မပျောက်နိုင်တဲ့ အရေပြားရောဂါတွေ
25-Jun-2020 ဝေဒနာခံစားနေရတဲ့
လူနာတစ်ဦးကို ပျောက်ကင်းသက်သာအောင် ဆေးပညာအရ အခြေခံ (၃) ချက်ကို လုပ်ဆောင်ရပါတယ်။
ပထမဆုံးကတော့ ရောဂါရဲ့ရာဇဝင်ကို မေးမြန်းခြင်းပေါ့။ ပြီးတော့ လိုအပ်သလို စစ်ဆေးစမ်းသပ်ပြီး
ရောဂါကို အမည်တပ်ခြင်းပါ။ ရောဂါသိပြီဆိုမှ သင့်တော်တဲ့ ဆေးဝါးကုသခြင်း၊ ခွဲစိတ်ခြင်းတွေ
လုပ်ဆောင်ရပါတယ်။ ပြောရရင် အနာတိတိကျကျသိပါမှ ဆေးကုတာအကောင်းဆုံးပါ။
အနာသိ၊ ဆေးရှိဆိုပါတော့။
အနာမသိဘဲ ဆေးကုခဲ့ရင် ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်တတ်ပါတယ်။ ရောဂါမပျောက်ဘဲ ငွေကုန်
လူပန်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရောဂါကို သိပါလျက်နဲ့ လုံးဝပျောက်ကင်းသွားစေတဲ့ ကုထုံးမရှိတဲ့အဖြစ်တွေလည်း
ပြဿနာတွေပါ။ ဝေဒနာကို သက်သာအောင် ဒါမှမဟုတ် မပြန့်ပွားအောင် ထိန်းချုပ်နိုင်ပေမယ့်
အမြစ်ပြတ်အောင် မကုနိုင်သေးတဲ့ ရောဂါတွေ အများကြီးပါ။ တစ်နည်းအားဖြင့် ဆေးမတွေ့သေးတဲ့ရောဂါတွေပေါ့။
ဒီလိုဆေးမတွေ့သေးတဲ့ ရောဂါတွေထဲမှာ အရေပြားရောဂါတချို့လည်း ပါတာပေါ့။ ဖြစ်လိုက်၊ ပျောက်လိုက်၊
ပြန်ပေါ်လိုက်နဲ့ လုံးချာလိုက်နေတဲ့ရောဂါတွေ ရှိသလို တစ်သမက်တည်း ဘယ်လိုမှမပျောက်တော့တဲ့
ရောဂါတွေလည်း ရှိပါတယ်။
ဆိုရီယားစစ်
(Psoriasis) ရောဂါကို မြန်မာလို ပြန်ဖို့ခက်ပါတယ်။ ကျွန်တော်ကတော့ ကာယကံရှင် လူနာတွေက
ဘာရောဂါလဲလို့မေးရင် ဂျွတ်ပွေးနာလို့ ရှင်းပြလေ့ရှိပါတယ်။ ဂျွတ်ဆိုတာ ထူထူအမ်းအမ်း၊
ကုသလိုက်ရင် အကြေးခွံတွေ အဖတ်လိုက် ကွာကျတယ်။ ပွေးဆိုတာ နီနီရဲရဲနဲ့ ယားတယ်ဆိုတော့
ဒီစာလုံး (၂) ခုပေါင်းခေါ်လိုက်တာပါ။ တကယ်တော့ ပွေး (အရေပြားမှို) လုံးဝမဟုတ်ပါဘူး။ ပွေးဆေးလိမ်းလို့
မပျောက်ပါဘူး။ လူနာတွေက ပွေးနဲ့ မှားသွားပြီး ကူးစက်ရောဂါလို့ ထင်သွားမှာလည်း စိုးရပါသေးတယ်။
ဒီရောဂါကို အဖြစ်များတယ်လို့
ပြောနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ လူတစ်ရာမှာ နှစ်ယောက်လောက်တောင် ဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း မကြာခဏ တွေ့နေရတဲ့ နာတာရှည်ရောဂါပေါ့။ ကျားမ၊ လူငယ်၊
လူကြီးမရွေး ဖြစ်တတ်ပါတယ်။ မျိုးရိုးလည်း လိုက်ပါတယ်။ အဖေရော၊ အမေရော ဒီရောဂါဆိုရင်
ကလေးတွေမှာ ဒီရောဂါဖြစ်ဖို့ ၄၁ ရာခိုင်နှုန်းသေချာပါတယ်။
ထွေထွေပြားပြားရောဂါလက္ခဏာတွေ
များသောအားဖြင့်
နီနီရဲရဲအကွက် ထူထူတွေပါ။ ယားတာများပါတယ်။ ကုတ်လိုက်ရင် အဖြူရောင်အကြေးခွံတွေ ဖွေးခနဲ
ကွာကျတာက ဒီရောဂါရဲ့ ထူးခြားချက်ပါ။ အရိုးအဆစ်တွေပေါ်မှာ ဘယ်ညာအချိုးညီစွာ တွေ့ရသလို
ခန္ဓာကိုယ်အနှံ့လည်း ဖြစ်နိုင်ပါတယ်။ ခြေဆုံးခေါင်းဆုံးဆိုပါတော့။ ခေါင်းမှာ ဖြစ်ရင်
ဦးရေပြားမှာ အနီရောင်ဂျပ်ပြင်ကြီးဖြစ်ပြီး ကုတ်လိုက်ရင် အကြေးခွံတွေ မြင်မကောင်း၊
ရှုမကောင်းကွာကျတာပါ။ သာမန်တွေ့နေကျ ဗောက်ဖတ်ထက် များလည်းများ၊ ကြီးလည်းကြီးပါတယ်။ အရေပြားတင်
မဟုတ်ပါဘူး။ လက်သည်းခြေသည်းတွေလည်း အထိနာတတ်ပါတယ်။ တွန့်တာ၊ ကျိုးတာ၊ အရောင်ပြောင်းတာ
စုံနေတာပါ။ လက်သည်းပွေးနဲ့တောင် မှားတတ်ပါတယ်။ လက်ဆစ်၊ ခြေဆစ်တွေလည်း ကိုက်ခဲတတ်တာမို့
လေးဖက်နာရောဂါတစ်မျိုးလို့လည်း ခေါ်လို့ ရပါတယ်။
ဘဝလက်တွဲဖော်
ခေတ်မီဆေးဝါးတွေ
ပေါ်ပေမယ့် ဒီရောဂါကို ဒီနေ့ထိ ယူပစ်သလို အမြစ်ပြတ်အောင်၊ တစ်နည်းအားဖြင့် နောက်ထပ်လုံးဝ
ပြန်မဖြစ်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။ ပေါ်လိုက်၊ ပျောက်လိုက်၊ ပြန်ထွက်လာလိုက်နဲ့
ဘဝတစ်သက်တာ လုံးချာလိုက်နေတဲ့ ရောဂါပါ။ ဒါကြောင့် ဒီရောဂါကို ဘဝလက်တွဲဖော်
(Lifelong companion) လို့တောင် သမုတ်ကြပါတယ်။ ကံကောင်းတာက အသက်တော့ ရန်မရှာလို့ လူ့သက်တမ်းစေ့တော့
နေလို့ရပါတယ်။ ဒါပေမယ့် စိတ်ညစ်ညူးစရာပါ။ လူမြင်သူမြင်နေရာမှာ ဒီအကွက်တွေ ရှိနေခဲ့ရင်
စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်ရှာကြပါတယ်။ ပျောက်နိုးပျောက်နိုးနဲ့ ဆရာဝန်တွေ
တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြ၊ လိမ်းဆေးတွေ တစ်ခုပြီးတစ်ခု ပြောင်းလိမ်းနဲ့ အချိန်ကုန်တော့တာပါ။
ယားလို့ ကုတ်၊ ကုတ်တော့ ရောဂါက ပြန့်နဲ့ လည်နေတာပါ။ နောက်ပြီး စိတ်ဖိစီးရင်လည်း ဒီရောဂါက
ပိုကြွ၊ ပိုဆိုးတတ်လေတော့ ထိန်းချုပ်ရတာ တစ်ခါတစ်လေ မလွယ်ပါဘူး။ ဒီရောဂါအကြောင်းကိုပဲ
တွေးနေပြီး စိတ်ညစ်၊ စိတ်အားငယ်နေရင် ရောဂါကို ဝပ်သွားအောင် ကုသရတာ ခက်ပြန်ရော။ အရေပြားဆရာဝန်တွေအနေနဲ့
လိမ်းဆေး၊ စားဆေးတွေနဲ့ လိုအပ်သလို ကုတဲ့အပြင် ကာယကံရှင်လူနာကလည်း ရှောင်ရန်၊ ဆောင်ရန်တွေ
လိုက်နာခဲ့ရင်တော့ ရောဂါမပြန့်အောင်၊ အချိန်အတိုင်းအတာတစ်ခုအထိ ပြန်မပေါ်အောင် ထိန်းချုပ်လို့ရပါတယ်။
ကုရာနတ္ထိ ဆေးမရှိတော့ မဟုတ်ရပါဘူး။ ရာသက်ပန်
လုံးဝ ပြန်မပေါ်အောင်သာ မလုပ်နိုင်သေးတာပါ။
Credit : ဒေါက်တာ ကျော်ကျော်