ပွေးပေါက်ခြင်း
27-Feb-2017ပွေးဆိုတာ တကယ်တော့ အရေပြားပေါ်မှာ မှိုစွဲတာပါပဲ။ ဒီအရေပြားမှိုတွေက အရေပြားတင်မဟုတ်ဘူး။ လက်သည်းတို့ ဆံပင်တို့ပါ ကူးစက်ပြီး လက်သည်းပွေးတို့၊ ဒက်ပေါက်တာတို့အထိ ဖြစ်နိုင်ပါတယ်။
ပွေးဆိုတာ မိသားစုအတွင်းမှာ ကူးတာအပြင် လုပ်ငန်းခွင်ကရော ကူးနိုင်ပါတယ်။ တိရစ္ဆာန်တွေမှာ ပွေးပိုးတွေ ရှိတတ်တာကြောင့် တိရစ္ဆာန်တွေနဲ့ ကိုင်တွယ်ထိတွေ့ရတဲ့ အလုပ်မျိုးကနေ ပွေးကူးစက်နိုင်ပါတယ်။ နောက်တစ်ခုက မြေကြီးနဲ့ မကင်းတဲ့ အလုပ်မျိုးလုပ်ရသူတွေမှာ ပိုပြီး ကူးစက်နိုင်ခြေရှိပါတယ်။
ပွေးဆိုတာ အနည်းနှင့်အများ ယားတာပါပဲ။ ဒီတော့ လက်နဲ့ ကုတ်မိ၊ ဖဲ့မိကြပါတယ်။ အဲဒီကတစ်ဆင့် ဗက်တီးရီးယားပိုးတွေဝင်သွားပြီ အနာတွေဖြစ်ကုန်တာပေါ့။ ဒီတော့ ယားလည်းယား၊ နာလည်းနာပေါ့။ တချို့ပွေးကျတော့ ကုတ်ဖန်များလွန်းလို့ ထူအန်းလာပြီး နှင်းခူအသွင်ပြောင်း သွားတာမျိုးလည်း ရှိပါတယ်။ ဂျွတ်ခေါက်ထူကြီးပေါ့။
ပွေးကို စောစောစီးစီး ကုတာပဲ ကောင်းပါတယ်။ နောက်ကျမှကုရင် အရေပြားမှာ အညိုအမည်းစွဲ ကျန်တတ်ပါတယ်။ အထူးသဖြင့် ပေါင်ခြံပွေးပေါ့။ တချို့ ပေါင်ခြံမှာ ပွေးပေါက်ပြီးတာတောင် အညိုအမည်းကွက်ကြီး ကျန်ခဲ့တာမို့ စိတ်မသက်မသာ ဖြစ်ကြရပါတယ်။ တင်ပါးမှာ ပွေးပေါက်လည်း ဒီလိုပါပဲ။
မသင်္ကာတဲ့ အရေပြား အကွက်ကနေပြီး အပေါ်ယံအကြေးခွံလေးတွေကို ခြစ်ထုတ်ပြီး KOH ဆေးရည်လေး တစ်စက်လောက်နဲ့ ပေါင်းစပ်ပြီးတဲ့နောက် အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ရင် ပွေးဖြစ်စေတဲ့ မှိုပိုးတွေ မြင်ရပါတယ်။ ဒါမှ မတွေ့သေးရင် ဓာတ်ခွဲခန်းမှာ လက်သည်း၊ ဆံပင်၊ ဒါမှမဟုတ် အရေပြားအပေါ်ယံ အကြေးခွံလေးတွေကို မွေးယူလို့ရပါတယ်။ Fungal Culture ပေါ့။ နောက်တစ်နည်းကတော့ အသားစလှီးယူပြီး စစ်ဆေးကြည့်တာပေါ့။ အဲဒီလောက်ထိလုပ်ဖို့ လိုအပ်တဲ့ လူနာမျိုးရှားပါတယ်။
ပွေးကိုကုသရန် လိမ်းဆေး၊ စားဆေးမျိုးစုံအောင် ရှိပါတယ်။ အကြမ်းအားဖြင့်တော့ သာမန်ပွေးလောက်ကို လိမ်းဆေးလောက်နဲ့ပဲ ရပါတယ်။ လက်သည်းမှိုတို့၊ ဒက်ပေါက်တာ တို့မှာတော့ သောက်ဆေးတွေနဲ့ ခပ်ကြာကြာ ကုမှရပါတယ်။ ဆရာဝန်မပြဘဲ ပွေးဆေးတွေကို ကိုယ့်ဘာသာ ဝယ်ယူမသုံးစွဲသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပထမအချက်ကတော့ ပွေးသေချာ ဟုတ်မဟုတ် ဆိုတာ ဆရာဝန်က ကြည့်ရှုစစ်ဆေးသင့်ပါတယ်။ ဒုတိယအချက်က ပွေးပေါက်တာ မှန်ဦးတော့ သင့်လျော်တဲ့ ပွေးဆေးကို ရွေးချယ်သုံးစွဲပါမှ ဆေးညွှန်းလည်း မှန်ပါမှ ပျောက်ကင်းနိုင်တာမို့ပါ။
Credit:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကု)