အရွယ်တင်နုပျိုခြင်း၏ အကြောင်းရင်းများ
01-Mar-2017အရွယ်တင်နုပျိုခြင်း၏ အကြောင်းရင်းများကို ၁၀ နှစ်ကြာ လေ့လာခဲ့ကြရာတွင်ကိုယ်နှင့်စိတ်၏ ကျန်းမာခြင်း၊ မျိုးရိုးဗီဇလိုက်ခြင်း စသည့်အချက်များသည် အရွယ်တင်ခြင်းနှင့် ဆက်နွှယ်နေကြောင်း အောက်ပါအတိုင်းတွေ့ရပေသည်။
၁။ အရွယ်တင်နုပျိုနေသူတို့သည် သူတို့ဖြတ်သန်းခဲ့ရသော ဘဝခရီး တစ်လျှောက်တွင် အကောင်းမြင်မှု၊ စိတ်ပျော်ရွှင်မှု၊ စိတ်ကူးယဉ်မှုတို့ဖြင့် ကျော်လွန်လေ့ရှိကြပြီး အိမ်ထောင်ရေး၊ ဖိုမဆက်ဆံရေးကိစ္စများတွင် အထူး စိတ်အားထက်သန်ခဲ့ကြသည်။ “ငါအိုပြီ၊ အသက်ကြီးပြီ” ဟူသော အတွေးများကို မေ့ဖျောက်ထားကြသည်။
၂။ အသက်အရွယ်မရွေး လူအမျိုးမျိုးနှင့် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလေ့ရှိကြသည်။
၃။ သားသမီး မယူသူများ ရှိလျှင်လည်း သားသမီး အသင့်အတင့်သာရှိသော မိသားစုကို ဖန်တီးကြသူများ ဖြစ်ကြသည်။
၄။ သွက်လက်စွာ လှုပ်ရှားသွားလာနေလေ့ရှိကြပြီး ကိုယ်လက်လှုပ်ရှားမှု အားကစားပြိုင်ပွဲများနှင့် တောင်တက်ခြင်းကဲ့သို့သော အပြင်းအထန် ကျန်းမာရေး လေ့ကျင့် လှုပ်ရှားမှုများတွင် ပါဝင်နေကြကြောင်း တွေ့ရသည်။
၅။ နှစ်ခြိုက်စွာ အိပ်ပျော်ကြပြီး အိပ်ရာနိုးချိန်တွင် အားအင်ပြည့်ဝ ကောင်းမွန်စွာ သွားလာနေလေ့ ရှိကြသည်။
၆။ ဝဖြိုးခြင်း၊ ပိန်လွန်းခြင်းမရှိဘဲ သင့်တင့်သော ကိုယ်လုံးကိုယ်ပေါက်ရှိကြသည်။
၇။ မကြာခဏ ခရီးသွားခြင်း၊ အပန်းဖြေခရီးထွက်ခြင်း ပြုလေ့ရှိကြသည်။
၈။ အနည်းငယ်လျော့သော (သို့) ပုံမှန်အတိုင်းရှိသော သွေးပေါင်ချိန်ကို ထိန်းထားလေ့ရှိကြသည်။
၉။ စာဖတ်ခြင်းကို ပိုမိုပြုလုပ်ကြပြီး တီဗီကြည့်သည့် အလေ့အထ နည်းပါးကြသည်။ မိမိကျော်ဖြတ်ခဲ့သည့် အတိတ်ကာလ အဖြစ်အပျက်များ အတွေ့အကြုံများကို ပြန်တွေးရင်း ပြုပြင်တည်ဆောက်လေ့ရှိကြသည်။
၁၀။ မိဘများမှာ များသောအားဖြင့် ကျန်းမာသော သက်ကြီးရွယ်အိုများ ဘဝဖြင့် နေထိုင်သွားလာလေ့ရှိကြသည်။
ယင်းတို့အထဲတွင် ၁၀ ရာခိုင်နှုန်းခန့်မှာ သက်သတ်လွတ်စားသူများ ဖြစ်ကြပြီး အများစုမှာ လူမှုရေးအရ အရက်သောက်သုံးလေ့ရှိကြသည်။ ဆေးလိပ် လုံးဝ မသောက်သူများနှင့် ဆေးလိပ်သောက်သူများ၏ အရွယ်တင်ခြင်းဆိုင်ရာ နှိုင်းယှဉ်မှုသည် ၂ဝး၁ ဖြစ်နေပြီး ဆေးလိပ်သောက်ခြင်းသည် အရွယ်မတိုင်မီ လူ့အရေပြားများကို စောစီးစွာ အိုမင်းစေနိုင်ကြောင်းလည်း တွေ့ရသည်။ အထက်ပါ အချက်အလက်များကို လေ့လာခြင်းဖြင့် မျိုးရိုးလိုက်ပြီး အသက်ရှည်နုပျိုခြင်းမှ လွဲ၍ ကျန်အချက်များဖြစ်သော စားသောက်နေထိုင်မှု၊ စိတ်ကျန်းမာမှု စသည်များသည် လူတိုင်းလိုက်နာ ဆောင်ရွက်နိုင်ကြောင်း သိနိုင်သည်။ ထို့ကြောင့် “အရွယ်တင်နုပျိုစေရေး စီမံချက်” (Super young plan) ကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်သင့်သည်။
၁။ ကိုယ်လက်လှုပ်ရှားမှု
ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ပြုရန်မှာ အလွန်အရေးပါသော အချက်အလက်ဖြစ်သည်။ ထိုသို့ ကျန်းမာရေး လိုက်စားခြင်းသည် ခန္ဓာကိုယ် နုပျိုသန်စွမ်းစေသည်သာမက အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ ကောင်းကျိုးပြုသည်။ ပုံမှန်လေ့ကျင့် လှုပ်ရှားမှုတို့သည် ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ကြရသည်။ အစပိုင်းတွင် ပြင်းပြင်းထန်ထန် မလုပ်လိုသေးပါက လမ်းလျှောက်ခြင်းမှ စပါ။ လမ်းလျှောက်ခြင်းကို မိမိလုပ်နိုင်သည်ထက် ပို၍ လျင်လျင်မြန်မြန်နှင့် ခရီးရောက်သော လေ့ကျင့်ခန်းအဖြစ် မြှင့်တင်နိုင်သည်။ အမြန်လမ်းလျှောက်ခြင်းကို မိနစ် ၂၀ မှ မိနစ် ၃၀ ခန့်၊ ရက်သတ္တပတ်လျှင် သုံးကြိမ်ခန့် အနည်းဆုံး လုပ်နိုင်ပါက မိမိ၏ သက်လုံ ကောင်းမွန်တိုးတက်လာပါလိမ့်မည်။ နေ့စဉ် သွားလာလုပ်ကိုင်နေရသော မိမိ၏ လုပ်ငန်းဆောင်တာများကို အမြန်ပြုလုပ်ခြင်း၊ မိမိအိမ်၊ အလုပ်ဌာန၊ ပတ်ဝန်းကျင်တို့တွင် ကိုယ်လက်လှုပ်ရှားမှု အသစ်အဆန်းများကို ပိုမိုလုပ်ခြင်းတို့အား စိတ်ဝင်စားစွာ ဆောင်ရွက်သင့်သည်။
လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ထိုမှတစ်ဆင့် တဖြည်းဖြည်းမြှင့်တင်ပေးခြင်းဖြင့် မိမိ၏ကျန်းမာသော ဘဝအခြေအနေကို ရယူနိုင်သည်။ ကခုန်ခြင်း၊ရေကူးခြင်း၊ အေရိုးဗစ် အားကစားခြင်း၊ ကိုယ်ခန္ဓာ အလှကစားခြင်း စသည်တို့သည် မိမိ၏ခန္ဓာကိုယ် ပြေပြစ်မှုအတွက် အထူးသင့်လျော်သည်။ ကိုယ်လက်လှုပ်ရှားမှုသည် မိမိ၏ ကိုယ်အလေးချိန်ကို ကျဆင်းကာ မျှတစေပြီး အဆီပိုများကို ဖယ်ရှားစေသည်။ အပြင်းအထန် ကိုယ်လက်လှုပ်ရှားလိုက်ပါက ခန္ဓာကိုယ်၏ ဇီဝ ဖြစ်ပေါ်ပြောင်းလဲမှုမှာ နာရီ အတော်ကြာမြင့် တတ်လာသည်။ ထိုမှအဆီပိုများ လောင်ကျွမ်းဖယ်ရှားပစ်သည်။ အေရိုးဗစ် ကစားပါက လူ၏ ဆာလောင်မွတ်သိပ်မှုမှာ လျော့ကျသွားလေ့ရှိသည်။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားလိုက်ပါက “Growth Hormone” ခေါ်လူ့ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ဟော်မုန်းအနည်းငယ် ထွက်လာစေပြီး ကြွက်သားများကို ကျစ်လျစ်သန်စွမ်းစေကြောင်း သိရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဆရာဝန်မင်းသိုက်
Health for all magazine, November 2012, Pg. 48-49