အတက်ကြီးတက်၍ အခက်ကြီးခက်ရပါသည်
12-Mar-2019
အတက်ကြီးရောဂါ
စင်စစ်
ထိုရောဂါကို ဝက်ရူးပြန်ရောဂါ ဟုမခေါ်ဆိုသင့်ပါ။ ကာယကံရှင်နှင့် သူ၏ မိသားစုအားငယ်စေမည့်
အမည်နာမကို မခေါ်ဆိုသင့်ပါ။ “အတက်ကြီး ရောဂါ (Epilepsy)” ဟူ၍သာခေါ်ဆိုသင့်ပါသည်။ အတက်ရောဂါအုပ်စုတွင်
အတက်ကြီးရောဂါလည်း ပါဝင်သကဲ့သို့ ၊ အခြားအတက် ရောဂါများလည်း ပါဝင်နေပါသည်။
တောင့်၍ကျုံ့၍
အသက်တစ်နှစ်အောက်
လသားကလေးငယ်များတွင် ဆတ်ခနဲ ဆတ်ခနဲ ကျုံ့လိုက် တောင့်လိုက် အကြိမ်ပေါင်းများစွာဖြစ်သော
အတက်ရောဂါ (Infantile Spasms)သည် ကလေးငယ် အသက်သုံးလခန့်မှ စတင်ဖြစ်ပေါ်လာနိုင်ပြီး၊
အသက်နှစ်နှစ် နှင့် လေးနှစ်အရွယ်အတွင်း ပျောက်ကင်းသွားနိုင်သည်။ ဤရောဂါ ဖြစ်နှုန်း နည်းပါးသော်လည်း၊
ရောဂါဖြစ်သော ကလေးသည် ဦးနှောက် ဖွံ့ဖြိုးမှု ထိခိုက်တတ်သဖြင့်၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
ရပ်တန့်သွားတတ်ပါသည်။
ကွေးလိုက်ဆန့်လိုက်
ဆယ်ကျော်သက်အရွယ်မှစ၍
ဖြစ်တတ်သော အတက်ရောဂါမှာမှုကား အထူးသဖြင့် ကိုယ်အထက်ပိုင်းရုတ်တရက် အလျင်အမြန် ကွေးလိုက်ဆန့်လိုက်
အကြိမ်ကြိမ် ပြုလုပ်ခြင်း (Juvenile Myoclonic Epilepsy) ပင် ဖြစ်ပါသည်။ အထူးသဖြင့်
နံနက်ပိုင်းတွင် အဖြစ်များတတ်ပါသည်။ အသက်ကြီးသည်အထိ ရောဂါမပျောက်တော့ဘဲ ရံဖန်ရံခါ အတက်ကြီး
ရောဂါအဖြစ်သို့ ကူးပြောင်းသွားတတ်ပါသည်။
တကယ့်အတက်ကြီး
အတက်ကြီးရောဂါ (Grand mal epilepsy) ဆိုသည်မှာ ကလေးသည်
သူတက်တော့မည်ဟု အချက်ပြသော ခံစားချက် တစ်ခုအမြဲရှိတတ်သည်။ ဥပမာ- အလင်းရောင်များ မြင်လာခြင်း၊
အသံတစ်ခုခု ကြားရခြင်း စသည်တို့ ဖြစ်ပေါ်လာပြီးလျှင် တစ်ကိုယ်လုံး တောင့်လာကာ ကော့၍
မျက်ဖြူလန်ပြီး ခြေလက်များ ကွေးလိုက် ဆန့်လိုက် ဆတ်ခနဲ ဆတ်ခနဲ ဖြစ်လာသည်။တစ်ခါဖြစ်လျှင်
စက္ကန့်ပိုင်းမှ မိနစ်အနည်းငယ်အထိ ကြာတတ်ပါသည်၊ ရံဖန်ရံခါ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ
ဖြစ်တတ်ပြီး ရံဖန်ရံခါ တစ်လတွင်မှ နှစ်ကြိမ်ခန့်သာ ဖြစ်တတ်ပါသည်။ ဆေးတိုက်၍ ထိန်းပါလျှင်
လပေါင်းများစွာ အတက်ကင်းတတ်ပါသည်။
ဘာကြောင့်ဖြစ်သလဲ
အတက်ကြီးရောဂါသည်
မျိုးရိုးလိုက်သည် ဟူ၍လည်း ဆိုကြသည်။ ရှေ့၌ဖော်ပြခဲ့သော အတက်ရောဂါ အချို့သည်လည်း နောက်ပိုင်း အတက်ကြီးရောဂါ
ဖြစ်လာတတ်သည်။ ငယ်စဉ်က ဦးနှောက်တွင် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးဖူးလျှင်လည်း ကြီးလာလျှင်
အတက်ကြီးရောဂါ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
Credit
: ဒေါက်တာယုဇနမြင့်
(ကလေးအထူးကုဆရာဝန်ကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
