Ruptured Eardrum (နားစည်ပေါက်ပြဲခြင်း)
27-Feb-2017အကျဉ်းချုပ်
နားစည်ပေါက်ပြဲခြင်းသည် ဆေးပညာသဘောတရားအရ နား၏အတွင်းပိုင်းနှင့် အပြင်နားပြွန်ချောင်းတို့ကို ပိုင်းခြားပေးသော ပါးလွှာသော တစ်သျှူးလွှာ ပေါက်ပြဲပျက်စီးခြင်းဖြစ်သည်။ ထိုသို့ပေါက်ပြဲလျှင် အကြားအာရုံထိခိုက်ပျက်စီးနိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများအနေနှင့်
• နားနာကျင်ခြင်း
• နားအတွင်းမှသွေး (သို့) ပြည်များ အပြင်သို့ထွက်လာခြင်း
• အကြားအာရုံချို့ယွင်းလာခြင်း
• နားအူခြင်း၊ ခေါင်းချာချာလည်အောင် မူးနေခြင်း
• ခေါင်းမူးခြင်းကြောင့် ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်နိုင်သည်။
ဖြစ်ရသောအကြောင်းအရင်း
• အတွင်းနား (Middle ear) ပိုးဝင်ခြင်း (Otitis media) --- နား၏အတွင်းပိုင်း ပိုးဝင်သောအခါ ထိုနေရာတွင် ပြည်များ တည်လာသည်။ ထိုပြည်အရည်များ၏ ဖိအားကြောင့် နားစည်ပေါက်ပြဲ ပျက်စီးနိုင်သည်။
• Baro trauma (လေဖိအား မညီမျှမှုကြောင့်) နားစည်ပေါက်ရခြင်း အတွင်းနားတွင်ရှိသော လေဖိအားနှင့် အပြင်ဖက်တွင်ရှိသော လေဖိအား မတူညီသောအခါ ဖြစ်ပွားလေ့ရှိသည်။ ဥပမာ - လေယာဉ်ပျံစီးခြင်း၊ စကူဘာရေငုပ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။
• အသံဖိအားကြောင့် နားစည်ပျက်စီးခြင်း အသံကျယ်များ၊ ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲသံများသည် နားအတွင်းရှိ နားစည်ကိုထိခိုက်ကာ ပေါက်ပြဲစေနိုင်သည်။
• ပြင်ပမှ အရာဝတ္ထုများကြောင့် နားစည်ပေါက်ပြဲခြင်း၊ ဥပမာ - ဂွမ်းလုံးတံ၊ နားဖာချေးတံ၊ ဆံညှပ်ကလစ်များ အသုံးပြု ခြင်းကြောင့် နားစည်ကို ထိခိုက်ပေါက်ပြဲစေသည်။
• ဦးခေါင်းကိုထိခိုက်မိခြင်းကြောင့်လည်း နားစည်ပေါက်ပြဲနိုင်သည်။
နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ
• နားအကြားအာရုံချို့ယွင်းခြင်း
• နားအတွင်းတွင် ပြည်တည်ခြင်း
• နားအတွင်းတွင် အရည်အိတ်တည်ခြင်းတို့ ဖြစ်ပွားနိုင်သည်။
စစ်ဆေးမှုများ
• နားအတွင်း နားစစ်ဆေးကိရိယာဖြင့် ဆရာဝန်မှ စစ်ဆေးခြင်း
• သွေးဖောက်စစ်ခြင်း
• နားအကြားအာရုံခံနှုန်းကို စစ်ဆေးခြင်း
ဆရာဝန်နှင့် သွားရောက်ပြသရမည့် အခြေအနေ
အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများ ခံစားနေရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသတိုင်ပင် ဆွေးနွေးသင့်သည်။ သို့မှသာ နားအကြားအာရုံထာဝရ ချို့ယွင်းသွားခြင်းကို ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။
ကုသခြင်း
• ပိုးသတ်ဆေးများဖြင့် ကုသခြင်း
• နားစည်ကိုပြန်လည် ဖာထေးခြင်း
• နားစည်ကိုခွဲစိတ်ကုသ၍ပြန်လည် ဖာထေးချုပ်ပေးခြင်း တို့ကို နားစည်ထိခိုက်မိသော အခြေအနေပေါ် မူတည်၍ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်က ဆုံးဖြတ်ကုသပေးနိုင်သည်။
ကာကွယ်ခြင်း
• နားအတွင်းပိုးဝင်ခြင်းကို စောလျင်စွာကုသပါ။
• လေယာဉ်စီးနှင်လျှင် နားအဖုံး (ear plug) ဝတ်ဆင်ပါ။ လေယာဉ်အတက်အဆင်းတွင် (Valsalva maneuver) နားအတွင်းမှ လေမှုတ်ထုတ်ခြင်းကို ဆောင်ရွက်ပါ။
• နားအတွင်းသို့ ပြင်ပမှအရာဝတ္ထုများထည့်ခြင်းကို ရှောင်ကျဉ်ပါ။
• ပြင်းထန်သောအသံကျယ်များ နားထောင်ခြင်းမှ ရှောင်ကြဉ်ပါ။ အလုပ်တွင် နားအကာအကွယ် တပ်ဆင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Dr. Arkar