ဆံကေသာကျန်းမာစေကြောင်း နည်းလမ်းကောင်းများ
13-Apr-2018ဆံကေသာ ကျန်းမာလှပဖို့ဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေး ထိန်းသိမ်းမှုတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆံကေသာကို လူ့ခန္ဓာကိုယ်ရဲ့ ဒုတိယ မျက်နှာလို့ပြောရင်လည်း မမှားဘူးပေါ့။ အထူးသဖြင့် အမျိုးသမီးများဟာ မိမိရဲ့ ဆံကေသာအလှနှင့် ပတ်သက်လို့ အမြဲလိုလို ဂရုတစိုက် ပြုပြင်ကြပါတယ်။ အသက်အရွယ်၊ ဦးရေပြား၊ ကျန်းမာရေး၊ ဆံပင်သန်စွမ်းစေဖို့ စတဲ့ ဂရုစိုက်မှုတွေကိုလည်း အမြဲမပြတ် ထိန်းသိမ်းလေ့ရှိကြပါသည်။ အစားအသောက်အနေအထိုင်စတဲ့ အမူအကျင့်များကလည်း ဆံသားရဲ့ကျန်းမာသန်စွမ်းမှုအပေါ် များစွာအကျိုးသက်ရောက်စေပါတယ်။
ဆံသားကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းကတော့ မိမိဆံပင်ကို ဂရုစိုက်လွန် ထိန်းသိမ်းခြင်းနှင့်၊ မဖြီးမလိမ်းနှင့် သေသေသပ်သပ် မထိန်းသိမ်းဘဲ ပစ်ထားခြင်းဆိုတဲ့ အစွန်းနှစ်ပါးပါတဲ့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လျင်မြန်စွာ ခြောက်သွေ့ပျက်စီးရုံသာမက ဦးခေါင်းမှ အပူများဝင်ကာ အပူငုပ်ခြင်း၊ ကိုယ်အပူချိန် လျင်မြန်စွာပြောင်းလဲကာ ပူလိုက်အေးလိုက်ဖြစ်ခြင်းကြောင့် ဖျားနာခြင်းတို့ ဖြစ်တတ်ပါတယ်။
အသုံးပြုတဲ့ ဆံပင်ပျော့ဆေး ခေါင်းလျှော်ရည်ဟာ သင့်ရဲ့ ဦးရေပြားနဲ့ သင့်လျော်ပါသလား။ ဆန်းစစ်ဖို့လိုအပ်ပါတယ်။ တွေ့ကရ တံဆိပ်ကို မသုံးဘဲ သင့်လျော်မယ့် ကုန်ပစ္စည်းကို သတ်သတ်မှတ်မှတ် ရွေးချယ်သုံးစွဲဖို့ လိုအပ်ပါတယ်။ နေ့စဉ် ခေါင်းလျှော်ဖို့ မလိုအပ်သလို ခေါင်းလျှော်မယ့်ရက်ကို အကြာကြီး ပစ်ထားဖို့လည်း မလိုအပ်ပါဘူး။ အလုပ်မအားဘူး ဆိုရင်တောင်မှ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်မှ အများဆုံးသုံးကြိမ်ခန့် လျှော်ပေးဖို့ လိုအပ်ပါတယ်။
နေလောင်ဒဏ်ကို လူ့ခန္ဓာကိုယ်အရေပြားတင် ဂရုစိုက်ဖို့ မလိုဘဲ သင့်ဆံသားကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဓိကတော့ ဆံသားကို အလွန်ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ဖို့ လိုအပ်ပါတယ်။ အေးမြတဲ့ အရိပ်မှာနေတာပဲဖြစ်ဖြစ်၊ အရိပ်ဘက်ကနေ လှုပ်ရှားသွားလာတာပဲဖြစ်ဖြစ် နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်သလို နေရောင်ဒဏ်ကို ကာကွယ်ပေးတဲ့ ထီး၊ ဦးထုပ်၊ ခပ်ကြီးကြီးဆောင်းပြီး သွားလာတာပဲ ဖြစ်ဖြစ်၊ နေလောင်းဒဏ်ကို ကာကွယ်နိုင်ပါတယ်။
သံလွင်ဆီ၊ ဗီတာမင် အီး ပါဝင်သော အဆီများ၊ Hair Coat အစရှိတဲ့ အဆီတွေကို မကြာခဏ လိမ်းကျံပေးခြင်းဖြင့် ဆံကေသာကို ထိန်းသိမ်းကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်ကိုပျက်စီးစေတဲ့ ဖယောင်း၊ ဂျယ်လ်၊ အခြားဓာတ်မတည့်သည့်အရာများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြင့် အသားကို ထိန်းသိမ်းနိုင်ပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် အီး စသည်တို့ ပါဝင်သော အစားအစာများ အသီးအရွက်များ အသုံးပြုပေးခြင်းဖြင့်လည်း ဆံကေသာအလှပစေရန် ထိန်းသိမ်းပေးနိုင်ပါတယ်။
Credit: ယွန်းသော်တာ