ပါရာဆက်တမော အဆိပ်သင့်ခြင်း
26-Oct-2017
ပါရာဆက်တမော (paracetamol or Acetaminsphen) ဆေးမှာ အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများတွင် သီးသန့်တစ်မျိုးလည်းဖြစ်စေ၊ အခြားဆေးများနှင့် တွဲစပ်၍ဖြစ်စေပါသည်။ နာကျင်ကိုက်ခဲမှုဝေဒနာများကို သက်သာပျောက် ကင်းစေရန် သုံးစွဲလေ့ရှိကြသည်။ ပါရာဆက်တမော အဆိပ်သင့်မှုကို ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ၁၄၀ မီလီဂရမ်ထက်ပိုသော ပမာဏကို သုံးစွဲမှီဝဲမိလျှင် ရုတ်တရက် ချက်ချင်းဖြစ်ပေါ်နိုင်သည်။ ၆၀ ကီလိုဂရမ် ခန္ဓာကိုယ်အလေးချိန် ရှိသူအဖို့ ၈၄၀၀ မီလီဂရမ်ပါသဖြင့် ဆေးလုံးအရေအတွက် ၁၆ လုံးခန့်နဲ့ ညီမျှသည်။ ပါရာဆက်တမောဆေးကို အလွယ်တကူ ဝယ်ယူရရှိနိုင်ကြသဖြင့် သေကြောင်းကြံစည်သူ တချို့သည် ပါဆက်တမောကို အသုံးပြုတတ်ကြသည်။
ဆေးသောက်ပြီး မကြာမီမှာပင် လူနာသည် ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်လာပြီး အန်လေ့ရှိသည်။ ၂၄ နာရီမှ ၄၈ နာရီကြာသည်အထိ အခြားလက္ခဏာများ မဖြစ်ပေါ်သေးဘဲ ရှိတတ်သည်။ အသည်း၏ ဇီဝဓာတ်ကူပစ္စည်း (Transaminaso) ပမာဏသွေး၌ မြင့်တက်လာသည်။ အသည်းကလာပ်စည်းများ ပျက်ယွင်းသေဆုံးသွားပြီး အသားဝါခြင်း၊ သတိမေ့မြောခြင်း၊ ကျောက်ကပ်လုပ်ငန်းပျက်ယွင်းခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။
လူနာအား အန်စေခြင်း သို့မဟုတ် အစာအိမ်ဆေးကြောပစ်ခြင်းဖြင့် ပါရာဆက်တမောဆေးများကို အစာအိမ်မှ ဖယ်ထုတ်ပစ်ရမည်။ Activated charcoal ပေးနိုင်သည်။ ဆေးသောက်ပြီး ၃ နာရီ၊ ၄ နာရီကြာမြင့်ပြီးမှ လူနာအားတွေ့ ရှိခြင်းဖြစ်လျှင် အစာအိမ်ဆေးခြင်း သို့မဟုတ် လူနာအား အန်အောင်ပြုလုပ်ခြင်းသည် အကျိုးမရှိတော့သဖြင့် မလုပ်ဆောင် သင့်တော့ပါ။ ဖြေဆေးသောက်ဆေး (Acetyleysteine) ပေးနိုင်သည်။ အသည်းထိခိုက်မှုမရှိစေရန် အထောက်အပ့ံ ဖြစ်စေမည့်ကုသမှုများ ဆောင်ရွက်သွားရန် လိုအပ်သည်။
သွေး၌ ပါရာဆက်တမောပါဝင်မှု မြင့်တက်နေလျှင် ဖြေဆေး (Acetyleysteine) ကို ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ၁၄၀ မီလီဂရမ် တိုက်ကျွေးရမည်။ ဆေးပမာဏကို တစ်ဝက်လျှော့၍ လေးနာရီတစ်ကြိမ် ဆက်လက်တိုက်ကျွေးရပါမည်။ ၁၇ ကြိမ်ထိ တိုက်ကျွေးနိုင်သည်။ သွေး၌ပါရာဆက်တမော လုံးဝမရှိတော့သည်အထိ ပေးရန်လိုအပ်သည်။လူနာအား ပါရာဆက်တမောသောက်ပြီး ၈ နာရီအတွင်း ဖြေဆေးပေးနိုင်လျှင် ထိရောက်မှုကောင်းမွန်ကြောင်း တွေ့ရသည်။ အကယ်၍ ၁၆ နာရီကျော်သွားလျှင် အကျိုးသက်ရောက်မှု နည်းသွားနိုင်သည်။ ကနေဒါနှင့် ဥရောပနိုင်ငံများတွင် ဖြေဆေး (Acetyleysteine) က အကြောမှ ပေးသွင်းလေ့ရှိသည်။
Credit: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
