Print

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သားဖွားမီးယပ်အထူးကု ဆရာဝ...

  28-Feb-2017
Preview Image

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း
‘‘ဆင်းရဲတယ်ဆိုတဲ့ကိစ္စက ပိုက်ဆံ၊ ငွေကြေးဆင်းရဲတာ တစ်ခုတည်းမဟုတ်ဘူး။ အသိပညာဆင်းရဲတာ။ နောက်ပြီးတော့ တကယ်ဖြစ်လာတဲ့အချိန်ကျရင် ကိုယ့်ကလေး ကိုယ်ပြန်သတ်တဲ့ ကရုဏာတရားဆင်းရဲတာ’’

 

လတ်တလောကာလအတွင်း ဆယ်ကျော်သက်အရွယ်ဖြစ်သော အသက် (၁၀)နှစ်မှ (၁၉)နှစ်အရွယ် အမျိုးသမီးငယ်များ ကိုယ်ဝန်ဆောင်မှု များပြားလာသည်။ ကလေးဘဝမှ လွန်မြောက်ခါစ၌ မိခင်ဘဝသို့ ရုတ်ခြည်းကူးပြောင်းလိုက်ရသဖြင့် ကိုယ်ဝန်ဖျက်ချမှုကဲ့သို့ လမ်းလွဲလိုက်မိကာ အသက်ဆုံးရှုံးခြင်းများလည်း ရှိလာသည်။ ယင်းမှာ ငယ်ရွယ်စဉ် မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတကောင်းမွန်စွာ မရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ အမျိုးသမီးများအား အသက်အရွယ်အလိုက် အသိပညာပေးသင့်ကြောင်းကို ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်)မှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် မိခင်လေးတွေ အရမ်းများလာတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ?

ဆရာတို့ ဆေးရုံ၊ ဆေးခန်းတွေမှာ အများကြီးတွေ့တွေ့လာတာက ဘာလဲဆိုရင် ငယ်ငယ်လေးနဲ့ စပြီးလိင်ဆက်ဆံတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ကိုယ်ဝန်ရသွားတဲ့ ကိစ္စတွေ၊ တဖြည်းဖြည်းနဲ့ ပိုပိုငယ်လာတာ တွေ့ရတယ်။ နောက်ပြီးတော့ အဲဒီလို ကိုယ်ဝန်ဆောင်သွားပြီဆိုလို့ရှိရင်လည်း ဘာတစ်ခုမှ အဆင်သင့်မဖြစ်သေးဘူး။ 

ဘာဆိုဘာမှလည်း မသိတဲ့အရွယ်မှာလေ ကိုယ်ဝန်ဆောင်ပြီး မိခင်လောင်း တစ်ယောက် ဖြစ်သွားတာ။ အဲဒီတော့ သူတို့ဘဝကို ကြည့်လိုက်လို့ရှိရင် ဘယ်လမ်းကို သွားသွား တစ်ခုမှမကောင်းတဲ့ အခြေအနေဆိုးကြီးကို ရင်ဆိုင်ရတာပေါ့။ 

ဒီကလေးကို ယူမယ်ဆိုလို့ရှိရင်လည်း သူ့ဘဝက မိခင်ဘဝဖြစ်သွားပြီ။ အခုမှစပြီး ကလေးဘဝ လွန်မြောက်ခါစလေ။ မြီးကောင်ပေါက် အရွယ်လေးပဲရှိသေးတယ်။ ဒီကြားထဲ စီးပွားရေးက အဆင်မပြေရင် ဒီကလေးကို ဘယ်လိုမွေးမယ်၊ ဘယ်လိုကျွေးမယ်။ ဒါမျိုးတွေက ဘဝမှာ အခက်အခဲအများကြီးနဲ့ ရင်ဆိုင်ရတယ်။ 

အခုဆို ပိုဆိုးသေးတယ်။ ဖေ့စ်ဘွတ်ခ်တွေ ထဲကနေ ရည်းစားတွေရကြ၊ ကိုယ်နဲ့ဖြစ် သွားတဲ့သူက ဘယ်ကလူမှန်းမသိကြဘူး။ အိမ်ထောင်ရှိလား၊ ဘာလားမသိဘဲနဲ့ လွယ်လွယ်လေးနဲ့ ချိန်းတွေ့ကြတယ်။ အဲဒီရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်မှန်း သူတို့သိတာမဟုတ်ဘူး။ နောက်ဆုံး ကိုယ်ဝန်ရသွားပြီဆိုမှ သွေးရူးသွေးတန်းတွေနဲ့ ပတ်ဝန်းကျင်ပြောစကားတွေ နားယောင်ပြီး သွားဖျက်ချကြတယ်။ ဆေးရုံကို အများဆုံးရောက်တဲ့လူနာတွေ၊ အများဆုံးသေတဲ့ မိခင်လောင်းတွေကလည်း အဲဒါတွေပဲ ဖြစ်နေတယ်။

ဒါတွေရဲ့ အဓိကအကြောင်းရင်းက ဘာကြောင့်ပါလဲ?

အဓိကအကြောင်းရင်းက ကျန်းမာရေးဗဟုသုတ နည်းပါးတယ်ပြောရမလားပဲ။ အသိပညာဆင်းရဲတာ။ ဆင်းရဲတယ်ဆိုတဲ့ကိစ္စက ပိုက်ဆံ၊ ငွေကြေးဆင်းရဲတာ တစ်ခု တည်းမဟုတ်ဘူး။ အသိပညာဆင်းရဲတာ။ နောက်ပြီးတော့ တကယ်ဖြစ်လာတဲ့အချိန်ကျရင် ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့ ကရုဏာတရားဆင်းရဲတာ။ အထူးသဖြင့် ဆရာတို့နိုင်ငံဆို ရင် ပညာရေးနဲ့ပတ်သက်လို့ အများကြီးအားနည်းတယ်။ ကျောင်းမှာသင်တဲ့ ပညာရေးမှာ ဒါနဲ့ပတ်သက်လို့ ဘာမှမပါဘူး။ ရွာတွေမှာ ကျောင်းမနေရတဲ့ မိန်းကလေးတွေ အရမ်းများ မယ်။ ကျောင်းမှာနေပေမယ့်လည်း ကျန်းမာရေးဗဟုသုတတွေကို ကျောင်းမှာ မသင်ပေး ဘူး။ နောက်အပြင်စာတွေဖတ်တယ်ဆိုတာလည်း အရမ်းရှားတယ်။ 

အပျင်းပြေဖျော်ဖြေမှုတွေ၊ ဒီလိုမဟုတ်တာတွေ တွန်းပို့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ပဲ ကလေးတွေက အချိန်ကုန်တာဆိုတော့ အတုမြင်အတတ်သင် ငယ်ငယ်လေးနဲ့ကို ဒီကိစ္စတွေက လူကြီးတွေ ဘာမှသင်ပေးစရာမလိုဘဲ သူ့ဟာသူတတ်နေတာတွေ ဖြစ်နေ တယ်။ လက်တွေ့လုပ်နိုင်တဲ့နည်းလမ်းက ကျန်းမာရေးပညာပေးတာ။ နောက်ပြီးတော့ သားဆက်ခြား နည်းလမ်းတွေကို စနစ်တကျသုံးတာ။ ဒါတွေက အရမ်းအရေးကြီးပါတယ်။

ဘယ်အသက်အရွယ်ကစပြီးတော့မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတအသိပညာပေးဖို့ လိုပါသလဲ?

ကျန်းမာရေးအသိပညာတွေ၊ မှန်ကန်တဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာတွေကို ဟိုးငယ်ရွယ်စဉ် ကလေးဘဝကတည်းက သူ့အသက်အရွယ်လေးနဲ့သူ တစ်ဆင့်ပြီး
တစ်ဆင့် အသိပေးသွားရမယ်။ ကျောင်းမှာသင်တဲ့ ပညာမှာ မျိုးဆက်ပွားကျန်းမာရေးကို သီးသန့်ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သင့်တယ်။ 

သူ့အရွယ်ကိုလိုက်ပြီးတော့ နိုင်ငံတကာမှာ ဘယ်လိုသင်နေလဲဆိုတာ သေသေ ချာချာလေ့လာပြီး ပညာပေးဖို့လိုနေပါပြီ။ အတူတူချိန်းတွေ့လိုက်ရင်၊ အတူတူနေလိုက်ရင် ကိုယ်ဝန်ရသွားနိုင်တာ။ ကိုယ်ဝန်ရရုံတင်မကဘူး။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်တာ။ ဒါတွေနဲ့ သူတို့ဘဝ ပျက်သွားနိုင်တာ။ ကိုယ်ဝန်ရလာပြီဆို သွားဖျက်ချရင် သေတတ်တာ၊ မသေရင်လည်း ဒုက္ခိတကြီးဖြစ်သွားနိုင်တာ၊ လူငယ်ဆိုတာ တစ်ခါတလေကျရင် မှားနိုင်တာပဲ။ အချစ်နဲ့ ဘယ်သူမှမကင်းကြဘူးဆိုတော့ မရှောင်နိုင်ဘဲနဲ့ မှားယွင်းမိတာ။ 

အဲဒီအခါကျရင် သူတို့ကာကွယ်တဲ့နည်းတွေသိရမယ်။ ကိုယ်ဝန်မရအောင် ဘယ်လိုသားဆက်ခြား နည်းတွေ သုံးကြမလဲ။ တစ်ယောက်နဲ့တစ်ယောက် ရောဂါတွေ မကူးစက်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ ကျန်းမာရေးအသိပညာ၊ ကာကွယ် နည်းတွေကို လူငယ်တိုင်း၊ လူငယ်တိုင်းက သိသင့်နေပြီ။ မြီးကောင်ပေါက်အရွယ်ရောက် လာတဲ့ အရွယ်တိုင်းက သိကိုသိသင့်တယ်။

မြန်မာနိုင်ငံမှာက မိဘတွေအနေနဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေကို ဒီလို မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး မသိသင့်သေးဘူးလို့ ယူဆကြတာတွေနဲ့ပတ်သက် ပြီးတော့ကော ဘယ်လိုမြင်ပါသလဲ?

မိဘတွေအများစုက ကလေးတွေကို မျိုးဆက်ပွားကိစ္စတွေနဲ့ ပတ်သက်ပြီး သိသင့်တာမဟုတ်ဘူး။ ကလေးတွေနဲ့ မဆိုင်ဘူး။ ဒါတွေကို လျှောက်ပြောလို့ရှိရင် ကလေးတွေက စောစောစီးစီး အတုမြင်အတတ်သင် ပေါက်တတ်ကရတွေ လုပ်လိမ့် မယ်လို့မြင်ပြီးတော့ ပိတ်ပင်ကြတယ်။ 

ဟိုးအရင်ခေတ်ကတော့ ပြဿနာမရှိဘူး။ ပိတ်ပင်ထားလို့ရှိရင်လည်း ကလေးတွေက ဘယ်သွားကြည့်ရမှန်းလည်းမသိဘူး။ အခုကျတော့ အဲဒီလိုမဟုတ်ဘူး။ ကမ္ဘာကြီးက ဟင်းလင်းပွင့်သွားပြီ။ ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာဖြစ်သွားပြီ။ ဖုန်းလေးရှိရုံနဲ့ ဘယ်ဟာကိုမှ လျှို့ဝှက်ထားလို့မရတော့ဘူး။ ကလေးတွေကို လူကြီးတွေက သေသေချာချာမှန်ကန်တဲ့ ဗဟုသုတတွေကို မသင်ပေးဘူး၊ မပြောပြဘူးဆိုရင် သူတို့နည်း၊ သူတို့ဟန်နဲ့ အဲဒီဟာကို ရအောင်ကြည့်ကြလိမ့်မယ်။ လိုက်ပြီးတော့ လေ့လာကြမယ်၊ မြည်းစမ်းကြမယ်။ အဲဒီအခါကျရင် အစောကပြောတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာ။ ရည်းစားထားဖို့ဆိုတာ လွယ်လွယ်လေးရယ်။ အိမ်ထဲမှာ ပိတ်လှောင်ထားရုံနဲ့ မရတော့ဘူး။

ပြီးတော့ မိဘမြင်ကွင်းထဲက တစ်နာရီလောက် ပျောက်သွားရုံနဲ့ နောက် တစ်လ လောက်နေရင် ကိုယ်ဝန်ရှိသွားနိုင်တယ်။ ဗိုက်ထဲမှာ ကလေးတစ်ယောက် ဘယ်လိုရောက်လာလဲ မိဘကသိတောင် မသိလိုက်ဘူး။ 

ဒါကြောင့် ဆေးရုံကိုရောက်လာပြီး ကိုယ့်ရှေ့မှာ အသေဆိုးနဲ့ သေနေမှာကို ထိုင်ကုနေရုံနဲ့ မလုံလောက်တော့ဘူး။ အစောကလို ကျောင်းမှာချည်းပဲဆရာတွေက သင်ပေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်မလဲ။ မိဘတွေကလည်း ဒီဟာတွေကို နားလည်ပြီးတော့ နား၊ မျက်စိဖွင့်ပေးရမယ်။ လူငယ်လေးတွေ အမှန်သိဖို့ အားလုံးပူးပေါင်းဆောင်ရွက် မှရမှာပါ။

သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ကော အဲဒီကလေးမှာ ကိုယ်ဝန်ရသွားနိုင် ပါသလား။ ပြီးတော့ ဆယ်ကျော်သက်တွေ အနေနဲ့ မတော်တဆမှားမိတာပဲဖြစ်ဖြစ်၊ အလိုမတူပဲနေမိတာဖြစ်ဖြစ် မလိုလားအပ်တဲ့ ကိုယ်ဝန်မရရှိအောင် ဘယ်လိုကာကွယ်နိုင် ပါသလဲ?

ကလေးငယ်ငယ်လေးက အဓမ္မကျင့်ခံရရင် ထိခိုက်ဒဏ်ရာရနိုင်တာက အဓိက ပဲပေါ့။ အပျိုမဖြစ်သေးရင် ကိုယ်ဝန်ဘယ်ရနိုင်မလဲ။ အပျိုဖြစ်သွားပြီဆိုရင်တော့ ကိုယ်ဝန် ရတယ်။ ပြီးတော့ ဆယ်ကျော်သက်ကလေးတွေ ချိန်းတွေ့ရင် ဘာနည်းမှမသုံးဘဲ မှားသွားတာရှိတယ်။ ဘယ်လိုကြောင့်မှားမှား အဆင့်တွေရှိတယ်။ ပထမအဆင့်က ကွန်ဒုံးလိုကာကွယ်တဲ့ နည်းသုံးတာရယ်၊ ဒုတိယအဆင့်က အရေးပေါ်သားဆက်ခြား တာပါ။ နေမိလိုက်တာနဲ့ အရေးပေါ်သားဆက်ခြားဆေးပြားကို အမြန်ဆုံးသောက်ရင် ထိရောက်တယ်။

တခြား ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါဦး။

တိုးတက်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုရင် ငယ်ငယ်လေးကတည်းက ဒီကိစ္စတွေကို သူတို့ရဲ့ကျောင်းတွေမှာ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို သင်ပေးတာရှိတယ်။ မိဘတွေကလည်း သားသမီးတွေကို သင်ပေးတာရှိတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ ကလေးတွေကို လူကြီးတွေလိုပဲ ဆက်ဆံပြီးတော့ အသက် (၁၈)နှစ်ပြည့်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရတာပေါ့။ 

ဒါတောင်မှ အဲဒီပြဿနာတွေက သူတို့နိုင်ငံတွေ မှာရှိတုန်းပဲ။ ဘာပဲဖြစ်ဖြစ်ကမ္ဘာကြီးက လွတ်လပ်ပွင့်လင်းလာတဲ့အခါကျတော့ ကောင်းတဲ့နိုင်ငံတွေကို အတုယူရမယ်။ ကိုယ့်ထက် ဆိုးတဲ့ နိုင်ငံတွေရှိပါလားဆိုတာလည်း သိရမယ်။ တကယ့်နိုင်ငံတစ်နိုင်ငံတိုးတက်ဖို ့၊ 
အောင်မြင်ဖို့ဆိုတာ လူတွေများဖို့ အဓိကမဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ 

အခုကြည့်လိုက်ရင် ပညာတတ်မိသားစုမှာကျတော့ ကလေးတစ်ယောက်မွေး တယ်ဆို စားစရာမရှိတဲ့မိသားစုတွေမှာ ကလေးတွေအများကြီးမွေးနေတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သားဆက်ခြားနည်းတွေ သေချာမသိဘူး။ သေချာလည်း အသုံးမချဘူး။ မချတဲ့အခါကျတော့ တိုင်းပြည်ကို တကယ်တိုးတက်အောင်လုပ်ပေးနိုင်မယ့် အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေများလာမယ့်အစား အလုပ်အကိုင်မရှိ၊ ဆိုးသွမ်းတဲ့ လူငယ်တွေများလာတာ ပိုမြင်နေရတယ်။ အဲဒီတော့ အရေအတွက်က အဓိကမဟုတ်ဘူး။ အရည်အချင်းက အဓိကဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : 7 day daily

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18