Print

လူပျိုဖော်၊ အပျိုဖော်ဝင်တာ ဘာကြောင့်ဖြစ်လာတာလဲ

  28-Feb-2017
Preview Image

လူပျိုဖော်၊ အပျိုဖော်ဝင်တာ ဘာကြောင့်ဖြစ်လာတာလဲ
လူပျိုဖော်၊ အပျိုဖော်ဝင်တယ်။ လူပျို၊ အပျိုဝင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာ ပြောင်းလဲမှု ဖြစ်တာတွေဟာ အဓိကကတော့ ခန္ဓာကိုယ်မှာ ဟော်မုန်းဓာတ် တချို့ ထွက်လာလို့ပဲ ဖြစ်ပါတယ်။ (ဟော်မုန်း (hormone) ဆိုတာ ခန္ဓာကိုယ်အတွင်းမှာ ထုတ်လုပ်တဲ့ ဓါတုပစ္စည်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာ ကိုယ်အင်္ဂါတွေကို သက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ လုပ်ဖို့ အချက်ပြ လှုံဆော်ပါတယ်။) လူပျိုဖော် အပျိုဖော်ဝင် တဲ့အချိန်မှာ ဦးနှောက်ကနေ ဟော်မုန်းတချို့ ထွက်လာပါတယ်။ 

(LH, FSH) အဲဒီ့ ဟော်မုန်းတွေဟာ မိန်းကလေးရဲ့ သားဥအိမ်တွေ နဲ့ ယောကျ်ားလေးရဲ့ဝှေးစေ့တွေမှာ လိင်ဟော်မုန်းတွေစပြီး ထုတ်လုပ်စေပါတယ်။ အဲဒီလိင်ဟော်မုန်းတွေ ထွက်လာလို့ ယောကျ်ားလေးမှာ လိင်အင်္ဂါတွေ ကြီးထွား ဖွံ့ဖြိုးလာပါတယ်။ မိန်းကလေးမှာ မိန်းမလိင်အင်္ဂါတွေ ကြီးထွားဖွံ့ဖြိုးလာပါတယ်။ လူပျိုဖော်ဝင်ချိန်၊ အပျိုဖော်ဝင်ချိန်မှာ ဦးနှောက်ကနေ ကြီးထွားမှုကိုဖြစ်စေတဲ့ ဟော်မုန်း လည်း အများအပြား ထုတ်လုပ်ပါတယ် (Growth hormone)။ အဲဒီဟော်မုန်းတွေ ရဲ့အစွမ်းကြောင့် လူပျို၊ အပျိုတွေရဲ့ ခန္ဓာကိုယ်ဟာ ထိုးတင်လိုသလို အလွန်အမြန် ကြီးထွားဖွံ့ဖြိုးလာတာပါ။ 

 

ယောကျ်ားလေးတွေ လူပျိုဖော်ဝင်ချိန်မှာ
• ရင်အုပ်၊ ပုခုံးနဲ့ လက်မောင်းကြွက်သားတွေ သန်မာထွားကြိုင်းလာမယ်။
• အရပ်ရှည်လာပြီး လူလည်းထွားလာမယ်။
• အသံဝင်၊ အသံအက်၊ အသံသြလာမယ်။
• ဝက်ခြံ ထွက်တတ်လာမယ်။
• ဂျိုင်းနဲ့ဆီးစပ်မှာ အမွှေးပေါက်လာမယ်။ မျက်နှာမှာနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေ ပေါက်လာမယ်။ ခြေထောက်တွေ၊ လက်တွေမှာလည်း အမွှေးတွေပေါက် လာမယ်။
• ယောကျ်ားလိင်တံနဲ့ ဝှေးစေ့ ကြီးထွားလာမယ်။
• ရင်ကားပြီး တင်သေးလာမယ်။
• ညဘက် အိပ်ပျော်နေချိန် သုတ်ရည် ထွက်တတ်လာမယ်။

 

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ -
• ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားလာမယ်။
• သူတို့ကိုယ်သူတို့ ယောကျ်ားပီသတယ်ဆိုတာ ပြချင်လာမယ်။
• ရှက်တတ်လာမယ်။ စိတ်လှုပ်ရှား လွယ်လာမယ်။ 
• ငယ်ငယ်တုန်းကနဲ့ မတူတော့ဘဲ စိတ်ပူတတ်၊ စိတ်ရှုပ်တတ်လာမယ်။
• မိန်းကလေးများနဲ့ ပြောဆိုဆက်ဆံရာမှာ ရှိုးတိုးရှန်းတန်း ဖြစ်နေတတ်တယ်။
• လူအများနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းများမှာ ပါချင်လာမယ်။ လူရာဝင်ကြောင်း အစွမ်းပြချင်လာတယ်။
• အိမ်မှာမနေချင်ပဲ သူငယ်ချင်းတွေနဲ့ အိမ်ပြင်ပဲ ထွက်လည်ချင်နေမယ်။
• စွန့်စားလိုစိတ် များလာမယ်။ မိမိကိုယ်ကို အားကိုးယုံကြည်စိတ် များလာမယ်။
• ချုပ်ချယ်တာကိုမကြိုက်ပဲ လွတ်လပ်လိုစိတ် များလာမယ်။ လူကြီးတွေကို ကလန်ကဆန် လုပ်တတ်လာမယ်။ 
• တစ်ခုခု မလုပ်ခင် သေသေချာချာ မစဉ်းစားဘဲ တစ်ရှူးထိုး လုပ်တတ်တဲ့အတွက် သူငယ်ချင်း အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးတာကို အလွယ်တကူခံရတတ် တယ်။

 

မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ -
• အရပ်ရှည်လာမယ်။
• ရင်သားတွေ ကြီးလာမယ်။
• တင်ပါးလည်း ကြီးထွားလာပြီး ကားလာမယ်။
• ဓမ္မတာ စလာမယ်။
• ဂျိုင်းကြားနဲ့ဆီးခုံမှာ အမွှေးတွေပေါက်လာမယ်။
• မျက်နှာမှာ ဝက်ခြံ ထွက်လာမယ်။

 

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ -
• ယောကျ်ားလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံချင်လာတယ်။
• အရင်ထက်ပိုပြီး လှချင်၊ ပချင်၊ အလှပြင်ချင်စိတ်ပေါက်လာမယ်။
• မိန်းကလေးတွေ ဓမ္မတာ လာခါနီးရင် စိတ်ဆိုးလွယ်မယ်၊ စိတ်လှုပ်ရှားလွယ်မယ်။
• အကြောင်းမရှိဘဲ စိတ်ပူနေတတ်၊ စိတ်ရှုပ်နေတတ်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှာ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18