လေးလံသောအရာများ ပိခြင်းကြောင့် ကျိုးကြသော ဒဏ်ရာများ
27-Feb-2017ကြီးမားလေးလံသောအရာများ ပိခြင်းကြောင့် ကျိုးကြေသော၊ ပြင်းထန်သည့်ဒဏ်ရာများ ရရှိခြင်းသည် အဆောက်အဦး ပြိုကျချိန်၌ ပိမိခြင်း၊ သတ္တုမိုင်းတွင်းများ ပြိုကျခြင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်သော ငလျှင်လှုပ်မှုကြောင့် မတော်တဆ ထိခိုက်ခြင်းများကြောင့်ပင်ဖြစ်သည်။ လေးလံသောအရာများ ပိမိခြင်းကြောင့် ကျိုးကြေသွားသော ကြွက်သားအတွက် သွေးပမာဏ များစွာဆုံးရှုံးသွားရသည်။
၁။ ကျိုးကြေသွားသော ဒဏ်ရာများမှ ဖော်ပြသော လက္ခဏာများ
• ထိခိုက်မိသော ကြွက်သားနေရာ၌ ကြီးမားစွာ ရောင်ရမ်းခြင်း၊ မန်းရည်ပါသော အဖုများ ထလာခြင်း၊ ဒဏ်ရာနေရာတစ်ဝိုက် အထိမခံနိုင်၊ တင်း၍ နာကျင်ကိုက်ခဲခြင်း၊
• ပိမိသောဒဏ်ရာ ရပြီးနောက်ပိုင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အေးစက်နေခြင်း တစ်ကိုယ်လုံး ဖြူရော်ရော်ဖြစ်လာခြင်း၊
• ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ ပုံမှန် အလုပ်မလုပ်နိုင်ခြင်းကြောင့် သွေးလည်ပတ်မှု စနစ်လည်း လျော့ကျလာခြင်း၊ တစ်ခါတစ်ရံ shock ဖြစ်ခြင်းတို့ပင်ဖြစ်သည်။
ရှေးဦး သူနာပြုပေးရမည့်သူ အနေဖြင့် ဒဏ်ရာရသူက အချိန်မည်မျှကြာကြာ ပိမိခဲ့ရသည်ကို သိရှိရမည် ဖြစ်သည်။ အပိခံခဲ့ရသည့်အချိန် အနည်းအများအပေါ် မူတည်၍ ခံစားရသည့် ဒဏ်ရာ အခြေအနေလည်း ကွာခြားသွားမည်ဖြစ်သည်။ အပိခံရသောအချိန် တစ်နာရီထက် လျော့နည်းပါက အောက်ပါအတိုင်း ရှေးဦးသူနာပြုပါ။
၁။ ဒဏ်ရာရသူအပေါ် ပိနေသောအရာများအား အမြန်ဆုံး ဖယ်ရှားပေးပါ။
၂။ သင် တစ်ဦးတည်း ဖြစ်နေပါက အခြားတစ်ဦးကို အကူအညီတောင်းပါ။
၃။ လူနာတင်ကား အမြန်ဆုံး ခေါ်ယူပါ။
၄။ ပိနေသော ဒဏ်ရာအား စစ်ဆေးပါ။
၅။ အသက်ရှုခြင်းနှင့် သွေးခုန်နှုန်း အခြေအနေများကို စစ်ဆေးပါ။
၆။ ခန္ဓာကိုယ်ပြင်ပမှ ဒဏ်ရာကြောင့် ထွက်လာသော သွေးများရှိပါက သွေးတိတ်အောင် လုပ်ပေးပါ။
၇။ shock ဖြစ်နေပါက အမြန်ဆုံး သတိရအောင် လုပ်ပေးပါ။
၈။ ပိမိခံရသည့်အချိန် မည်မျှကြာသည်နှင့် ဖယ်ရှားပြီးသည့်အချိန်၌ လူနာ၏အခြေအနေ မည်သို့ရှိသည်ကို ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများအား ပြောပြပေးပါ။
၁၀။ ပိမိနေသောလူနာအား အတတ်နိုင်ဆုံး နေရာ မရွေ့ပါနှင့်။
၂။ ပိမိနေသည့်အချိန် တစ်နာရီထက် ကျော်လွန်ပါက အောက်ပါအတိုင်း ပြုလုပ်ပါ။
၁။ ပိနေသောအရာများအား ဖယ်ရှားပါ။
၂။ အရေးပေါ်ဌာနအား အကြောင်းကြားပြီး ဖြစ်စဉ်အား ပြောပြပေးပါ။
၃။ လူနာ ဆေးရုံမရောက်မီ အခြေအနေမှန်ကို မှတ်တမ်းတင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဦးသိန်းအောင်လှိုင် (ဆေးပညာ)
ရှေးဦးသူနာပြုစုနည်း စာအုပ်မှကောက်နုတ်ထားပါသည်။