Print

ဆေးမတည့်သည့်အခါ

  24-Feb-2017
Preview Image

ဆေးနဲ့မကင်းနိုင်တော့ လူတွေအသက်ရှင်ကျန်းမာရေး၊ ရောဂါဘယတွေ ကာကွယ်ကုသရေးအတွက် ဆေးဆိုတာ မရှိလို့မှ မဖြစ်တာ၊ ရောဂါအခြေအနေ၊ ကျန်းမာရေးအခြေအနေအရ အနောက်တိုင်းဆေး ဂအင်္ဂလိပ်ဆေး) ဒါမှမဟုတ် တိုင်းရင်းဆေးတွေကို သုံးနေကြပါတယ်။ လိမ်းဆေးတွေ၊ သောက်ဆေးတွေ၊ ထိုးဆေးတွေအားလုံးဟာ အခန့်မသင့်ရင် ဓာတ်မတည့်မှု ဖြစ်စေနိုင်တာချည်းပါ။ ဒီတော့ ဆေးဝါးတွေနဲ့ မကင်းကြတဲ့ လူသားတွေမှာ ဆေးမတည့်ဘူးဆိုတဲ့ ကိစ္စကြုံရတာဟာ အဆန်းတော့မဟုတ်ပါဘူး။

 

အင်္ဂလန်နိုင်ငံမှာ ဆေးရုံတက်နေတဲ့ လူနာတွေရဲ့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိဆေးနဲ့မတည့်တဲ့ ပြဿနာကြုံနေရပါတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံး ဆေးတွေကတော့ အကိုက်အခဲပျောက်ဆေးတွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ အတက်ကျဆေးတွေပါ။ အဲဒီဆေးတွေ သုံးစွဲသူ တစ်ရာမှာ တစ်ယောက်ကနေ ငါးယောက်အထိ ဆေးမတည့်တာမျိုးတွေ တွေ့နေရတယ်လို့ သုတေသီတွေက ထောက်ပြကြပါတယ်။ ဆရာဝန်လက်မှတ်မလိုဘဲ ဝယ်ယူသုံးစွဲလို့ရတဲ့ OTC (Over the Counter)ဆေးတွေရော၊ ဆရာဝန်လက်မှတ်ပါမှ ဆေးဆိုင်ကရောင်းချရတဲ့ POM (Prescription only Medicine) ဆေးတွေရော၊ တိုင်းရင်းဆေးတွေရော ဓာတ်မတည့်မှု အန္တရာယ်က မကင်းနိုင်ပါဘူး။ အခန့်မသင့်ရင် ကြုံရနိုင်တာမို့ သတိထားရမယ့် ကိစ္စလေးပါ။

 

ဘာဆေးတွေမတည့်တာလဲ
တကယ်တော့ အရပ်နားလည်အောင် ဆေးမတည့်ဘူးလို့ ခေါ်ဝေါ်သုံးစွဲနေရပေမယ့် ဆေးနဲ့သုံးစွဲသူ အဆင်မပြေဖြစ်သွားက နှစ်မျိုးနှစ်စား ခွဲလို့ရပါတယ်။ ပထမအမျိုးအစားက ဆေးကို ခန္ဓာကိုယ်က အလွန်အမင်းတုံ့ပြန်လိုက်တာပါ။ ခုခံအားနဲ့ဆိုင်တာပေါ့။ အဲဒါကို Immunological Reaction လို့ ခေါ်ပါတယ်။ ဆေးပမာဏ နည်းနည်းလေးနဲ့ ထိတွေ့ရုံနဲ့ကို ဖြစ်စေတဲ့ ကိစ္စပါ။ သိပ်ပြီး Sensitive ဖြစ်သွားမျိုးပေါ့။ ရှင်းရှင်းပြောရရင် ဟိုက်ပါဆန်စစ်တီဗီတီ (Hypersensitivity) ပါ။ ဆေးမတည့်ရင် အရေပြားမှာဦးစွာလက္ခဏာတွေ ပေါ်ကြတာ များပါတယ်။ မျိုးစုံပါပဲ။

 

အရေပြားမှာ ဘာအကွက်၊ ဘာအဖု၊ ဘာအပြင်မှ မပေါ်ဘဲနဲ့လည်း ယားချင်ယားလာတာမျိုးပါ။ များသောအားဖြင့်တော့ မိတ်လိုလို၊ ဝက်သည်းပေါက်တဲ့အခါ ထွက်လာတဲ့အဖုအပြင်လိုပါပဲ။ ဆေးပညာမှာတော့ Morbilliform Rashes လို့ခေါ်ပါတယ်။ ဝက်သည်းနဲ့ ဆင်တူတဲ့ အဖုအပြင်တွေပေါ့။ အလွန်ယားပါတယ်။ အချို့ကျတော့ အင်ပြင်အကွက်တွေ အစုလိုက်အဝေးလိုက်ပေါ့။ သိပ်ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးမှာတော့ အရေပြားဟာ အတောထိခိုက်ခံရပါတယ်။ အပေါ်ယံအရေခွံတွေ လန်ထွက်သွားတာ၊ အချပ်လိုက် ကွာကျသွားတာ၊ အကြေးခွံတွေ ထွက်လာလို့ စသဖြင့် ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်။ စတီဗင်ဂျွန်ဆင်ရောဂါစု (Stevens-Jonnion Syndrome) ဆိုတဲ့ အလွန်ကြောက်စရာကောင်းတဲ့ ဆိုးကျိုးပါ။ တစ်ကိုယ်လုံးရှိ အရေပြား၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ် စတဲ့ ဒွါရပေါက်တွေတင်မကဘူး၊ အသည်းတို့၊ သွေးတို့ပါ ထိခိုက်ပြီး အသက်ပါရန်ရှာတဲ့ ဆေးမတည့်ခြင်းမျိုးပါ။

 

ကျွန်တော်တို့နိုင်ငံကအထင်ကရ ဆရာဝန်ကြီးတစ်ဦးဟာ ဆာလဖာအုပ်စုဝင်သောက်ဆေးလေးသောက်လိုက်တာနဲ့ အဲဒီစတီဗင်ဂျွန်ဆင် ပြဿနာကြုံပြီး အသက်ဆုံးရှုံးရတဲ့ အဖြစ်ဆိုးရှိခဲ့ဖူးပါတယ်။ တချို့ကျတော့ အရေပြားနဲ့ အရေပြားအောက်မှာ ရောင်ကိုင်းပြီး နှုမ်းခမ်း မျက်ခွံ၊ မျက်နှာ၊ စတဲ့နေရာတွေမှာ ထူအမ်းအမ်းနဲ့ ဖူးရောင်သွားတာမျိုး ကြုံရတတ်ပါတယ်။ Angio-edema လို့ ခေါ်တဲ့ ဆိုးကျိုးပါ။ ဒါ့အပြင်လေမျိုပြွန်တွေမှာ ရောင်ပြီး အသက်ရှူကျပ်လာတာ ကြုံရနိုင်တာမို့ အန္တရာယ်များပါတယ်။ ပြောရရင် အသက်ရှူလမ်းကြောင်း ပိတ်သွားပြီး သေနိုင်ပါတယ်။ တချို့ကတော့ဆေးမတည့်လို့ အရေပြားပေါ် အရည်ကြည်ဖုလေးတွေ မီးလောင်ဖုလို ပေါက်တတ်ပါတယ်။ ပိုးသတ်ဆေးတချို့နဲ့ အကိုက်အခဲပျောက်ဆေး တချို့ဟာ အဲဒီပြဿနာမျိုးဖြစ်တတ်ပါတယ်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာဦးကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Arogyam magazine, July 2014, No.264, Pg. 79-81

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18