Print

Peptic Ulcer ( အစာအိမ်နဲ့ အူလမ်းကြောင်း အနာ )

  27-Feb-2017
Preview Image

Peptic Ulcer ( အစာအိမ်နဲ့ အူလမ်းကြောင်း အနာ )
အစာရေမျို၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့တွင် အနာဖြစ်ခြင်းကို အစာအိမ်နှင့် အူလမ်းကြောင်းအနာ (Peptic Ulcer) ဟုခေါ်သည်။

 

လက္ခဏာများ
ရောဂါလက္ခဏာများမှာ ရက်ပိုင်းလပိုင်းအတွင်း မကြာခဏ ပြန်လည်ဖြစ်ပွားတတ်သည်။
- အဓိကအားဖြင့် ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ခံစားရတတ်သည်။
- အစာအိမ်တွင်း အစာမရှိချိန်နှင့် ညဘက်တွင် ပို၍ဆိုးတတ်သည်။
- အစာစားခြင်း၊ အစာအိမ် အက်ဆစ်ဓာတ်ကို လျော့နည်းစေသော ဆေးများသောက်ခြင်းဖြင့် သက်သာစေသည်။
- အချိန်ကြာမြင့်၍ ပိုမိုဆိုးရွားလာပါက အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့သွားခြင်း၊ သွေးအန်ခြင်းနှင့် ဝမ်းမည်းမည်းသွားခြင်း တို့ထိဖြစ်နိုင်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အစာအိမ်တွင်းအက်ဆစ်ဓာတ် လျော့နည်းစေသောဆေးများ(Antacid) သောက်
ခြင်းဖြင့် လက္ခဏာများ မသက်သာပါက ဆရာဝန်ထံသွားရောက်၍ ကုသမှုခံယူသင့်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
အစာအိမ်တွင်း အက်ဆစ်ဓာတ်များလျှင် သို့မဟုတ် အစာအိမ်နှင့် အူလမ်းကြောင်း နံရံကို ကာကွယ်ပေးသော အချွဲများနည်းလျှင် အစာအိမ်နှင့် အူလမ်ကြောင်းတစ်လျှောက် အနာဖြစ်တတ်သည်။

ဖြစ်စေသော အဓိက အကြောင်းရင်းများမှာ

- Helicobactor pylori ဘတ်တီးရီးယားကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းနံရံ ရောင်ရမ်းခြင်း
- အစာအိမ်နံရံကို ထိခိုက်စေသော အကိုက်အခဲပျောက်ဆေးများ မကြာခဏသောက်ခြင်း
- အရိုးပါးရောဂါအတွက် သုံးသော Bisphosphonates နှင့် ပိုတက်ဆီယမ် ပါဝင်သောဆေးများ သောက်ခြင်း တို့ဖြစ်သည်။
- ဆေးလိပ်သောက်သူ၊ အရက်သောက်သူများတွင် ပို၍အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ
ကုသမှု မခံယူ၍ မကြာခဏ ပြန်လည်ဖြစ်ပွားနေပါက

- အနာမှ သွေးစိမ့်ထွက်၍ သွေးအားနည်းကာ ဖြူဖျော့ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းတွင်းသွေးပါ၍ ဝမ်းမည်းမည်းသွားခြင်း
- ရောဂါပိုးဝင်ကာ အစာအိမ်နှင့် အူလမ်းကြောင်း ပေါက်ခြင်း
- အနာပြန်ကျက်သွားချိန်တွင် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း အမာရွတ်ဖြစ်ကာ ရင်ပြည့်လွယ်ခြင်း၊ စားပြီးအစာများ ပြန်အန်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း တို့ဖြစ်နိုင်ပါသည်။

 

စစ်ဆေးမှုများ
- Helicobactor pylori ဘတ်တီးရီးယားရှိမရှိ သွေးနှင့် ဝမ်းကို စစ်ဆေးခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းတွင်း အနာရှိမရှိကို သိနို်င်ရန်နှင့် အနာကို Biopsy ယူရန် OGDS မှန်ပြောင်းကြည့်ခြင်း
- ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ခြင်း (Barium meal X-ray) တို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း
- H.pylori ဘတ်တီးရီးယားကို သေစေသော ပိုးသတ်ဆေးများ သောက်ခြင်း
- အစာအိမ်တွင်း အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးသော၊ လျော့ချပေးသော ဆေးများနှင့် အစာအိမ်နာကျက်ဆေးများကို သောက်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းနံရံများကို အားကောင်းစေသော ဆေးများ သောက်ခြင်း
- အနာကျက်မြန်စေရန် ဗီတာမင်များစွာ ပါဝင်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးခြင်း
- အကိုက်အခဲပျောက်ဆေးများ သောက်သုံးရန် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးခြင်း
- စိတ်ဖိစီးမှုများကို လျော့ချခြင်း
- အရက်လျော့သောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း တို့ဖြင့် ကုသပျောက်ကင်းနိုင်ပါသည်။

 

ကာကွယ်ခြင်း
- H.pylori နှင့် အခြားသော ဘတ်တီးရီးယားများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း မဝင်ရောက်စေရန် အစာမစားမီ လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောခြင်း၊ အစားအစာများကို သေချာစွာ ချက်ပြုတ်စားသောက်ခြင်း
- အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

 

Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayoclinic

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18