မုတ်ဆိတ်ရိတ်နည်းများ၊ လိမ်းဆေးများ
01-Mar-2017
အမွေးအမျှင်ရိတ်တာကြောင့် ဖြစ်တတ်တဲ့ အမွေးရဲ့ အမြစ်ခြေ ရောင်ရမ်းနာ (PFB) ဖြစ်ခဲ့ရင် အမွေးအမျှင် ရိတ်နည်းကို အရင်သိထားဖို့ လိုပါလိမ့်မယ်။ အရင်ဆုံးကတော့ အမွေးက အပြင်ကို လွတ်လွတ်ကျွတ်ကျွတ် ရှည်လာတဲ့အထိ ထားပေးသင့်ပါတယ်။ မဟုတ်ရင် အသားထဲ ပြန်စိုက်ဝင်သွားမှာ စိုးလို့ပါပဲ။ အမွေးရိတ်တဲ့အခါ အရေပြားရဲ့ တပြေးညီ ရိတ်တဲ့နည်းက အသစ်ပေါက်တဲ့ အမွေးကို အရေပြားတွင်း ပြန်ကွေးသွားတတ်သလို ဓားသွားကြောင့် အဖုအပိမ့်တွေလည်း ထွက်လာတတ်ပါတယ်။ အရေးကြီးတာက ဘယ်လိုနည်းမျိုးနဲ့ပဲဖြစ်စေ အမွေးအမှင်တွေ ရိတ်မယ်ဆိုရင် ထက်တဲ့ ဓားသွားကို သုံးဖို့လိုပါတယ်။
အမွေးအမျှင် ရိတ်ရာတွင် သိသင့်သည်များ
• အမွေးအမျှင် မရိတ်မီ ပျော့ပျောင်းသွားအောင် ဦးစွာပြုလုပ်ပါ။ အကောင်းဆုံးက ရေနွေးနဲ့ ရေချိုးအပြီးမှာ ရိတ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရေနွေးငွေ့က အမွေးအမျှင်တွေ၊ မုတ်ဆိတ်မွေးတွေကို ပျော့ပျောင်းသွားစေလို့ ဖြစ်ပါတယ်။ မုတ်ဆိတ် မရိတ်မီ မျက်နှာကို အရင်သစ်ပါ။ မျက်နှာပေါ်က အဆီများကို ဖယ်ရှားစေပြီး အမွေးအမျှင်များ လွယ်ကူစွာရိတ်ပယ်နိုင်ဖို့ အပေါ်ထောင်လာလို့ ဖြစ်တယ်။ မုတ်ဆိတ်ရိတ်မယ့် နေရာတွေမှာ မရိတ်မီ ဆပ်ပြာမှုန့်တွေ၊ ဂျဲလ်တွေ၊ shaving gel သုတ်လိမ်းပေးဖို ့လိုပါတယ်။
• မုတ်ဆိတ်ရိတ် လိမ်းဆေး ဂျဲလ်တွေက သင်တုန်းဓားနှင့် အရေပြားကြားမှာ ရိတ်တဲ့အခါ ချောမွေ့စေဖို့ ဖြစ်ပါတယ်။
• သင်တုန်းဓားနှင့် ရိတ်တဲ့အခါ အပေါ်ကနေ အောက်ဘက်ကို ဆွဲရိတ်ရပါမယ်။ ဒီလိုအမွေး ပေါက်ရာအတိုင်း အစီအစဉ်တကျ ရိတ်တာက အောက်ကနေ အပေါ်ဘက် ရိတ်တာထက်စာရင် အထိအခိုက် နာကျင်မှု နည်းပါးစေပါတယ်။ ချောမွတ်စေတဲ့ လိမ်းဆေးလိမ်းပြီး ရိတ်တဲ့အတွက် ရောင်ရမ်းမှုလည်း လျော့စေနိုင်ပါတယ်။
• ရိတ်ပြီးသား နေရာကို အထပ်ထပ် မရိတ်ပါနဲ့။ ရိတ်လေလေ ဓားသွားက အသားတွင်းပိုနက်ရှိုင်းစွာ ဝင်ရောက်မှာ စိုးရလို့ဖြစ်တယ်။
• မုတ်ဆိတ်ရိတ်နေစဉ်မှာ ယားလို့ဆိုပြီး မကုတ်မိပါစေနှင့်။ ကုတ်တဲ့ အရှိန်ကြောင့်ဓားသွား ပိုနက်သွားသလို အမွေးသစ်ကိုလည်း အသားတွင်း ပြန်ဝင်သွားစေနိုင်ပါတယ်။
• မလိုအပ်ဘဲ နေ့စဉ် မုတ်ဆိတ်မရိတ်ပါနဲ့။
• မုတ်ဆိတ်မရိတ်ခင် after shave ဖြစ်စေ၊ ရေမွှေးဖြစ်စေကို ရိတ်မယ့်နေရာမှာ မသုတ်လိမ်းပါနှင့် မုတ်ဆိတ်ရိတ်ပြီးသွားမှသာ ရေနွေးနဲ့သစ်ပြီး အစိုဓာတ် ထိန်းဆေးပါတဲ့ after shave lotion လိမ်းဆေးကို လိမ်းပေးပါ။
• မုတ်ဆိတ်ရိတ်နေစဉ် အချိန်အတွင်း သင်တုန်းဓားကို ရေနဲ့ ကပ်နေတဲ့ အမွေးတွေ ကုန် စင်အောင် ဆေးပေးပါ။ မဟုတ်လျှင် အမွေးတွေနဲ့ ဓားနဲ့ရောထွေးပြီး မုတ်ဆိတ်ရိတ်ရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ သင်တုန်းဓားကို တစ်ပတ်မှာ တစ်ကြိမ်ဖြစ်စေ အရေပြား ရောင်ရမ်းလာရင်ဖြစ်စေ လဲလှယ်ပေးသင့်ပါတယ်။
• အခုခေတ်ပေါ်နေတဲ့ နှစ်ထပ်၊ သုံးထပ်၊ လေးဖက်ဆုံ သင်တုန်းဓားနှင့် မရိတ်ပါနှင့်။ ဒီ ဓားသွားတွေက ပုံမှန်ထက် နှစ်ဆ၊ သုံးဆ၊ လေးဆထက်ပြီး အရေပြားတွင်း နစ်ဝင်မှု နက်ရှိုင်းတဲ့အတွက် မကိုင်တွယ်တတ်ခဲ့ရင် ပိုဆိုးသွားစေလို့ပါပဲ။
လျှပ်စစ်ဓာတ်အား သုံး၍ အမွေးအမျှင် ရိတ်ပယ်ခြင်း
လျှပ်စစ်ဓာတ်အားသုံး အမွေးရိတ်စက် သုံးမယ်ဆိုရင် အတင်း ဖိအားမပေးဘဲ ပုံမှန်ကိုင်တွယ် အသုံးပြုပေးခြင်းက ဓားသွားနဲ့ အရေပြား ထိစပ်မှုကို နည်းပါးစေပါတယ်။ လျှပ်စစ်ဓာတ်အား သုံး ဓားသွားအစိုကို အသုံးပြုခဲ့ရင် သုံးပြီးတဲ့နောက် အမွေးများ ကုန်စင်အောင် သန့်ရှင်းပေးထားသင့်ပါတယ်။ လျှပ်စစ်ဓာတ်အားလုံး ကိရိယာကို အသုံးပြုမယ်ဆိုရင် ပုံမှန်လို မျက်နှာသစ်တာတို့ ချောမွတ်စေဖို့ လိမ်းဆေး လိမ်းတာတို့ ပြုလုပ်ဖို့ မလိုအပ်ဘဲခြောက်သွေ့တဲ့ အနေအထားမှာပဲ ရိတ်ပေးဖို့ လိုပါတယ်။ တကယ်လို့ မဖြစ်မနေထည့်ချင်တယ် ဆိုရင်တော့ လျှပ်စစ်ဓာတ်အားသုံး ကိရိယာ အသုံးပြုတဲ့အခါ သုံးဖို့ သီးသန့် ဖော်စပ်ထားတဲ့ pre-shave lotion ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုးရှင်းအရည်က အရက်ပြန်ကို အခြေခံထားပြီး အရေပြားပေါ်မှာရှိတဲ့ အဆီနဲ့ အစိုဓာတ်တွေကို ခြောက်သွေ့သွားစေပြီး အမွေးတွေကို အပေါ်ထောင်သွားစေနိုင်စွမ်း ရှိပါတယ်။
ဓားသွားကြောင့် ဖြစ်ပေါ်သော အနာဖုများအား မိမိဘာသာ ကုသခြင်း
ဓားသွားကြောင့် အမွေးအမျှင် မြစ်ခြေရောင်ရမ်းတဲ့ အနာဖုတွေကို ကုသပေးနိုင်ပါတယ်။ လိမ်းဆေးရည်မှာ ဘင်ဇွိုင်းပါရောက်ဆိုက် benzoyl Peroxide ပါတဲ့ လိမ်းဆေးကို လိမ်းပေးနိုင်ပါတယ်။ ဒီလိမ်းဆေးနှင့် လိမ်းလို့မှ မပျောက်ခဲ့ရင် အရေပြားဆရာဝန်နဲ့တော့ ပြသပြီး ကုသဖို့ လိုအပ်ပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိအိဇာ
Wellness magazine, May 2015, Pg.36-37