Print

Impetigo (အနာစက်)

  12-Jun-2017
Preview Image


Impetigo (အနာစက်) သည် ကလေးငယ်များတွင် အလွန်အဖြစ်များသော အရေပြားရောဂါတစ်မျိုး ဖြစ်သည်။ ကလေးငယ်များ၏ နှာခေါင်းနှင့် ပါးစပ်ပတ်ဝန်းကျင်တွင် အနီရောင်အဖုလေးများ ပြင်လိုက်ပေါက်ခြင်းဖြစ်သည်။ ထိုအဖုလေးများမှ ပေါက်ပြဲပြီး အနာများ ဖြစ်ပွားနိုင်သည်။


လက္ခဏာများ

လက္ခဏာများ အနေဖြင့် အနီဖုများ ပြင်လိုက်ပေါ်ခြင်း၊ ပေါက်ထွက်သွားပြီး အရည်များစိမ့်ထွက်ခြင်း၊ အညိုရောင် အနာဖေးများအဖြစ် ကျန်ခြင်းတို့ဖြစ်ပွားနိုင်သည်။အများအားဖြင့် ပါးစပ်နှင့် နှာခေါင်းဝန်းကျင်တွင် ဖြစ်ပွားပြီး လက်၊ အဝတ်အစား၊ အသုံးအဆောင်တို့မှတဆင့် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်နှ့ံတတ်သည်။ကလေးငယ်များ၏ သေးခံ (diaper) ဝတ်ပေးသော နေရာနှင့် ကိုယ်လုံးများတွင် ပိုကြီးသော အဖုများကို တွေ့ရတတ်သည်။ပို၍ဆိုးဝါးသော အမျိုးအစားဖြစ်သည့် Ecthyma တွင် အရေပြားတွင်း ထိနစ်ဝင်ကာ ပြည်ဖု သို့မဟုတ် အရည်ကြည်ဖုများ ပေါ်တတ်သည်။ ထို့နောက် ပေါက်ထွက်သွားကာ အနာကြီးများ ဖြစ်တတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အနာစက် ဖြစ်ပွားနေသူနှင့် ထိမိခြင်း၊ အဝတ်အစား၊ အိပ်ရာ၊ မျက်နှာသုတ်၊ အသုံးအဆောင်များမှတဆင့် ကူးစက်နိုင်သည်။


ဖြစ်နိုင်ချေများသူများ

• အသက် ၂နှစ်နှင့် အသက် ၆နှစ်ကြားရှိသော ကလေးငယ်များ

• အနာစက်ဖြစ်ပွားနေသော ကလေးနှင့် ထိတွေ့မှုရှိသူများ

• ပူနွေးသော ရာသီဥတုတွင် နေထိုင်ရသူများ

• ထိခိုက်ရှနာဖြစ်နေသူများ

• အင်းဆက်၊ ပိုးမွှားကိုက်ခံရသော အနာရှိသူများ

• ဆီးချိုရောဂါရှိသူများ၊ ကိုယ်ခံအားနည်းနေသူများတွင် အဖြစ်များသည်။


နောက်ဆက်တွဲ ပြဿနာများ

• ပျောက်ကင်းသွားပြီးနောက် အနာဖေးကျန်တတ်ခြင်း

• အနာစက်မှတဆင့် အရေပြားအတွင်းပိုင်းရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းနှင့် သွေးကြောအတွင်းထိ ပိုးဝင်ရောက်ခြင်း

• တခါတရံ ကျောက်ကပ်ကို ထိခိုက်ခြင်းတို့ ကြုံတွေ့ရတတ်သည်။


စစ်ဆေးမှုများ

လက္ခဏာများကို ကြည့်ရုံဖြင့် သိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲ စစ်ဆေးမှုများပြုလုပ်ရန် မလိုအပ်ပေ။ အချို့ဘက်တီးရီးယားပိုးများမှာ ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိနေတတ်သောကြောင့် တစ်ခါတစ်ရံ မည်သည့် ပိုးသတ်ဆေးသုံးသင့်သည်ကို သိနိုင်ရန် ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုပြုလုပ်နိုင်သည်။


ကုသခြင်း

ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးများ အသုံးပြု၍ ကုသနိုင်သည်။ ရှေးဦးစွာ အနာကို ရေနွေးခပ်နွေးနွေးဖြင့် သန့်ရှင်းရေးလုပ်ပြီး အပေါ်ယံမှ အနာဖေးများကို ဖယ်ရှားပြီးမှ ပိုးသတ်ဆေးကို လိမ်းပေးပါက ပိုမိုထိရောက်သည်။ အပေါ်မှ ပတ်တီးပါးပါးဖုံးထားခြင်းဖြင့် အခြားနေရာများသို့ ပြန့်နှံ့ခြင်းကို ကာကွယ်နိုင်သည်။ အနာစက်များ များစွာပေါက်နေပါက ပိုးသတ်ဆေး သောက်နိုင်သည်။ ပိုးသတ်ဆေးယဉ်ပါးခြင်း မရှိစေရန် ဆေးပတ်လည်အောင် သောက်သင့်သည်။ 


ကာကွယ်ခြင်း

အနာစက်ဖြစ်ပွားခြင်းကို ကာကွယ်ရန် 

• အရေပြားကို သန့်ရှင်းအောင်ထားခြင်း

• အရေပြားထိခိုက်ရှနာများ၊ အနာဖေးများ၊ အင်းဆက်ကိုက်နာများကို သန့်ရှင်းအောင်ထားခြင်း

• အနာစက်ဖြစ်ပေါ်နေပါက ဆပ်ပြာ အပျော့ဖြင့် သန့်စင်စွာ ဆေးကြောပြီး ဂွမ်းဖြင့် ဖုံးအုပ်ထားခြင်း

• အနာကို ဆေးလူးပြီးပါက လက်ကို သန့်ရှင်းအောင် ဆေးကြောခြင်း

• ကလေးငယ်များ၏ လက်သည်းများကို တိုတိုညှပ်ထားပေးခြင်း တို့ကို ပြုလုပ်နိုင်သည်။


Lei

7887 ကျန်းမာရေး Call Center  /  Healthcare.com.mm​

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18