နှာခေါင်းသွေးလျှံခြင်း
27-Feb-2017နှခေါင်းသွေးလျှံခြင်းဆိုတာဟာ နှာရောင် Nostrils တစ်လျှောက်မှ သွေးတွေစီး ကျလာခြင်းကို ဆိုလိုသည်။ နှာခေါင်းသွေးလျှံခြင်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ အရှေ့ပိုင်း Anterior လို့ ခေါ်ပြီး သူကတော့အဖြစ်များပါတယ်။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း Posterior လို့ခေါ်ပါတယ်။ သူကတော့ အဖြစ်နည်းလေ့ရှိပြီး ဆေးကုသမှု လိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အလွန်ဆိုးရွားပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်း မျက်ရည်လမ်းကြောင်း Nasolacrimal Duct မှ ထွက်ရှိလာပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ သန်း သေဆုံးမှုမှာ လေးယောက်သာလျှင် တွေ့ရပါတယ်။
ဘာကြောင့်လူတွေ နှာခေါင်းသွေးလျှံခြင်း ခံစားရသလဲ
နှာခေါင်းဆိုတာဟာ ခနွာကိုယ်မှာ သွေးကြောတွေ လွန်စွာရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းကို နည်းနည်းလေးဖြစ်ဖြစ် ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် Nasal Injury ရပြီး သွေးထွက်နို်င်ပါတယ်။ အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ်၊ အက်ကွဲနေမယ် ဆိုရင် ထိခိုက်မိပြီး တစ်ပြိုင်နက် ရုတ်တရက်ချက်ချင်း သွေးထွက်သွားနိုင်ပါတယ်။ ခြောက်သွေ့ပူပြင်း တဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်းရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့ နေမယ်၊ ပူနွေးနေမယ် ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin, Aspirin နဲ့ အခြားအရောင် ကျဆေးတွေကို သောက်သုံးနေတဲ့ လူတွေက ပိုပြီးအဖြစ်များလေ့ရှိပါတယ်။
အဲဒီလို အခြေအနေမှာ နည်းနည်းလေး ထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ် လာနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ဆောင်းရာသီတွေမှာ ပိုများပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်နေတဲ့အခြေအနေမှာ (Respiratory Tract Infections) ပိုအဖြစ်များပါတယ်။ တစ်ခါတစ်ရံမှာလည်း အပြင်ဘက်အေး တဲ့ နေရာကနေ အိမ်အတွင်းပိုင်း ပူနွေးခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ဝင်ရောက်လာတဲ့ အခြေအနေမှာ နှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ်။
နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ -
• ပိုးဝင်ခြင်း၊
• ကိုယ့်ဘာသာ နှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း၊
• ယားယံခြင်းနှင့် ယားယံခြင်းမရှိသော နှာမွှန်ခြင်း၊ နှာရည်ယိုခြင်း၊
• သွေးပေါင်ချိန်များခြင်း (High blood pressure)
• သွေးကိုကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း (Aspirin, Warfarin, etc..)၊
• အရက် အလွန်အကျွံသောက်သုံးခြင်း၊
• တခြားရှားပါးတဲ့အချက်တွေကတော့ ကင်ဆာအကျိတ်တွေ (Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေပဲ ဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံရင် ဘာလုပ်ရမလဲ
နှာခေါင်းသွေးယိုပြီဆိုရင် အရင်ဆုံး ပြုလုပ်ရမှာက စိတ်မလှုပ်ရှားပါနှင့်။ စိတ်ငြိမ်ငြိမ်ထားပါ။ တချို့နှာခေါင်းသွေးယိုခြင်းဟာ တကယ်ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ်။နှာခေါင်းသွေးယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ်။ အကယ်၍ သင်နှာခေါင်းသွေးယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ။ ပြီးရင် ရှေ့ဘက်ကို ခနွာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ။ သင့်ရဲ့ ဦးနှောက်ဟာ သင့်နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲ ဝင်မယ့်အစား နှာခေါင်းထဲက ထွက်သွားစေပါတယ်။ အကယ်၍ သင့်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာသွေးတွေကို မျိုချမိမှာပါပဲ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ဝမ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။
သင့်ရဲ့လက်မနှင့် လက်ညှိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲ က သွေးတွေကို ဖြည်းညင်းစွာ ညစ်ထုတ်ပါ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနှင့်မာကျောပြီး အရိုးပုံစံရှိတဲ့ နေရာကြားထဲမှာပါပဲ။ သင့်မှာနှာခေါင်း ကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ။ အနည်းဆုံး ငါးမိနစ်လောက်ပေါ့။
သွေးတွေ ဆက်ထွက်နေတုန်းပဲဆိုရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ။ ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ်။ သွေးထွက်တာ ရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက်စေမည့် အပြုအမူများကို ရှောင်ပါ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း၊ အရှေ့ဘက်ကို ခနွာကိုယ်ကို ဆက်ယိုင်နေခြင်းတို့ပဲ ဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံခြင်း ထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ
၁။ အိမ်သို့ပြန်ပြီး အနားယူပါ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ။
၂။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့။
၃။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကို ဟထားပါ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေ မထွက်ဘဲ ပါးစပ်ကနေ ထွက်သွားမှာဖြစ်ပါတယ်။
၄။ ဝမ်းချုပ်မခံပါနှင့် (ဝမ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ဝမ်းဗိုက်အတွင်း ဖိအား (Intra-abdominal pressure) တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ။)
၅။ သင့်ရဲ့ ဦးနှောက်ကို နှလုံးရဲ့အထက်မှာ ရှိနေပါစေ။
၆။ ဆေးလိပ် လုံးဝမသောက်ပါနှင့်။
၇။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေ မသောက်ပါနှင့်။ အေးသောပျော့သော အစာများသာ စားပါ။
၈။ Aspirin, Ibuprofen, Clopidogrel Bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ရပ်သင့်မရပ်သင့် အကြံဉာဏ်တောင်းပါ။
၉။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo – Synephrine ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ်။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေ တက်နေရင်တော့ မသုံးသင့်ပါဘူး။
၁၀။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်နဲ့ ကုသမှုကို စနစ်တကျခံယူပါ လို့ ပြောချင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သက်တန့်ချို
Health for all magazine, March 2016, Pg. 109