Print

နေ့စဉ်အစားစားပြီးတိုင်း မကြာခဏ အစာမကြေဖြစ်နေပါသလား?

  16-Jun-2026
Preview Image

နေ့စဉ်အစားစားပြီးတိုင်း မကြာခဏ အစာမကြေဖြစ်နေပါသလား?

++++++++++++++++++++++++++++++++++++++

အစာမကြေခြင်း(dyspepsia/indigestion) သည် မြန်မာလူမျိုးအများစုကြုံတွေ့နေကျ ရောဂါလက္ခဏာတစ်ခုဆိုလျှင်မမှားနိုင်ပါ။


လူတော်တော်များများမှာ ကြုံတွေ့ဖူးကြ/ ဖြစ်တတ်ကြပါသည်။ အလွယ်တကူ အစာကြေဆေး၊ မဟာဖြေဆေး၊ သွေးဆေး၊ လျက်ဆား စသဖြင့်မှီဝဲကြပြီး တချို့ဆိုလျှင် အစာစားပြီးတိုင်း မြန်မာဆေးတစ်မျိုးမျိုးသောက်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြသည်။ အစာအိမ်အတွင်းအစာခြေစနစ်၊ စုပ်ယူသည့်စနစ်၊ ရွေ့လျားသည့်စနစ်များကို ကမောက်ကမဖြစ်စေသည့်အချက်ကို ကာလရှည်ကြာလာသည်နှင့်အမျှခံစားလာရနိုင်ပါသည်။ ရောဂါလက္ခဏာတစ်ခုဖြစ်ပေါ်ကပါက ၎င်း၏အခြေခံအချက်ကိုမရှာ၊ မပြင်ဘဲ ဆေးမှီဝဲရန်သာ ဦးစားပေးသည်မှာ အလေ့အကျင့်ကောင်းတစ်ခုမဟုတ်ပါ။

အစားအသောက်ပုံစံ၊ အစားအသောက်ရွေးချယ်စား‌သောက်နည်း၊ စိတ်ဖိစီးမှု၊ ဆေးဝါးအချို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပြီး အများစုမှာ သိပ်မဆိုးဘဲ ခဏအတွင်း သက်သာသွားတတ်ပါသည်။ ထို့ကြောင့် အစာမကြေတိုင်းဆေးသောက်တာ၊ ဆရာဝန်ပြတာ မလိုအပ်ပါ။ သို့သော် အချို့အချိန်များတွင်မူ ဆရာဝန်ပြရန်လိုအပ်ပါသည်။ အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာများ၊အစာအိမ်ရောဂါ၊ အစာအိမ်ကင်ဆာအစရှိသည့် ရောဂါများ၏ရှေ့ပြေးလက္ခဏာရပ်များ ဖြစ်နိုင်ချေ ရှိ/မရှိ ခွဲခြားသိရှိရန်၊ ကြိုတင်စစ်ဆေးရန်၊ ကုသမှုခံယူရန်များစွာအရေးကြီးလှပါသည်။


ဆရာဝန်ပြသရန်လိုအပ်သော အချိန်နှင့်ဖြစ်ပေါ်လာသောအရေးကြီးဆုံး လက္ခဏာဆိုးများ(Red flags)မှာ-


၁။ အစာမကြေ လက္ခဏာ နှစ်ပါတ်ကျော်ကြာ ဆက်တိုက်ဖြစ်နေခြင်း၊ (သို့မဟုတ် ပိုဆိုးလာခြင်း)

၂။ အကြောင်းရင်းမရှိဘဲကိုယ်အလေးချိန် ကျဆင်းလာခြင်း

၃။ အန်ခြင်း (မကြာခဏ) ဖြစ်ခြင်း၊

၄။ အန်ရင်သွေးပါလာခြင်း (အန်သည့်အခါ ကော်ဖီရောင်လိုအညစ်အကြေးပါလာလျှင်အထူးသတိထားပါ)

၅။ ဝမ်းထဲမှာသွေးပါခြင်း (သို့မဟုတ် ဝမ်းမည်းညစ်ပြီးကပ်တရာစေး ဖြစ်နေခြင်း Black - tarry stool)

၆။ အစာမြိုရခက်ခြင်း (အစားအစာများလည်ချောင်းမှာတစ်ဆို့ပြီး ပိတ်နေသလို ခံစားရခြင်း၊ နာကျင်ခြင်း)

၇။ ရင်ဘတ်အလယ်မှာ ပြင်းပြင်းထန်ထန် နာကျင်ခြင်း (အထူးသဖြင့် လက်မောင်း၊ လည်ပင်း၊ မေးရိုး ဘက်ကို ပျံ့နှံ့လာရင် နှလုံးရောဂါနဲ့ ဆက်စပ်နိုင်သည့်အတွက် အရေးပေါ်ပြသရန်‌ဆေးရုံသို့ချက်ချင်းသွားပါ)

၈။ အသက်ရှူရခက်ခြင်း၊

၉။ ချွေးထွက်လာခြင်း၊

၁၀။ နှလုံးခုန်မြန်လာခြင်း၊

၁၁။ အရေပြား သို့မဟုတ် မျက်လုံး ဝါလာခြင်း၊

၁၂။ အစာမကြေခြင်းနှင့်အတူ ပြင်းထန်တဲ့ ဝမ်းဗိုက်နာကျင်မှု ဖြစ်လာခြင်း၊

အထက်ပါလက္ခဏာတွေ မရှိဘဲ အစာမကြေတာ ခဏခဏ ဖြစ်နေရုံဆိုရင်တော့ ပထမဆုံး နေ့စဉ်စား‌သောက်နေထိုင်မှုဘဝပုံစံ ပြင်ဆင်သင့်ပါသည်။ (ဥပမာ - အဆီများများစားတာ ရှောင်ခြင်း၊ အစာကို ဖြည်းဖြည်းစားခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ ဆေးလိပ်/အရက် လျှော့ခြင်း)

မသင်္ကာဖွယ်လက္ခဏာရပ်များ ခဏခဏ ဖြစ်ပြီး သက်သာသွားတတ်သည်ဆိုသော်လည်း ရောဂါဆိုင်ရာအချက်အလက်ပေါ်မူတည်ပြီး စစ်ဆေးရမည့်အချက်များမဆောင်ရွက်ပါက ကာကွယ်ကုသလိုက်နာခြင်းများ မဆောင်ရွက်နိုင်သဖြင့် ရောဂါအခြေအနေဆိုးရွားလာသည့်အခါ နောင်တရနိုင်ပါသည်။ ထို့ကြောင့်အထက်ပါ လက္ခဏာဆိုးတွေ ခံစားရလျှင်/ပေါ်ပေါက်လာလျှင် နီးစပ်ရာဆရာဝန်တစ်ဦး သို့မဟုတ် ဆေးရုံ/ဆေးခန်းများသို့ အစောပိုင်းမှာ စစ်ဆေးမှုပြုလုပ်နိုင်ရေး ဆောင်ရွက်သင့်ကြောင်းအကြံပြုအပ်ပါသည်။

Dr Kyaw (Resilience)

Reference

Functional Dyspepsia. Pasricha PJ, Talley NJ. The New England Journal of Medicine. 2026;394(2):166-176. doi:10.1056/NEJMcp2501860.


#HealthArticle

#indigestion

#seveneighteightseven

#7887healthcare

#7887MainPage



Related Articles


Advertisment 18