Print

အသားပွင့်ခြင်း

  25-Feb-2017
Preview Image

အသားပွင့်ခြင်း
တကယ်တော့ မိဘတွေ စိတ်ပူလေ့ရှိတဲ့ မျက်နှာပေါ်က ဖြူဖျော့ဖျော့ အကွက်လေးတွေဟာ အသားပွင့်တာပါ။ ရောဂါအမည်ကတော့ ပီတီရီယားစစ် အယ်လ်ဘာ (Pityriasis Alba) တဲ့။ မြန်မာပြုလိုက်တော့ အသားပွင့်တာပါ။ ဒါပေမယ့် အရပ်ထဲမှာတော့ ကြက်ဖင်ကွက်ဆိုပြီး အသိများပါတယ်။ တကယ်တော့ ဖြူဖျော့ဖျော့အကွက်တွေ ချက်ချင်းပေါ်လာတာ မဟုတ်ပါဘူး။ တစ်ဆင့်သုံးဆင့်နဲ့ တဖြည်းဖြည်း ပေါ်လာတာပါ။ ကနဦး ပေါ်ခါစမှာတော့ အရေပြားပေါ်မှာ ကြွနေတဲ့ ခပ်ရဲရဲအကွက်လေးတွေပါ။ 

ဒါပေမယ့် များသောအားဖြင့် သိသိသာသာ မရဲလေတော့ သတိမထားမိလိုက်ကြပါဘူး။ နောက်တော့ ဖြူဖျော့ဖျော့နဲ့ အရေပြားပေါ် ကြွနေတဲ့အဆင့်ပါ။ ဒီအဆင့်ကလည်း ခဏပဲ ကြာတာဆိုတော့ မသိလိုက်၊ မသိဘာသာပါပဲ။ နောက်ဆုံးအဆင့်ကတော့ ရှေ့မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ အရေပြားမှာ အကြေးခွံ နုနုလေးတွေနဲ့ ဖြူဖျော့ဖျော့ အကွက်ပါ။ အရေပြားနဲ့ တစ်ပြေးညီအကွက်ပေါ့။ အရေပြားရဲ့ မျက်နှာပြင်ထက် ကြွလည်း မနေ၊ ချိုင့်လည်း မသွားတဲ့ အကွက်တွေပါ။ ဒီအဆင့်ကတော့ ကြာပါတယ်။ ဒါကြောင့် မိဘတွေ သတိမှုမိသွားတာပါ။ အနည်းဆုံး တစ်လကနေ တစ်နှစ်လောက်အထိ ကြာတာဆိုတော့ စိတ်ပူမယ်ဆိုလည်း ပူသင့်ပါတယ်။

အကွက်လေးတွေက အရွယ်အမျိုးမျိုးပါ။ သာမန်ကြယ်သီး အရွယ်လောက်ကနေတစ်လက်မ ပတ်လည်အရွယ်လောက်အထိ အရွယ်စုံပါ။ များသောအားဖြင့် အဝိုင်းပုံ၊ ဘဲဥပုံ အကွက်လေးတွေပါ။ တစ်ကွက်စ၊ နှစ်ကွက်စ တွေ့ရတတ်သလို အကွက်တွေ
အများကြီးလည်း ရှိတတ်ပါတယ်။ တစ်ခါတလေ အကွက်တွေ နှစ်ဆယ်၊ အစိတ်အထိ ရှိတတ်ပါသေးတယ်။ အတွေ့ရအများဆုံးနေရာကတော့ မျက်နှာပေါ့။ အထူးသဖြင့် ပါးမှာ အဖြစ်အများဆုံးပါ။ ဖုံးကွယ်ထားတဲ့ နေရာမဟုတ်တော့ ကလေးမိဘတွေ အလွယ်တကူ သတိထားမိသွားတာပါ။ ဒါပေမယ့် မျက်နှာအပြင် လက်မောင်း၊ လက်ပြင်၊ ပခုံးနဲ့ လည်ပင်းတွေမှာလည်း ပေါ်တက်ပါသေးတယ်။ ဒီလိုနေရာမှာ ကျတော့ ကလေးကို အကျႌလဲပေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါမျိုးမှာမှ သတိထားမိသွားလေ့ရှိပါတယ်။ 

အကွက်တွေက ရေးတေးတေးဆိုတော့ တစ်ခါတလေ သိပ်ပြီး မသဲကွဲဘဲ နောက်ကျပြီးမှ သိကြတာ များပါတယ်။ အလင်းရောင် မှိန်ပျပျနဲ့ဆို သိပြီး မထင်မရှားပါ။ မိဘတွေ အလွန်မေးတဲ့ မေးခွန်းပါ။ ကူးစက်ရောဂါလား၊ အစားမှားလို့လား စသဖြင့် မေးတတ်
ပါတယ်။ အမှန်အတိုင်း ပြောရရင် ဘာကြောင့်မှန်းမသိရပါဘူး။ ဒါပေမယ့် ကူးစက်ရောဂါ မဟုတ်တာ၊ အစားအသောက်နဲ့ မဆိုင်တာ၊ မျိုးရိုးမလိုက်တာ၊ အန္တရာယ်လုံးဝမရှိတာ တွေကတော့ သေချာတယ်။ ဒီတော့ အသားကွက်တဲ့ အကွက်လေးတွေဟာ အချိန်တန်ရင် သူ့ဘာသာသူ ပျောက်သွားနိုင်တာမို့ စိတ်ပူစရာမရှိပါဘူး။ တစ်လကြာချင်ကြာမယ်။ တစ်နှစ်ကြာချင်ကြာမယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတော့ ကံသေကံမတော့ ပြောလို့မရပါဘူး။

အရေးကြီးတာက အသားမခြောက်အောင် အစိုထိန်းခရင်မ်လေးတွေ လိမ်းပေးဖို့ လိုပါတယ်။ အသားခြောက်ရင် ပိုပြီးသိသာသလို နေပူထဲထွက်ရင်လည်း ပိုသိသာပါတယ်။ ဒါကြောင့် နေပူရှောင်ဖို့လည်း လိုတာပေါ့။ ဆေးအနေနဲ့တော့ အထူးတလည် မလိုအပ်ပါဘူး။ စတီးရွိုက်အပျော့စားလိမ်း လိမ်းဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ လိမ်းသင့်ပါတယ်။ အစိုးရိမ်လွန်ပြီးတော့ ဟိုလိမ်းဆေး၊ ဒီလိမ်းဆေးတွေကို နုနယ်ပျိုမျစ်တဲ့ ကလေးတွေရဲ့ ပါးပေါ်ကို မလိမ်းကြပါနဲ့။ မသေချာရင် ဆရာဝန်နဲ့ပြတာ အကောင်းဆုံးပါ။

 

Healthcare.com.mm
Ref:
ဒေါက်တာဦးကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Arogyam magazine, No.206, March 2014, Pg.85-87



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18