အပူရှပ်ခြင်း (Heat stroke) ဆိုတာ ဘယ်လိုမျိုးကို ပြောတာပါလဲ ဆရာ။
01-Jan-1970Heat Stroke ဆိုတာ အပူချိန်အပြင်းအထန် ခံစားရတဲ့အခါမှာ အသက်အန္တရာယ်အရှိဆုံး အရေးအကြီးဆုံးဖြစ်ပါတယ်။ Heat Stroke ဆိုတာကို မြန်မာလိုတော့ အပူရှပ်ခြင်းလို့သုံးကြတယ်။ အမှန်တကယ်ကတော့ အပူချိန်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထိခိုက်ပြီးတော့ ကယောင်ကတမ်းဖြစ်တဲ့ အခြေအနေမျိုးပေါ့။ ခန္ဓာကိုယ်ထဲက အပူချိန်ကို ထိန်းညှိတဲ့ (sweating mechanism) က ပျက်သွားတယ်။ ဘာလို့ပျက်ရတာလဲဆိုတော့ ကိုယ်တွင်းအပူဓာတ်များလာရင် ခန္ဓာကိုယ်က ရေငွေ့တွေ၊ ချွေးတွေအနေနဲ့ထွက်ပေးပြီးတော့ ခန္ဓာကိုယ်အပူချိန် ချရတယ်။ အပူချိန်ချဖို့အတွက် ထွက်စရာရေဓာတ်က မရှိတော့ဘူး။ ခန်းခြောက်သွားတယ်။ ဆိုလိုတာက ခန္ဓာကိုယ်အပူချိန်က ၁၀၅ ဒီဂရီဖာရင်ဟိုက်ထက်ကျော်တဲ့အခါ အပြောအဆိုတွေက ပုံမမှန်ဘူး။ နှလုံးကြွက်သားတွေ ထိခိုက်ပြီးတော့ ပျက်စီးမယ်။ အဲဒီက ထွက်လာတဲ့ဓာတ်တွေကြောင့် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်။
နှစ်နာရီထက်ကျော်ပြီးတော့ အပူချိန်ကို မချပေးနိုင်ဘူးဆိုရင် အသက်အန္တရာယ်ရှိတယ်။ နောက်ပိုင်းမှာ နှလုံးရပ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဒါဟာ တစ်နှစ်အောက်ကလေးတွေ အသက် ၆၀ နဲ့အထက် အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါတွေဖြစ်တဲ့ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါစသဖြင့် ရှိသူတွေ၊ နေပူထဲမှာ ကိုယ်လက်လှုပ်ရှားလုပ်မယ့် အားကစားသမားတွေ၊ နေရောင်ခြည်အောက်မှာ အလုပ်လုပ်နေရတဲ့သူတွေ၊ နေပူထဲမှာကားရပ်ထားပြီး ကားထဲမှာအဲကွန်းမဖွင့်ဘဲ ဒီအတိုင်း ထိုင်နေရတဲ့သူတွေ၊ အရက်သောက်သုံးတဲ့သူတွေ၊ နောက်တချို့ ဆေးဝါးတွေသောက်သုံးနေရတဲ့သူတွေမှာ ရေဓာတ်တွေ ခန်းခြောက်ပြီးတော့ အပူချိန်မြင့်မားမှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။
ရှေးပြေးလက္ခဏာအနေနဲ့ကတော့ အပူချိန်များမယ်၊ ချွေးထွက်မယ်၊ ချွေးထွက်တဲ့အခါမှာ အာခြောက်မယ်။ ရေငတ်မယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေခန်းခြောက်၊ သွေးခုန်နှုန်းမြန်နေတာတို့၊ အသက်ရှူနှုန်းမြန်နေတာ၊ ပူချစ်နေတာမျိုးတွေ တွေ့ရမယ်။ Health Stroke ရပြီးဆိုရင် Medical Emergency ဖြစ်တဲ့အတွက်ကြောင့် ဆရာဝန်တွေ သာမကဘူး။ သာမန်လူတွေအနေနဲ့လည်း ရှေးဦးသူနာပြုစုစောင့်ရှောက်နည်းဆိုတာ ရှိပါတယ်။ အကောင်းဆုံးကတော့ ရေစိုဝတ်နဲ့ သူ့ကိုပတ်ပြီးတော့ အပူချိန်ကျဆင်းအောင် လုပ်ပေးရမယ်။ နောက်တစ်နည်းကတော့ ရေခဲဖတ်ကိုလဲပေးရမယ်။
ဘာလို့ အဲဒီနေရာတွေမှာ တင်ရလည်းဆိုတော့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေက ဒီအရေပြားနဲ့ နီးကပ်စွာတည်ရှိနေတဲ့အတွက် ခန္ဓာကိုယ်အတွင်းထဲကို ပူတာလျော့တဲ့သွေးတွေ တဖြည်းဖြည်းအတွင်းထဲရောက်ပြီး အတွင်းထဲကနေတစ်ဆင့် ခန္ဓာကိုယ်အပူချိန်ကိုကျဆင်းအောင် လုပ်ပေးတဲ့နည်းလမ်းဖြစ်တဲ့အတွက်ကြောင့် လုပ်ပေးရမယ်။ ခန္ဓာကိုယ်အပူချိန် တအားမြင့်မားနေတဲ့ လူတစ်ယောက်အတွက်ကို လျင်လျင်မြန်မြန် အပူကျဆင်းဖို့ အကောင်းဆုံးနည်းကတော့ ရေခဲဇလုံထဲမှာ ရေစိမ်ခိုင်းတာပဲ။ ရေခဲနဲ့ ရေထည့်ထားတဲ့ကန်ထဲမှာ ဝင်စိမ်ပြီး မြန်မြန်လေးအေးအောင် (Cool down) လုပ်ရတယ်။ Cool down လုပ်တဲ့အခါမှာ တစ်ခုသိထားရမှာက အပူချိန် ၁၀၅ ကျော်မှာရှိနေတဲ့သူကို အပူချိန် ၁၀၀၊ ၁၀၁ လောက်အထိ ကျအောင်လုပ်ပြီးရင် အဲဒီနေရာကနေ ဖယ်ပြီး ခြောက်ခြောက်သွေ့သွေ့ဖြစ်အောင်ထားပြီး ပတ်ဝန်းကျင် အပူချိန်ပြောင်းတဲ့နည်းနဲ့ပဲ ဆက်ပြီးအေးအောင်လုပ်ရမယ်။
သွေးတိုးကျဆေး၊ ဆီးဆေး၊ အလက်ဂျစ်ထွက်ရင်သောက်ရတဲ့ ဘာမီတွန်လိုဆေးမျိုးအုပ်စု၊ သွေးပေါင်ကျဆေးအုပ်စု၊ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့အခါကျတော့ ချွေးထွက်တဲ့စနစ် (Sweating mechanism) ပျက်နိုင်တဲ့အတွက် အဲဒီဆေးတွေက Heat Stroke ကို ပိုပြီးဖြစ်စေနိုင်တယ်။ နေပူထဲမှာ အလုပ်လုပ်တဲ့သူတွေက ဦးထုပ်ဆောင်း၊ ထီးဆောင်းပြီး ထွက်ရမယ်။ အင်္ကျ ီအဝတ်အစားပွပွနဲ့ အရောင်ဖျော့တာကိုဝတ်ရမယ်။ ကျပ်ကျပ်ထုပ်ထုပ်နဲ့ အရောင်မဲမဲဆိုရင် အပူတွေကို စုပ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အပူချိန်မြင့်မားလာတာတွေ ဖြစ်တယ်။ နေပူထဲအလုပ်လုပ်တဲ့သူတွေ တစ်နာရီလုပ်ရင် ၁၅ မိနစ်နားပြီး ရေဓာတ်ရော၊ ဓာတ်ဆားဓာတ်ရော ပြန်ဖြည့်ရမယ်။ ရေဓာတ်ကို ဖြည့်တဲ့နေရာမှာ ရိုးရိုးရေဓာတ်ဆားရည်ကို သောက်ပေးတာက အကောင်းဆုံးပါပဲ။ ရှောင်သင့်တဲ့အရည်ထဲမှာတော့ အရက်၊ ဘီယာ၊ ကော်ဖီ၊ လက်ဖက်ရည်တွေကိုတော့ လုံးဝမသောက်သုံးသင့်ပါဘူး။
အဲဒါတွေက ခန္ဓာကိုယ်ရေဓာတ် ဆုံးရှုံးမှုများစေတဲ့အတွက်ကြောင့် အဲဒါတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ ကော်ဖီမှာ ကဖင်းဓာတ်ပါတဲ့အတွက် ဆီးပိုသွားစေတယ်။ ရေဓာတ်ကိုခန်းခြောက်စေတယ်။ နေရိပ်ထဲမှာနေတဲ့သူက ကော်ဖီသောက်ရင် ပြဿနာသိပ်မရှိဘူး။ ရေနိုင်နိုင်ပြန်ဖြည့်နိုင်ရင်ရတယ်။ နေပူထဲမှာလုပ်တဲ့သူတွေက အဓိကပေါ့။ ပူတဲ့ရာသီမှာ အပြင်မထွက်နိုင်ဖို့ သတ်မှတ်ထားတာကတော့ မနက် ၁၀ နာရီကနေ ညနေလေးနာရီပေါ့။ ကိုယ့်နိုင်ငံရဲ့ တည်နေရာပေါ်ကိုမူတည်ပြီး သတ်မှတ်လေ့ရှိတယ်။ ထွက်ရင်လည်း အကာအကွယ်နဲ့ထွက်ရမယ် အရေပြားကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် Sun Screen လိမ်းပြီးမှ ထွက်သင့်တယ်ဆိုပြီး အကြံပြုထားတာတွေရှိတယ်။
Credit: ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)