Print

ကလေးအရေပြားနှင့် ဗက်တီးရီးယားပိုးရောဂါ

  05-Aug-2019
Preview Image

          မွေးပြီးပြီးချင်းကတည်းကပင် လူတို့၏ အရေပြားမှာ ဗက်တီးရီးယားပိုးပေါင်းများစွာ ပုံမှန်လာရောက်နေထိုင်ကြသော နေရာဒေသကြီးတစ်ခု ဖြစ်လာပါတော့သည်။


          တကယ်တော့ ပုံမှန်မွေးဖွားလာသော ကလေးငယ်တို့မှာ မိခင်၏ မွေးလမ်းကြောင်းထဲတွင် ရှိနေစဉ်ကပင် မိခင်ထံမှ ပိုးမွှားတစ်ချို့ရရှိခဲ့ပြီး မွေးပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင်တော့ ကလေးငယ်တို့၏ အရေပြားပေါ်ရှိ ပိုးမွှားအမျိုးအစားတို့နှင့် လူကြီးပေါ်ရှိ ပိုးမွှားတို့မှာ အတူတူပင် ဖြစ်လာပါတော့သည်။ ထိုသို့ ပုံမှန်နေထိုင်ကြသော ပိုးတို့နှင့် တစ်ခါတစ်ရံမှ လာရောက်နေထိုင်သော ပိုးတို့မှာ ကျန်းမာသောကလေး၊ လူကြီးတို့ကို ပုံမှန်အားဖြင့် အရေပြားရောဂါမဖြစ်စေပါ။ သို့သော် ကုတ်ခြစ်ခြင်း၊ ဒဏ်ရာရထားခြင်းတို့ကြောင့် အရေပြားပွန်းပဲ့နေသော အခါများတွင်လည်းကောင်း၊ အရေပြားရောဂါတချို့ ဖြစ်နေသော အခါများတွင်မူ ဗက်တီးရီးယားပိုးတချို့က အရေပြားရောဂါ ဖြစ်စေပါသည်။


          ထို့အပြင် ကိုယ်ခံအားကျဆင်းနေသော ကလေးငယ်များ၊ အာဟာရချို့တဲ့သော ကလေးငယ်များ ကော်တီကိုစတီးရွိုက်ကဲ့သို့ အရေပြားနှင့် ကိုယ်ခန္ဓာ၏ ခုခံအားကျဆင်းစေသော ဆေးများသုံးနေရသည့် ကလေးငယ်များတွင် နောက်ဆက်တွဲ ရောဂါဖြစ်ရန် ပို၍ လွယ်ကူပါသည်။ ကလေးငယ်တို့တွင် အဖြစ်များကြသော အရေပြား ဗက်တီးရီးယားပိုးရောဂါကို ပုံစံနှစ်မျိုး တွေ့ရနိုင်ပါသည်။ ပထမအမျိုးအစားမှာ အရည်ကြည်ဖုများထွက်သော ပုံစံမျိုးဖြစ်ပြီး နှာခေါင်းသို့မဟုတ် လည်ချောင်းထဲရှိ ဗက်တီးရီးယားပိုးတို့ကြောင့် ဖြစ်ကြရပါသည်။

 

         သာမန် အရေပြားပေါ် သေးငယ်သော အရည်ကြည်ဖု စတင်ထွက်လာပြီး မကြာမီမှာပင် ကြီးမားပျော့ဖတ်နေသော အရည်ကြည် အိတ်အဖြစ်ပြောင်းသွားကြပါသည်။ အရည်ကြည်အိတ်ထဲရှိ အရည်များမှာ နဂိုကကြည်လင်နေသော်လည်း တဖြည်းဖြည်းနှင့် ဝါညစ်ညစ်အရောင်အဖြစ် ပြောင်းလဲသွားကြပါသည်။ အရည်အိတ်ဘေးရှိအရေပြားမှာ နီရဲနေခြင်း၊ ရောင်ရမ်းခြင်းမရှိကြပါ။ နောက်တစ်ရက် နှစ်ရက်အကြာတွင်မူ အရည်ကြည်အိတ်ပေါက်ကွဲသွားကြပြီး ထိုနေရာတွင် အညိုရောင်ဖျော့ သို့မဟုတ် အဝါရောင်ရှိ စေးကပ်နေသော အမြှေးများ ဖြစ်ပေါ်လာပါသည်။ ပေါက်ကွဲထားသော အရည်ကြည်အိတ်နေရာ ကျယ်ပြန့်လာပြီး အနားသားများမှာလည်း ခြောက်ကပ်လာကြသဖြင့် ပွေးကွက်များနှင့် တစ်ခါတစ်ရံ အမှတ်မှားနိုင်ပါသည်။ တစ်ခါတစ်ရံ ရေနွေးပူလောင်သော အနာအဖြစ်လည်း ထင်မှတ်ခံကြရနိုင်ပါသည်။ အရည်ကြည်အိတ် မပေါက်သေးသည့် အချိန်တွင်မူ အခြားသော အရည်ကြည်အိတ်တည်သော ရေယုန်ရောဂါနှင့် မှားယွင်းကုသခံရနိုင်ကြပါသည်။ ထိုသို့ ဗက်တီးရီးယားအရေပြားရောဂါဖြစ်နေသော ကလေးငယ်အများစုမှာ ဖျားနာမှု၊ ယားယံနာကျင်မှု  မရှိဘဲ ပုံမှန် ဆော့ကစားနေနိုင်ကြသော်လည်း အချို့မှာ သက်ဆိုင်ရာ သားငံရည် အကျိတ်ရောင်ရမ်း နေနိုင်ကြပါသည်။ အများအားဖြင့် မျက်နှာနှင့် လက်တို့တွင် ဖြစ်လေ့ရှိကြပါသည်။

 

         နောက် ပုံစံတစ်မျိုးမှာမူ အရည်ကြည်အိတ်ဖြစ်သော်ငြားလည်း လျှင်မြန်စွာပင် ပေါက်ကွဲသွားတတ်ကြသဖြင့် အရည်ကြည်အိတ်မတည်သော ပုံစံဟူ၍ ခေါ်ဆိုနိုင်သော ရောဂါဖြစ်ပါသည်။ ကွဲသွားသော အိတ်အတွင်းရှိ အရည်များခြောက်သွားကာ ဝါညိုရောင်သန်းနေသည့် အမြှေးအဖြစ်အသွင် ပြောင်းလာသည်ကို တွေ့ရနိုင်ပါသည်။ ဝါညိုရောင်အဖေးရှိသော အနာကွက်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အနီးရှိအခြားသော အကွက်များနှင့် ပူးပေါင်းသွားတတ်ပါသည်။ အပေါ်ရှိအဖေးမှာ တစ်နေ့တခြား ပိုမိုခြောက်လာပြီး နောက်ဆုံးတွင် ကွာထွက်သွားသဖြင့် ထိုနေရာတွင် အမှေးမရှိဘဲ နီနေသောအကွက်များကို တွေ့နိုင်ပါသည်။ နီရဲနေသော်လည်း အမာရွတ် ကျန်ရစ်ခြင်းမရှိဘဲ ပျောက်ကင်းသွားနိုင်ကြပါသည်။ မျက်နှာနှင့် လက်တွင်အဖြစ်များကြပြီး မျက်နှာပေါ်တွင်မူ နှာခေါင်းအနီး ပါးစပ်အနီး ဖြစ်လေ့ရှိကြပါသည်။ နှစ်ပတ်မှ သုံးပတ်အကြာတွင် သက်သာသွားနိုင်ကြပါသည်။ အရည်ကြည်အိတ် တည်သောပုံစံမျိုးကဲ့သို့ပင် နှင်းခူ၊ ဝဲရောဂါဖြစ်နေသော ကလေးများ ပို၍ ဖြစ်နိုင်ကြပါသည်။ အကယ်၍ ဦးရေပြား ဒက်ဟုခေါ်သော ပွေးဖြစ်နေပါက ဗက်တီးရီးယားပိုးမှာ ထိုနေရာ၌ ထပ်ဆင့်၍ ဖြစ်ပွားနိုင်ပါသည်။ ယားယံမှု၊ နာကျင်မှုမရှိတတ်ကြသော်လည်း ရောဂါပြင်းထန်ပါက သားငံရည်အကျိတ်များ ရောင်ရမ်းခြင်း ရှိနိုင်ပါသည်။ ဖော်ပြပါ ဗက်တီးရီးယား အရေပြားရောဂါတို့ဖြစ်စေသည့် ပိုးတို့မှာ လူ၂၀ ခန့်သော လူတို့၏ နှာခေါင်းအရေပြားအတွင်း ပုံမှန်နေထိုင်သော ပိုးမွှားများဖြစ်ကြပြီး ၆၀ ခန့်သော လူတို့တွင်မူ ရံဖန်ရံခါမှသာ အရေပြားအပေါ်ရောက်လာသော ပိုးတို့ကြောင့် ဖြစ်ကြပါသည်။ နှာခေါင်းအပြင် ချိုင်း၊ လိင်အင်္ဂါနှင့် စအိုကြား အရေပြား၊ လက်ချောင်းနှင့် လက်တို့တွင်လည်း ပိုးမွှားများကို တွေ့ရနိုင်ကြပါသည်။ ဆိုခဲ့သည့်အတိုင်း လူတိုင်းကို ရောဂါမဖြစ်စေဘဲ အသည်း၊ ကျောက်ကပ်ရောဂါတို့ကြောင့် တစ်ကိုယ်ရေ ကျန်းမာရေး ချို့တဲ့နေသူများ၊ ကိုယ်ခံအား ကျဆင်းနေသူများ၊ အရေပြားရောဂါအချို့ ဖြစ်သည့် နှင်းခူ၊ ဝဲရေယုန်အစရှိသည့် ရောဂါဖြစ်နေသူများ၌ ထပ်ဆင့်ဖြစ်ရန် လွယ်ကူပါသည်။


          ပိုးမွှားတို့ကြောင့်ဖြစ်ရသော ရောဂါဖြစ်သည်နှင့် အညီ တစ်ဦးမှ တစ်ဦးသို့လည်း ကူးစက်နိုင်ကြရာ ကျပ်တည်းသော နေရာများတွင် နေထိုင်ရသူများ အချင်းချင်း မိသားစုအတွင်းမှ ညီအစ်ကိုမောင်နှမများ ပြိုင်တူဖြစ်ခြင်း၊ ကျောင်းစာသင်ခန်းအတွင်းမှ ကလေးငယ်များဖြစ်နေခြင်းကို တွေ့ရနိုင်ပါသည်။ ပူအိုက်သော နွေဦးကာလများတွင် ပို၍ ဖြစ်လေ့ရှိကြပြီး တစ်ခါတစ်ရံ လူကြီးများ၌လည်း ဖြစ်လေ့ရှိကြပါသည်။


          လူဦးရေထူထပ်ခြင်း၊ တစ်ကိုယ်ရေကျန်းမာရေး နည်းပါးခြင်းနှင့် နဂိုကတည်းက ဖြစ်နေသော အရေပြားရောဂါတို့ကြောင့် ဗက်တီးရီးယားရောဂါဖြစ်ရန် လွယ်ကူသည်ဟု ဆိုသော်လည်း ငွေကြေးတတ်နိုင်သော မိသားစုမှ ကလေးများ၊ အထွေထွေ ကျန်းမာရေးကောင်းသော ကလေးငယ်အများအပြားလည်း ဖြစ်ကြပါသည်။ အလိုအလျောက် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း ကူးစက်ရန်လွယ်ကူခြင်း၊ နောက်ဆက်တွဲရောဂါကြီးများဖြစ်သည့် အရေပြားတစ်ခုလုံး ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ရောင်ရမ်းခြင်းအထိပါ ဖြစ်နိုင်ခြင်းကြောင့် ကုသရန်လိုသော ရောဂါလည်း ဖြစ်ပါသည်။


          ကုသမှုအနေဖြင့်မူ နေရာတစ်ခုသို့မဟုတ် အနည်းငယ်၌သာဖြစ်ပါက ပိုးသတ်ဆေး၊ လိမ်းဆေးများဖြင့် ကုသနိုင်ပါသည်။ နေရာတွင် သတိထားရန်မှာ ရောဂါမျိုးမှာ ယားနာမဟုတ်ဘဲ ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သဖြင့် ဆေးဆိုင်အများစုက အထွေထွေအရေပြားလိမ်းဆေးအဖြစ် အလွယ်တကူ ရောင်းချလေ့ရှိသော တစ်နည်းအားဖြင့်ဆိုလျှင် ယားနာပျောက်ဆေးဟု ဆိုနေကြသော ကော်တီကိုစတီးရွိုက်ဆေးသုံးရန် မသင့်တော်ခြင်းပင် ဖြစ်ပါသည်။


          ထို့အပြင် စွမ်းအားမြင့်သော ကော်တီကို စတီးရွိုက်များဖြင့် ရောစပ်ထားသော ပိုးသတ်ဆေးလိမ်းဆေးများလည်းသုံးရန် မသင့်တော်ပါ။ အကယ်၍ နေရာအနှံ့အပြား၌ ဖြစ်ပါကမူ ပိုးသတ်ဆေးစားဆေးများပါ ပူးတွဲပေးရန် လိုပါသည်။ ပိုးသတ်ဆေးများပါဝင်သော ဆပ်ပြာကို ပုံမှန် သုံးစွဲခြင်းက ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းစေနိုင်သည်ဟု ဆေးပညာရှင်များက ဆိုကြပါသည်။

Credit : ဒေါက်တာ သောင်းညွန့်ရွှေ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18