Print

ဖျားနာတတ်သော ရေကြည်ဖုထွက်ခြင်း (သို့) သာမန်ရေယုန်

  25-Feb-2017
Preview Image

ဖျားနာတတ်သော ရေကြည်ဖုထွက်ခြင်း (သို့) သာမန်ရေယုန်
ရေယုန်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် ထိန်းချုပ်ရန် အလွန်ခက်ခဲသော ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ၏ ၈၅ ရာခိုင်နှုန်းတွင် ရေယုန်ဗိုင်းရပ် တစ်မျိုးမျိုး စွဲကပ်လျက်ရှိသဖြင့် ဤဗိုင်းရပ်စ်ပိုး မည်သို့ အလုပ်လုပ်သည်ကို သိရှိရန် အရေးကြီးပါသည်။ သာမန်ရေယုန် ဗိုင်းရပ်စ်ပိုး (Herpes simplex) သည် နှစ်မျှင်လိမ် ဒီအင်အေ (double stranded DNA) ဗိုင်းရပ်စ်ပိုးဖြစ်ပြီး လူများတွင်သာ ဖြစ်ပွားလေ့ရှိပါသည်။ သာမန် ရေယုန်ှဗိုင်းရပ်စ်ပိုး နှစ်မျိုးရှိပါသည်။ သာမန်ရေယုန်ဗိုင်းရပ်စ်ပိုး 1 (HSV 1) နှင့် သာမန်ရေယုန် ဗိုင်းရပ်စ်ပိုး 2 (HSV 2) တို့ဖြစ်ပါသည်။ လူတစ်ဦးသည် သာမန်ရေယုန် ဗိုင်းရပ်စ်ပိုးတစ်မျိုး (သို့) နှစ်မျိုးလုံး ကူးစက်ခြင်းခံရတတ်ပါသည်။ ယေဘုယျအားဖြင့် သာမန်ရေယုန်ဗိုင်းရပ်စ်ပိုး 1 သည် ပါးစပ်တွင် ဖြစ်ပွားပြီး သာမန်
ရေယုန် ဗိုင်းရပ်စ်ပိုး 2 သည် လိင်အင်္ဂါတွင် ဖြစ်ပွားသည်ဟု မှတ်ယူထား ကြသော်လည်း အပြန်အလှန်ဖြစ်ပွားမှုများလည်း ရှိပါသည်။

 

သာမန်ရေယုန် ဗိုင်းရပ်စ်ပိုး ဘယ်လိုကူးစက်သလဲ
- ကျိုးပြတ်နေသော အရေပြား (သို့) ပါးစပ်၊ လိင်အင်္ဂါ၊ စအိုနံရံ (mucosa) များနှင့် ဗိုင်းရပ်စ်ပိုး ထိတွေ့သောအခါ ဗိုင်းရပ်စ်ပိုးသည် ဆဲလ်များ၏ နျုကလိယပ်စ်အတွင်းသို့ ဝင်ရောက်ပြီး မျိုးပွားရန် (သို့) ပုံတူပွား (replication) ရန် ကြိုးစားပါသည်။
- ဤသို့ ဆဲလ်များ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရချိန်တွင် လူအများစု၌ ရောဂါလက္ခဏာ ပြသခြင်းမရှိပါ။
- တစ်ခါတစ်ရံ ဗိုင်းရပ်စ်ပိုးများ ပုံတူပွားချိန်တွင် ဆဲလ်များ ပျက်စီးတတ်ပြီး အရေပြားပေါ်တွင် အရေကြည်ဖု (သို့) အနာများ ဖြစ်ပေါ်တတ်ပါသည်။ 
- ၎င်းအရေကြည်ဖု (သို့) အနာများသည် အနာဖေး တက်လာပြီး အနာရွတ်မထင်ဘဲ ကျက်သွားလေ့ရှိပါသည်။ 
- ဗိုင်းရပ်စ်ပိုးသည် အာရုံကြောများမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်းပိုင်းရှိ အာရုံကြောဖုထုံးများ (ganglia) သို့ ရောက်ရှိသွားပါသည်။
- ဗိုင်းရပ်စ်ပိုးသည် အာရုံကြောဖုထုံးများတွင် ငြိမ် (သို့) အောင်းနေလေ့ ရှိပါသည်။ ထိုအချိန်တွင် ဗိုင်းရပ်စ်ပိုး ပုံတူပွားခြင်း မရှိပါ။ ငြိမ် (သို့) အောင်းနေသော အချိန်ပမာဏ အတိအကျမရှိပါ။
- အချို့သော အကြောင်းအချက်များသည် အာရုံကြောများမှတစ်ဆင့် ဗိုင်းရပ်စ်ပိုး အရေပြားဆီသို့ ပြန်လာခြင်းကို ဖြစ်စေပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်စေပါသည်။ ၎င်းကို ရေယုန်ပြန်ကြွခြင်း (Recurrence) ဟုခေါ်ပါသည်။

ရေယုန်ပြန်ကြွခြင်းကို ဖြစ်စေသောအကြောင်းရင်းများ 
- လူသိများသော ရေယုန်ပြန်ကြွခြင်းကို ဖြစ်စေသော အကြောင်းရင်းမှာ -
- ကိုယ်ခန္ဓာပင်ပန်းမှု
- စိတ်ခံစားမှုကို ထိန်းသိမ်းရန်ခက်ခဲမှု
- ပင်ပန်းမှုကို တစ်ပတ်ထက်ပို၍ ဆက်တိုက်ခံစားရခြင်း
- စိတ်ပူပန်ခြင်း
- ဖျားနာခြင်း
- ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု 
- အာရုံကြောများ ပျက်စီးခြင်း
- အသားမျှင် (Tissue) များပျက်စီးခြင်း
- ကိုယ်ခံအားကျဆင်းခြင်း
- အပူလွန်ခြင်း
- အအေးလွန်ခြင်း
- ဓမ္မတာသွေးပေါ်ခြင်း
- အခြားရောဂါပိုးများကူးစက်ခြင်း
- အားအင်ကုန်ခမ်း နွမ်းနယ်ခြင်းတို့ ဖြစ်ပါသည်။

 

ဖျားနာတတ်သော ရေကြည်ဖုထွက်ခြင်းနှင့် သာမန်ရေယုန် ဗိုင်းရပ်စ်ပိုး
ဖျားနာတတ်သော ရေကြည်ဖုထွက်ခြင်း (fever blister) သည် သာမန်ရေယုန် ဗိုင်းရပ်စ်ပိုး 1(HSV 1) ကြောင့် အဖြစ်များပါတယ်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကမ္ဘာ့လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်သည် သာမန်ရေယုန်ဗိုင်းရပ်စ်ပိုး 1 ကူးစက်ခြင်း
ခံရပါသည်။ သာမန်ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွင် ရောဂါဖြစ်ပွား ရာ၌ ပထမဆုံးအကြိမ် ရောဂါဖြစ်ပွားမှုသည် အကြာဆုံးနှင့် အနာဆုံးဖြစ်ပါသည်။ ရေယုန်ပြန်ကြွရာတွင် ၎င်းပထမအကြိမ်ဖြစ်ပွားမှုလောက် နာကျင်မှုနှင့် ကြာရှည်မှုမရှိပါ။

 

သာမန်ရေယုန် ပထမအကြိမ်ဖြစ်ပွားမှု
သာမန်ရေယုန်ဗိုင်းရပ်စ်ပိုးနှင့် ပါးစပ်အတွင်းနှင့် ပါးစပ်အနီးတစ်ဝိုက်ရှိ အရေပြားတို့ ထိတွေ့သောအခါ ပါးစပ်အတွင်း ရောဂါဖြစ်ပွားပါသည်။ သွားဖုံးများ၊ လျှာနှင့် လည်ချောင်းတို့တွင် ဖြစ်ပွားတတ်ပြီး သွားဖုံးနှင့် ပါးစပ်တွင်း ရောင်ရမ်းမှုဟုခေါ်ပါသည်။ ဤပထမအကြိမ် ရောဂါဖြစ်ပွားမှုသည် ကလေးအရွယ်တွင် အများဆုံး ဖြစ်ပွားပါသည်။ အသက် ၆ လမှ ၃ နှစ်အတွင်း ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ နာကျင်ခြင်း၊ ဖျားခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းနှင့် အစာမျိုရခက်ခြင်းတို့ဖြစ်တတ်ပါသည်။ ဤရောဂါလက္ခဏာများသည် ရက်သတ္တပတ်ခန့် ကြာတတ်ပြီး အလိုလို ပျောက်ကင်းသွားလေ့ ရှိပါသည်။ မျိုရသိပ်ခက်လွန်းလျှင် ကလေးများသည် အရည်ဝင်လျော့နည်း၍ ရေခန်းခြောက်ခြင်း ဖြစ်တတ်သဖြင့် အနာသက်သာစေရန်နှင့် ရေဓာတ်မချို့တဲ့စေရန် ဂရုစိုက်သင့်ပါသည်။

 

သာမန်ရေယုန် ပြန်ကြွခြင်း
သာမန်ရေယုန်ဗိုင်းရပ်စ်ပိုးတစ်ကြိမ် ကူးစက်ခြင်းခံရသူသည် ကိုယ်တွင်းရှိ ဆဲလ်များအတွင်း အောင်းနေသော ဗိုင်းရပ်စ်ပိုးကြောင့် မည်သည့်အချိန်တွင်မဆို ရောဂါပြန်လည် ဖြစ်ပွားနိုင်ပါသည်။ ရောဂါပြန်လည်ဖြစ်ပွားမှုကို ဖြစ်စေသော အကြောင်းများကို အထက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ဤရောဂါ ပြန်လည်ဖြစ်ပွားမှုကြောင့် ဖြစ်လာသော ရေကြည်ဖုများကို ဖျားနာတတ်သော ရေကြည်ဖုထွက်ခြင်း (သို့) အအေးန (cold sores) ဟုခေါ်ပါသည်။ ၎င်းတို့ကို နှုတ်ခမ်းအနားများတွင် အတွေ့ရများပြီး ရေကြည်ဖု ၃ ဖုမှ ၅ ဖုပါတတ်ပါသည်။ နောက် ၃ ရက်မှ ၅ ရက်အတွင်း ရေကြည်ဖုများမှ ပြည်ဖု၊ အနာများအဖြစ် ပြောင်းလဲသွားပြီး အနာဖေးတက်လာလေ့ရှိပါသည်။ ဤရောဂါလက္ခဏာများသည် စဖြစ်ပြီး ၈ နာရီအတွင်း အဆိုးရွားဆုံးဖြစ်သည်။ အများစုတွင် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြန်ဖြစ်တတ်ပြီး ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းသောသူများတွင် တစ်နှစ်လျှင် ၆ ကြိမ်ခန့်အထိ ပြန်ဖြစ်တတ်ပါသည်။

 

သာရေယုန် ရောဂါပျိုး
သာမန်ရေယုန် ပြန်လည်ဖြစ်ပွားမှုများတွင် ရောဂါပျိုးချိန် ရှိတတ်ပါသည်။ ရေကြည်ဖုများ မထွက်လာမီ ရောဂါလက္ခဏာများ ပြခြင်းဖြစ်ပါသည်။ အတွေ့များသော ရောဂါပျိုးချိန် ရောဂါလက္ခဏာများမှာ နာခြင်း၊ ထုံကျဉ်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ ရောဂါပျိုးချိန်သည် ၂ နာရီမှ ၂ ရက်ထိ ကြာနိုင်ပါသည်။

 

သာမန်ရေယုန် ရောဂါပျံ့ခြင်း
သာမန်ရေယုန်သည် ကူးစက်တတ်ပြီး ရောဂါပိုးပါသော တံတွေး၊ အသက်ရှူလမ်းကြောင်း မှထွက်သော အမှုန်များနှင့် အရေပြားခြင်းထိတွေ့မှု တို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။ သာမန်ရေယုန်ရောဂါ ပြန်လည် ဖြစ်ပွားမှုကို ဖြစ်စေနိုင်သော အကြောင်းများစွာရှိပြီး ၎င်းတို့တွင် နေလောင်ခြင်း၊ ကိုယ်စိတ်ဖိစီးမှုများခြင်း၊ ဖျားခြင်း၊ နေမကောင်းဖြစ်ခြင်းနှင့် သွားစိုက်၊ သွားနှုတ်ခြင်းများ ပါဝင်ပါသည်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါများအကြောင်းတစေ့တစောင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18