉ်တာ မရှိဘူး။ မျက်နှာပြင်ကလည်း ဖုလေးတွေရှိနေတယ်။ သိပ်ကြီးတဲ့ သိုင်းရွိုက်ကင်ဆာဆိုရင် အာရုံကြောတွေပါထိတယ်။ သိုင်းရွိုက်ကင်ဆာက အဖြစ်များတာမဟုတ်ပေမယ့် အဖြစ်နည်း တယ်လို့လည်း မပြောနိုင်ပါလား။ ရေသောက်တဲ့အခါ အစာမျိုချတဲ့အခါ လက္ခဏာတွေ ရှိ၊ မရှိ ကိုယ်တိုင်စမ်းသပ်ကြည့်စေချင်ပါတယ်။ စမ်းကြည့်လိုက်လို့ စိတ်ထဲ မသင်္ကာဘူးဆိုရင် ဆရာဝန်တွေကို ချက်ချင်းပြသသင့်ပါတယ်။
သိုင်းရွိုက်ဂလင်းကင်ဆာကိုမှာ သွေးစစ်ကြည့်ရင် သိုင်းရွိုက်ဟော်မုန်းနည်းတာ၊ များတာ မဖြစ်ဘူး။ ပုံမှန်ပဲရှိနေတယ်။ တကယ်လို့ သိုင်းရွိုက်ဟော်မုန်းများတာ ဖြစ်နေရင် အဲဒါသိုင်းရွိုက်ကင်ဆာမဟုတ်ဘူး။ တချို့ကင်ဆာဖြစ်သူတွေမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းတာဖြစ်နေတတ်တယ်။ တချို့ရောဂါဖြစ်တဲ့ Hashi-moto’s Thyroiditis သိုင်းရွိုက်ဂလင်းရောင်တဲ့ ရောဂါက ဓာတ်မတည့်လို့ဖြစ်တဲ့ရောဂါပါ။ ဒီရောဂါက ကြာရင် Lymphoma ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါးတွေ့ရတတ်တာက အသက် ၆၀ ကျော် ၇၀ အရွယ်တွေမှာ သစ်သားတုံးလိုပဲ မာပြီး အကြီးကြီးဖြစ်နေတတ်တယ်။ လိုအပ်ရင် လေပြွန်ချောင်းဖောက်ပြီး ကုသတာတွေလုပ်ပေးရပါတယ်။ ဒီရောဂါက နောက်ကျမှ သိရတာများတာကြောင့် ခွဲစိတ်ကုသတာထက် ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုတွေလုပ်ရပါတယ်။
ကိုယ်ရဲ့လည်ပင်းကို စမ်းကြည့်လိုက်လို့ အလယ်မှာအကျိတ်အဖုစမ်းမိတယ်။ ရေသောက်ရင်၊ အစာမျိုရင် အပေါ်တက်သွားတယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပါလို့ အကြံပြုချင်ပါတယ်။ ငယ်ငယ်က ဓာတ်ရောင်ခြည်ကုသမှုခံယူဖူးတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်က နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ ဆက်စပ်လုပ်ကိုင်ရတယ်။ ဓာတ်မှန်ဌာနမှာ အလုပ်လုပ်တယ်ဆိုရင် သိုင်းရွိုက်ဂလင်းကို သတိပြုပြီး စပ်းသပ်စစ်ဆေးစေချင်ပါတယ်။ သိုင်းရွိုက်ဂလင်း ကင်ဆာက သေချာကုသရင် ပျောက်ကင်းနိုင်တဲ့ ကင်ဆာပါ။ အသက်ကြီးပိုင်းမှာ ဖြစ်တဲ့ကင်ဆာကတော့ မြန်တာကြောင့် အန္တရာယ်များပါတယ်။
သိုင်းရွိုက်ဂလင်းကင်ဆာကို ကုသရာမှာ ခွဲစိတ်လို့ရရင် ခွဲစိတ်ကုသပါတယ်။ သိုင်းရွိုက်ဂလင်း ခွဲစိတ်ရာမှာ တစ်ခုလုံး ခွဲစိတ်ဖယ်ရှားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုလုံးနီးပါးတော့ ခွဲစိတ်ဖယ်ရှားရပါတယ်။ အကုန်ထုတ်လိုက်ရင် အစာရေမျိုနဲ့ လေပြွန်ချောင်းကြားမှာ ရှိနေတာဆိုတော့ အာရုံကြောတွေကို ထိနိုင်တာကြောင့်ပါ။ သိုင်းရွိုက်ဂလင်းကို ထုတ်ပြီးရင် Papillary Thyroid Cancer မှာ ဓာတ်ရောင်ခြည်ပေးတယ်။ ကျန်တဲ့ကင်ဆာတွေဆိုရင်တော့ လိုအပ်တဲ့ဆေးသွင်းပြီး ကုသတယ်။ ဓာတ်ရောင်ခြည်ပေးရာမှာ ကျန်တဲ့ကင်ဆာတွေကို အပြင်ကနေပဲ ဓာတ်ရောင်ခြည်ပေးပြီး Papillary Thyroid Cancer မှာ ဆေးသောက်ပြီး ကုသရတာပါ။
ကျန်းမာရေးအသိပညာတွေကို လက်လှမ်းမီသလောက် လေ့လာစေချင်ပါတယ်။ မိသားစုမျိုးရိုးမှာ ဒီရောဂါရှိဖူးတယ်။ ဓာတ်ရောင်ခြည်နဲ့ပတ်သက်တဲ့ အရပ်ဌာနတွေမှာလုပ်ဖူးတယ်။ ငယ်ငယ်တုန်းက လည်ပင်းတစ်ဝိုက်ကို ဓာတ်ရောင်ခြည်ပေး ကုသမှုတွေ လုပ်ဖူးတယ်ဆိုရင် ကြိုတင်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ အဖြစ်နည်းပေမယ့် သတိထားဖို့လိုပါတယ်။ စိတ်ထဲမသင်္ကာဘူးဆိုရင် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေခံယူပါ။ သိုင်းရွိုက်ကင်ဆာက စောစောစီးစီးသိရင် ကုသပျောက်ကင်းနိုင်ပါတယ်။
သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖယ်ရှားပြီးတဲ့ အမျိုးသမီးတွေ သားသမီးယူမယ်ဆိုရင် သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ရှိနေရင် ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်းနည်းနေရင်တော့ မွေးလာတဲ့ကလေးမှာ ဉာဏ်ရည်ချို့တဲ့တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလင်း ခွဲစိတ်ထုတ်ထားရတဲ့ အမျိုးသမီးတွေအနေနဲ့ သားသမီးယူမယ်ဆိုရင် Endocrinologist နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။ ဆရာဝန်က လူတစ်ဦးချင်းအပေါ်မူတည်ပြီး သွေးတွင်း သိုင်းရွိုက်ဟော်မုန်း ပမာဏကို ထိန်းပေးပါတယ်။ သွေးတွင်းသိုင်းရွိုက်ဟော်မုန်း ပုံမှန်ရှိနေရင် မွေးလာမယ့် ကလေးငယ်ကို မထိခိုက်နိုင်ပါဘူး။ မိခင်လည်း ပုံမှန်သက်တမ်းစေ့နေနိုင်ပါတယ်။
Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)