ဆံပင်များ သဘာဝဒဏ်ခံရမှု
01-Mar-2017
ဆံပင်များ သဘာဝဒဏ်ခံရမှုကြောင့် ဖြစ်ပေါ်လာသောပြောင်းလဲမှုများသည် ဆံဖျားပိုင်းတွင် ဖြစ်ပေါ်လေ့ရှိပါသည်။ ဆံပင်များသည် အရေပြားအတွင်းမှ ထွက်လာပြီးနောက် ရှည်လာသောအခါ ပတ်ဝန်းကျင်နှင့်အလှအပဆိုင်ရာ ထိတွေ့မှုများကြောင့် ဆံပင်များအတွင်း ယိုယွင်းမှုများ ဖြစ်ပွားပါသည်။ ယိုယွင်းမှုပမာဏသည် ထိတွေ့သော ပစ္စည်းများနှင့် ထိတွေ့မှုပမာဏတို့အပေါ် မူတည်ပါသည်။ ခေါင်းပေါ်ရှိ ဆံပင်များသည် ကြီးထွားမှုအဆင့်တွင် အချိန်အကြာဆုံးဖြစ်သောကြောင့် အခြား မွေးညင်းများထက် ထိခိုက်မှုဒဏ်ပိုခံရလေ့ရှိပါသည်။ ထို့ကြောင့် ဆံပင်များ၏ အဖျားပိုင်းများတွင် အရင်းပိုင်းထက် တောက်ပမှု လျော့နည်းနေခြင်း၊ အရောင်ဖျော့နေခြင်းနှင့် ဆံဖျားများ ကွဲနေခြင်းများကို တွေ့ရလေ့ရှိပါသည်။ Cuticular ဆဲလ်များဖြင့် ဖုံးအုပ်ထားသော ဆံမျှင်များသည် ( အထူးသဖြင့် ရေစိုနေသောအချိန်၌ ) အလွန်အကျွံ ခေါင်းဖြီးခြင်းနှင့် ဘရပ်ရှ်ဖြင့် ပွတ်တိုက်ခြင်းများကြောင့် ထိိခိုက်ခံရလေ့ရှိပါသည်။
အလွန်ပူသောလေပူဖြင့် အခြောက်ခံခြင်းများ၊ အပူဖြင့် ဆံပင်ကောက်ခြင်းများကြောင့်လည်း ဆံပင်များထိခိုက်ပါသည်။ ဆံပင်များကို ဓာတုဆေးရည်များဖြင့် ထိတွေ့စေခြင်းများဖြစ်သော ဆံပင်အရောင်ချွတ်ခြင်း၊ အရောင်ပြောင်းခြင်း၊ ဆေးဖြင့် ဆံပင်ပျော့စေခြင်း၊ ဆံပင်ဖြောင့်ခြင်းများသည် ဆံပင်များ သဘာဝဒဏ်ခံရမှုကို ပို၍ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်ပါသည်။ ဖော်ပြပါ လုပ်ဆောင်မှုများသည် ဆံပင်များကို ဖုံးအုပ်ထားသော cuticle အလွှာကို ကြွတက်ပျော့ပြောင်းစေခြင်းဖြင့် ဆံပင်များကို ထိတွေ့ပွတ်တိုက်မှုဒဏ်များမှ ခံနိုင်ရည်လျော့နည်းစေပါသည်။ Cuticle အလွှာဆုံးရှုံးသွားခြင်းသည် နောက်ဆုံးတွင် ဆံပင်များကျိုးပြတ်မှုအထိ ဖြစ်စေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာခိုင်ခိုင်မော်
အရေပြားရောဂါများအကြောင်း တစေ့တစောင်း စာအုပ်မှ ကောက်နုတ်ထားပါသည်။