Print

Albinism (လူဖြူရောဂါ)

  27-Jun-2018
Preview Image

အကျဉ်းရှင်းလင်းချက်
       လူဖြူရောဂါသည် မျိုးရိုးဗီဇချို့ယွင်းသောရောဂါစု ဖြစ်သည်။Melanin (မယ်လနင်)ဟုခေါ်သော ရောင်ခြယ်ဆဲလ်များ နည်းခြင်း သို့မဟုတ် မရှိခြင်းတို့ကြောင့်ဖြစ်သည်။ မယ်လနင်သည် အသားရေ၊ မျက်လုံး၊ ဆံပင် နှင့် ကိုယ်ခန္ဓာရှိ အခြားအမွှေးအမျှင်များ၏ အရောင်ကို ဖြစ်စေသောဓာတ်တစ်မျိုးဖြစ်သည်။မယ်လနင်မရှိသူများသည် နေရောင်ခြည်နှင့် ထိတွေ့မှုဒဏ်ကို မခံနိုင်ပေ။ အရေပြားကင်ဆာဖြစ်ရန် အခွင့်အလမ်းများပါသည်။လူဖြူရောဂါကို ကုသရန်နည်းလမ်းမရှိသော်လည်း ၎င်းတို့၏ အရေပြားနှင့် မျက်လုံးထိခိုက်မှု မရှိရန်တော့ ကာကွယ်နိုင်ပါသည်။
 
လက္ခဏာများ
၁။ အရေပြား - လူဖြူရောဂါသည်များသည် ဖြူဖွေးသောဆံပင်၊ ပန်းရောင်သန်းနေသော အသားရေ ၊အရေပြားတွင် အသားရောင်မညီမှုကြောင့် ဖြစ်သောအကွက်များရှိခြင်း (အဖြူမှ အညိုထိ ဖြစ်နိုင်) တို့ကြောင့် လူအများ၏ အာရုံစိုက်မှုကို ခံရလေ့ရှိသည်။
     အချို့တွင် မယ်လနင်ဓာတ်ချို့တဲ့သော်လည်း အသားရောင်သိသိသာသာ ပြောင်းလဲခြင်းကို မတွေ့ရတတ်ပေ။အချို့မှာငယ်ငယ်ကဖြူသော်လည်း

အသက်ကြီးလာသည့်အချိန်မှမယ်လနင်ထုတ်လုပ်မှုစတင်ဖြစ်လာပြီးအသားရောင်တဖြည်းဖြည်းပြောင်းလာတတ်သည်။ နေရောင်ခြည်နှင့် ထိတွေ့သည့်အခါတွင် အမည်းစက်များ၊ အမည်းကွက်များ၊ မှဲ့များဖြစ်ပေါ်လာခြင်း၊ အသားရည်ကွက်၍ မည်းသွားခြင်းများ ဖြစ်နိုင်ပါသည်။
၂။ ဆံပင်နှင့် အခြားအမွှေးအမျှင်များ - ဆံပင်နှင့် အမွှေးအမျှင်များ၏ အရောင်သည် အဖြူရောင်မှ အညိုရောင်ထိ အမျိုးမျိုးဖြစ်နိုင်သည်။ ရောဂါဖြစ်နေသည့် အာဖရိကန် နှင့် အာရှသားများ၏ အရောင်သည် အဝါရောင်၊ အနီဘက်သန်းသည့်အရောင်၊ အညိုရောင် အမျိုးမျိုးဖြစ်နိုင်ပါသည်။
၃။ မျက်လုံးအရောင်နှင့် အမြင်အာရုံ - မျက်လုံးအရောင်သည် အပြာဖျော့ရောင် မှ အညိုရောင်ထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။အသက်ကြီးလာတာနှင့်အမျှ အရောင်လည်း ပြောင်းလဲနိုင်ပါတယ်။

လူဖြူရောဂါသည် အမြင်အာရုံကို သိသိသာသာထိခိုက်စေပါသည်။လက္ခဏာများမှာ-
- မျက်ဆံလှုပ်ရှားမှုမြန်ဆန်ခြင်း သို့မဟုတ် မျက်ဆံမှာ လည်နေခြင်း
- မျက်လုံးနှစ်လုံးစလုံးမှာ တစ်နေရာတည်းကို မကြည့်နိုင်ခြင်း၊ လှုပ်ရှားမှုကို လိုက်၍ မကြည့်နိုင်ခြင်း
- အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း
- အလင်းရောင်မကြည့်နိုင်ခြင်း
- မျက်စိမှန်ဘီလူးခုံး ပုံမမှန်ခြင်းကြောင့် အမြင်ဝါးခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ
      လူဖြူရောဂါသည် မျိုးရိုးဗီဇ ပုံမမှန်ခြင်းကြောင့်ဖြစ်သည်။မယ်လနင်ထုတ်လုပ်ရာတွင် ပါဝင်သည့် ပရိုတင်းတည်ဆောက်မှု မျိုးရိုးဗီဇ
ချို့ယွင်းသွားသည့်အခါ ကိုယ်ခန္ဓာ၏ အရေပြားနှင့် မျက်လုံးတွင် ရှိသော မယ်လနင်မှာ လုံးဝမရှိတော့ခြင်း သို့မဟုတ် သိသိသာသာနည်းသွားခြင်းများ ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲ ပြဿနာများ
၁။ အရေပြားရောဂါများဖြစ်ခြင်း - လူဖြူရောဂါရှိသူများသည် နေလောင်ခြင်းနှင့် အရေပြားကင်ဆာ ဖြစ်ဖို့အခွင့်အလမ်းများပါသည်။
၂။ လူအများနှင့်မတူဘဲ အသားရောင်ကွဲထွက်နေသည့်အတွက် အများ၏ အထူးအာရုံစိုက်မှုကို ခံရခြင်း၊ အထူးသဖြင့် ကလေးဘဝတွင် ကလေးအချင်းချင်း နာမည်လှောင်ပြောင်ခေါ်ခံရခြင်း၊ အသားရောင်နှင့် ပတ်သက်၍ ခဏခဏ မေးခွန်းများအမေးခံရခြင်း၊ မျက်မှန်အထူကြီးများတပ်ဆင်ထားရခြင်းတို့ကြောင့် လူမှုပတ်ဝန်းကျင်နှင့် ကင်းကွာခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း တို့ဖြစ်နိုင်ပါတယ်။
 
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
      မွေးစကတည်းက ကလေး၏ ဆံပင်၊ အသားအရေ၊ မျက်ခုံးနှင့် မျက်တောင်မွှေးအရောင်များ ဖြူနေပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ဆရာဝန်က ကလေး၏ အမြင်အာရုံစမ်းသပ်စစ်ဆေးခြင်းနှင့် ကိုယ်ခန္ဓာတွင် အရောင်ပြောင်းလဲလာမှု ရှိမရှိကို စောင့်ကြည့်မည်ဖြစ်သည်။
      တစ်နှစ်အောက်ကလေးများတွင် လူဖြူရောဂါကို စတင်သတိထားမိစေသော အကြောင်းရင်းမှာ မျက်စိအာရုံနှင့် အနေအထားပုံမမှန်ခြင်းတို့ကြောင့် ဖြစ်သည်။ အသက်၃-၄လလောက်တွင် မျက်ဆံလည်နေတာကို သတိထားမိလျှင် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသသင့်ပါတယ်။

စစ်ဆေးမှုများ
- အသားရောင်ပြောင်းလဲလာမှုရှိမရှိကို စောင့်ကြည့်ခြင်း
- မျက်စိစမ်းသပ်မှုများ ပြုလုပ်ခြင်း
- ကလေး၏ အသားရောင်ကို အခြားမိသားစုဝင်များနှင့် နှိုင်းယှဉ်ကြည့်ခြင်း

ကုသခြင်း
      လူဖြူရောဂါသည် မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်သောရောဂါဖြစ်သည့်အတွက် ကုသရန်ဆေးမရှိပါ။သိုု့သော်နောက်ဆက်တွဲဆိုးကျိုးများကိုတော့ ကုုသ၍ရနိုင်ပါသည်။
- မျက်လုံးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း
- အရေပြားရောဂါများရှိမရှိ စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ခြင်း များပြုလုပ်ရပါမည်။

ကာကွယ်ခြင်း
      မိသားစုထဲတွင် ရောဂါဖြစ်သည့် ကလေးတစ်ယောက်ရှိပါက နောက်ထပ် ကလေးထပ်မယူခင် ဆရာဝန်၏ ဆွေးနွေးအကြံပေးခြင်း၊ စစ်ဆေးခြင်းများကို ခံယူပါ။

ရှောင်ရန်၊ ဆောင်ရန်အချက်များ
- ပါဝါမျက်မှန်တပ်ဆင်သည့်အပြင် လိုအပ်ပါက လက်ကိုင်မှန်ဘီလူးကို အသုံးပြုပါ။
- အပြင်ထွက်သည့်အခါ နေရောင်ဒဏ်ကာကွယ်ပေးသော (အနည်းဆုံး SPF 30 ပါသော)၊ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးသော ကရင်မ်များလိမ်းပါ။
- နေအရမ်းပြင်းသည့် အချိန်တွင် အိမ်အပြင်ထွက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
- အပြင်ထွက်သည့်အခါ အကျႌလက်ရှည်၊ဘောင်းဘီရှည် ဝတ်ဆင်ပါ။ ဦးထုပ်ကြီးကြီးဆောင်းပါ။
- ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်ပေးနိုင်သော မျက်မှန်တပ်ဆင်ပါ။

အခြားသိသင့်သော အချက်များ

- မျက်ဆံလည်ခြင်းသက်သာစေရန်နှင့် အမြင်အာရုံ တိုးတက်စေရန် ခေါင်းကို တစ်ဖက်သို့စောင်းခိုင်းခြင်း၊ စာအုပ်ဖတ်သည့်အခါ မျက်လုံးနားကပ်၍ ဖတ်ခိုင်းခြင်းများ ပြုလုပ်ပေးပါ။
- စာသင်ခန်း၏ ရှေ့ဆုံးတန်းတွင် ထိုင်ခိုင်းပါ။
-ြ ဖစ်နိုင်လျှင် ပုံမှန်ထက်စာလုံးကြီးထားသော၊ မှင်အရောင်နက်နက်ဖြင့် ရိုက်နှိပ်ထားသော ပုံနှိပ်စာအုပ်များကိုသာ အသုံးပြုစေခြင်း။
-ကျောင်းရှိ ဆရာ၊ ဆရာမများအား မိမိကလေး၏ အခြေအနေကို သိအောင်ပြောပြထားပါ။
- ကွန်ပြူတာတွင် စာလုံးဆိုဒ်ကြီးသည့် နည်းကို သင်ပြထားပေးပါ။
- ကလေးကို နှစ်သိမ့်ပါ၊ လူအများနဲ့စကားပြောဆိုတတ်အောင် သင်ကြားပေးပါ။
- စနောက်လာသည့် အခါ တုံ့ပြန်ပြောဆိုတတ်အောင် သင်ကြားထားပါ။
- စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးသည့် အဖွဲ့အစည်းများနှင့် လည်းဆက်သွယ်ထားပါ။
Translated by: Khin JyuJyu Ko
Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18