ဒေါက်တာ ဂွစာ (၃၄)
20-Mar-2017ကာရာအိုခေ ဆိုင်တွင် Sound Box အသံကို အဆုံးအထိတင်ကာ အပီဟဲပြီးနောက်တစ်ရက်တွင်မူ ဒေါက်တာဂွ တစ်ယောက် နားအူကာ ပြောသမျှကို မကြားဘဲ ဖြစ်နေလေသည်...
"ပြဿနာပဲ... ညနေ အိမ်သွားကြည့်ပေးရမယ့် လူနာနဲ့ ဘယ်လို စကားပြောရပ? နားအူနေတာကို အမှန်ပြောရင်လည်း ဘာကြောင့်လဲ မေးရင် အမှန်အတိုင်း ဖြေလို့လည်း မဖြစ်... တော်ကြာ အရိုအသေတန်နေမှ အခက်...
ဟုတ်ပြီ... မနေ့က ငါ ပေးထားတဲ့ဆေးတွေနဲ့ သူ သက်သာလောက်မှာပါ...
ဒီတော့ သက်သာလားမေးရင် သက်သာတယ်လို့ ဖြေမှာပဲ...
ဒါဆို ကြားရတာ ဝမ်းသာစရာပဲ လို့ ပြောရမယ်...
အစားရော ဝင်ပြီလား မေးရင် စားလို့ရပါပြီ ပြောပြီး သူစားတဲ့ အစားအစာတွေ ပြောလောက်တယ်... ကောင်းတယ်ဗျာ... အဲဒါသာ ဆက်စားလို့ ပြောရမယ်...
ဒါပြီးရင်တော့ ငါပြန်ဖို့ သူ့ကို ဧည့်သည် တွေ့စရာ ကျန်သေးလားလို့ မေးလိုက်ရင် ဒီလူက အလုပ်ရှုပ်တဲ့သူဆိုတော့ တွေ့ရမယ့်ဧည့်သည်က ကျိန်းသေ ရှိမှာပဲ... ဟုတ်ကဲ့ ဒါဆို ကျွန်တော် ပြန်တော့မယ်... တွေ့လိုက်တော့လို့ ပြောပြီး ပြန်ရမယ်...
ဟင်းဟင်း... ဒေါက်တာဂွပါ... အကြံပိုင်တယ်ကွာ..."
အတွေးများနဲ့ ဒေါက်တာဂွတစ်ယောက် ကျေနပ်ကာ လူနာအိမ်သို့ ထွက်လာခဲ့လေ၏... လူနာနှင့်တွေ့သော်...
"ဘယ်လိုလဲ? သက်သာလားဗျ? "
"မသက်သာပါဘူး ဆရာရယ်... အခြေအနေဆိုးတယ်ဗျာ..."
"ကြားရတာ ဝမ်းသာစရာပဲဗျို့... အစားရော စားလို့ဝင်ပြီလား? "
လူနာ အနည်းငယ် အံ့အားသင့်သွားသည်... ဘယ့်နှယ် မသက်သာတာကို ဝမ်းသာတယ်တဲ့... သို့သော် သည်းခံကာ
"အစားလည်း မဝင်ပါဘူးဗျာ... ဝမ်းတွေပဲ တရစပ် သွားနေတော့တာ... ဝမ်းတွေကလည်း မည်းညစ်ညစ်နဲ့ အတော်အနံ့ဆိုးတယ်ဗျ..."
"ကောင်းတယ်ဗျာ... အဲဒါတွေသာ ဆက်ပြီး စားနော်..."
လူနာမှာ သည်းခံနိုင်စွမ်း မရှိတော့ ဒေါသချောင်းချောင်းထွက်နေလေပြီ... ပြောသမျှ ဘာမှမကြားသော ဒေါက်တာဂွ တစ်ယောက်ကတော့ ကြိုတင်ကြံစည်ထားသည့်အတိုင်းသာ ဆက်ပြောနေဆဲ...
"ဟုတ်ပြီဗျာ... အဆင်ပြေပြီဆိုတော့ ခင်ဗျားလည်း ဧည့်သည်တွေဘာတွေ တွေ့စရာရှိဦးမယ်ထင်တယ်..."
"ဒီအခြေအနေနဲ့ ဒီလို ဆရာနဲ့ ကုရမှတော့ ဆရာရယ်... သေမင်းနဲ့ပဲ တွေ့စရာ ရှိတော့မယ် ထင်ပါတယ်..."
"ဟုတ်ကဲ့... ကောင်းပါလေ့ဗျာ... တွေ့စရာရှိတာ တွေ့လိုက်ပါ... တော်ကြာ ကိစ္စတွေ နှောင့်နှေးကုန်ဦးမယ်... ကဲ ကျွန်တော် ပြန်လိုက်ဦးမယ်ဗျာ..."
ပြောပြောဆိုဆို ဒေါက်တာဂွတစ်ယောက် ပြန်သွားလေတော့သည်...
ကျန်ရစ်ခဲ့သော လူနာမှာကား...
"ဂါးးးးးးး..... ဂစ် ဂစ် ဂစ်..."
ဒေါသထွက်လွန်း၍ တဂစ်ဂစ် တက်သွားလေတော့သတည်း...
:D :D :D
Credit : ကြယ်မင်းတာရာ