Print

ကုပ်ကျီးပေါင်းတက်ခြင်း

  25-Feb-2017
Preview Image

မွေးကင်းစ ကလေးတယောက်မှာ အရိုးပေါင်း ၂ရဝလောက် ရှိပါတယ်။ အသက်အရွယ် တဖြည်းဖြည်းရလာတော့ အရိုးတွေတခုနဲ့ တခုပေါင်းစပ်လာပြီး နောက်ဆုံးမှာ ၂၀၆ရိုးလောက်ပဲ ကျန်တော့တယ်။ ဒီထဲမှာမှ လူ့ခန္ဓာကိုယ်တခုလုံးကို ထောက်ပံ့ထားတဲ့ အဓိကအရိုးကတော့ ကျောရိုးဆစ်မကြီး(spinal column) ဖြစ်ပါတယ်။ ကျောရိုးဆစ်ဆိုတာ အရိုးဆစ်ပေါင်း ၃၃ခုနဲ့ တွယ်ဆက်ထားပြီး ကုပ်ကနေ မြီးညောင့်ရိုးထိ ၂၈လက်မလောက် ရှည်တယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးကြီးတဲ့အရိုးဖြစ်သလို ဒုက္ခအပေးနိုင်ဆုံး အရိုးလည်းဖြစ်တယ်။ 

ခန္ဓာဗေဒကို လေ့လာကြည့်ရင် အရိုးတွေဟာ အုတ်ခဲတွေ စီထားသလို တခုနဲ့ တခုထပ်နေတယ်။ ကြားထဲမှာ အင်္ဂတေလိုမျိုး ကြားခံ intervertebral discဆိုတာက ခံပေးထားရတယ်။ ကူရှင်သဘော ဖိအားကို အလိုက်သင့်ထိန်းပေးဖို့ ဖြစ်ပါတယ်။ အရိုးတွေကို တည်ငြိမ်နေအောင်၊မြဲမြံနေအောင် တွယ်ဆက်ပေးရတာက အရွတ်တွေဖြစ်ပါတယ်။ အဆစ်ကတော့ လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးသလို လှုပ်ရှားမှုကိုလည်း ကန့်သတ်ပေးတယ်။ ကြွက်သားတွေကတော့ အရိုးအဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ကျောရိုးဆစ်တွေရဲ့ အလယ်မှာ spinal cord ခေါ်တဲ့ အာရုံကြောမကြီးတချောင်းက ဖြတ်သွားတယ်။ အဲဒီကျောရိုးမရဲ့ တဖက်တချက်စီက ထွက်လာတဲ့ အာရုံကြောသေးသေးလေးတွေက ခံစားမှုနဲ့ လှုပ်ရှားမှုကို ဖြစ်စေတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးတွေကြားမှာရှိတဲ့ intervertebral disc ကြားခံလွှာက ကျွတ်ဆတ်လာတယ်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံထားရတာကြောင့် ကြားခံလွှာက ပြားချပ်လာပါတယ်။ ရလာဒ်ကတော့ အဆစ်တွေ ကျွံပြီး အထဲမှာရှိတဲ့ ကျောရိုးမ(သို့) ကျောရိုးက ထွက်လာတဲ့ အာရုံကြောတွေကို သွားဖိပြီး ကျီးပေါင်းရဲ့ လက္ခဏာတွေ ခံစားလာရတယ်။ 

ကုပ်မှာဖြစ်ရင် ကုပ်ကျီးပေါင်း(cervical spondylosis) လို့ ခေါ်ပါတယ်။ ကျီးပေါင်းကြောင့် လက်ပြင်အောင့်သလို
တင်းပြီး နာကျင်နေတတ်တယ်။ ပခုံးကနေ လက်ချောင်းတွေထိ အပ်နဲ့ ထိုးသလို တစစ်စစ် ထုံကျဉ်နေတာလည်း ရှိတယ်။ ဘယ်ဖက်လက်မှာဖြစ်ရင် နှလုံးရောဂါနဲ့ မှားတတ်တယ်။ ကုပ်ကျီးပေါင်းကနေ အာရုံကြောမ spinal cordကို သွားထိရင် cervical myelopathy ဆိုတာ ဖြစ်လာပါတယ်။ ရောဂါက ပိုဆိုးလာတယ်။ ကျောရိုးအထက်
အာရုံကြောအရင်းပိုင်းကို ထိခိုက်လို့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အားနည်းလာတယ်။ အထူးသဖြင့် ကျောရိုးကထောက်ပံ့တဲ့
ခြေထောက်ရဲ့လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်။ 
ခြေထောက်အားယုတ်လာသလိုဖြစ်ပြီး အကြောတွေ တောင့်တင်း
လေးလံလာတယ်။ လမ်းလျှောက်ပုံမမှန်ပဲ ယိမ်းယိုင်နေတယ်။ ဖြစ်တဲ့ပုံစံက ဒူးအဆစ်ရောင်တာနဲ့လည်း မှားတတ်တယ်။ ညဖက် ဆီးမကြာခဏသွားတာ
ကျောမှာရှိတဲ့ အာရုံကြောမကြီးပေါ်သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ မကုဘဲထားရင် နောက်ပိုင်းမှာ ဆီး၊ဝမ်း မထိန်းနိုင်တာမျိုးထိ
ဖြစ်လာတတ်တယ်။ 

ကုသနည်းတွေက ရောဂါလက္ခဏာပေါ်မူတည်ပြီး ကွဲပြားသွားတယ်။အများစုက ရောဂါပိုဆိုးမလာအောင်နဲ့ ဝေဒနာကို ယာယီ သက်သာစေဖို့သာ ဖြစ်ပါတယ်။ ဒီအတွက် ဘာလုပ်ကြသလဲ။ လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ အလွယ်တကူ အိမ်မှာတင် ဇက်လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ ခေါင်းလှည့်လေ့ကျင့်ခန်း တနေ့ သုံးကြိမ် (၅)မိနစ်စာလောက် လုပ်ပါ။ တင်းနေတဲ့ကုပ်ကို ရေနွေးအိတ်သုံးပြီး အပူကပ်ပေးနိုင်တယ်။ ဆရာဝန်ဆီသွားရင် အကိုက်အခဲပျောက်ဆေး၊အကြောလျှော့ဆေးမျိုး ပေးတတ်တယ်။ သိပ်မဆိုးရင် cervial collar လည်ထောက်ကို နေ့တဝက်လောက် တပ်ခိုင်းပြီး သက်သာလာစေတယ်။ ဒါမှ မသက်သာသေးရင် physiotherapist တွေဆီသွားပြီး လေ့ကျင့်ခန်းလုပ်တာ၊အပူပေးပြီး နှိပ်တာမျိုးတွေလုပ်နိုင်ပါတယ်။ အဆစ်ထဲကို စတီးရွိုက်ထိုးပြီး ကုသတဲ့ နည်းလည်းရှိတယ်။ ဘေးထွက်ဆိုးကျိုးတော့များတယ်။ ဝေဒနာကို ယာယီသက်သာစေရုံသာ ဖြစ်မယ်။ ရောဂါတော့ အရှင်းမပျောက်ကင်းစေနိုင်ပါ။ မသက်သာသေးရင် နောက်ဆုံးပိတ်နည်းက အရိုးအဆစ်ခွဲစိတ်ပြုပြင်နည်း ဖြစ်ပါတယ်။ ခွဲစိတ်နည်း အမျိုးမျိုးရှိတယ်။ အဆစ်နေရာကို ခွဲစိတ်ပြီး ပျက်ဆီးနေတဲ့အပိုင်းတွေကို ရှင်းလင်းဖြတ်တောက်ရတယ်။ ပျက်ဆီးတဲ့ အရိုးနေရာမှာ ကြားခံ bone implant တခုနဲ့ အစားထိုး ထည့်ထားရပါတယ်။တချို့က မလှုပ်နိုင်အောင် metallic plate သတ္တုပြားတခုနဲ့ အုပ်ပြီး ချန်ထားခဲ့တယ်။ အများစုဟာ ခွဲစိတ်ပြီး ၆-၉လအတွင်း အလုပ်တွေပြန်လုပ်နိုင်ကြတယ်။ 

ကျီးပေါင်းဆိုတာ အရိုးအဆစ်တွေ တဖြည်းဖြည်း ပျက်ဆီးယိုယွင်းလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ပျက်ဆီးမှုက နှေးတာနဲ့မြန်တာပဲ ကွာခြားတယ်။ ပျက်ဆီးနေတဲ့ အဆစ်အမြစ်က အာရုံခံကြောတွေကို ဖိမိတဲ့အခါ ကျီးပေါင်းလက္ခဏာတွေ စတင်ခံစားလာရတယ်။ ဘယ်အချိန်မှာ စတင်ခံစားရလည်း တယောက်နဲ့တယောက် မတူနိုင်ဘူး။ အသက်အရွယ်၊အလုပ်အကိုင်၊အနေအထိုင်ပေါ်လည်း မူတည်ပါတယ်။ တချို့ကသိပ်မဆိုးပေမယ့် တချို့ကတော့ မခံနိုင်အောင် နာကျင်တတ်တယ်။ တူညီတာက တချိန်ချိန်မှာ ရောဂါပိုဆိုးလာပဲ ဖြစ်တယ်။ ဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ။ 

အနေအထိုင်ဆင်ခြင်ပါ။ ထိုင်တဲ့ပုံစံံ၊အိပ်တဲ့ပုံစံ မှန်ကန်ဖို့ လိုအပ်တယ်။ ဥပမာ ထိုင်တဲ့အခါ ခါးမတ်မတ်ထား၊ရှေ့တည့်တည့် ရှူပြီးထိုုင်ပါ။ အိပ်တဲ့အခါ ခေါင်းအုံးတလုံးထက် မပိုသင့်ဘူး။ ကျီးပေါင်းအတွက် သီးသန့်လာတဲ့(အလယ်ကအချိုင့်ပါတဲ့)ခေါင်းအုံးမျိုးနဲ့ အိပ်သင့်တယ်။ဖြစ်နိုင်ရင် ဇက်လေ့ကျင့်ခန်းသာမက ခါးလေ့ကျင့်ခန်းပါ လုပ်ကြည့်ပါ။ ရေကူးသလို ခြေ၊လက်လေ့ကျင့်ခန်းမျိုးလည်း ကောင်းတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို အလွန်အကျွံဖြစ်အောင် မလုပ်သင့်ဘူး။ နှေးနှေးနဲ့ မှန်မှန်သာလုပ်ပါ။ ဝိတ်တတ်နိုင်သမျှ ထိန်းပါ။ ဒေါက်မြင့်ဖိနပ်၊ခွာမြင့်ဖိနပ် မစီးသင့်ဘူး။ ကျီးပေါင်းထတဲ့အချိန်မှာ မျက်စိ အာရုံစိုက်ရတဲ့ အလုပ်တွေ တတ်နိုင်သမျှ ရှောင်ထားသင့်တယ်။ တီဗွီ၊ကွန်ပျူတာ၊စာအုပ် မဖတ်ပါနဲ့။ ရေအေးမကိုင်ပါနဲ့။ ပန်းကန်ဆေး၊အဝတ်လျှော်၊မီးပူတိုက်အလုပ်တွေ မလုပ်ပါနဲ့။ အဲယားကွန်း၊ပန်ကာလေက ပိုဆိုးတတ်တယ်။ ရေချိုးတဲ့အခါ ရေပူကိုသာ သုံးပါ။ ယောဂကျင့်တာလည်း လေ့ကျင့်ခန်းတမျိုးဖြစ်လို့ ကျီးပေါင်းအတွက် ကောင်းတယ်။ တရုတ်အပ်စိုက်ကုထုံးကလည်း အကျိုးရှိနိုင်တယ်။ ဗမာဆေးဆိုတာတွေလည်း စမ်းလို့ရပါတယ်။ ဆေးပညာက အသိအမှတ်မပြုပေမယ့်
ကောင်းတဲ့နည်းတွေလည်း ရှိနိုင်ပါတယ်။ ရောဂါပေါ်မူတည်ပြီး တယောက်နဲ့တယောက် တုံ့ပြန်မှုတွေတော့ ကွာခြားနိုင်တယ်။ 

Ref:
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ
Monday, August 18, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18