Print

အမျိုးသားများ ကလေးမရနိုင်သည့် အကြောင်းအရင်းများ (၂)

  28-Feb-2017
Preview Image

အမျိုးသားများ ကလေးမရနိုင်သည့် အကြောင်းအရင်းများ (၂)
တစ်ခါတစ်ရံ ဇနီးမောင်နှံတို့တွင် စမ်းသပ် စစ်ဆေးချက်များအရ မည်သည့်ချွတ်ယွင်းချက်များမှ မတွေ ့ရဘဲ၊ အကြောင်းရှာ မတွေ့ဘဲ ကလေးမရနိုင် ဖြစ်နေသည်များလည်း ရှိသည်။ စမ်းသပ်စစ်ဆေးချက်များ ပြုလုပ်နေစဉ် စိတ်ရှည်ရန်လည်း အရေးကြီးလှသည်။ စမ်းသပ်စစ်ဆေးချက်အချို့မှာ ကြေးကြီးလွန်း၍ မတတ်နိုင်သည်များလည်း ရှိသည်။ စမ်းသပ်စစ်ဆေးရှာဖွေရာတွင် ယောကျ်ားများအတွက် အောက်ပါအတိုင်း ဆောင်ရွက်တတ်သည်။ 

 

၁။ အသက်၊ အလုပ်အကိုင်နှင့် ယခင်က အိမ်ထောင်ကျဖူးလျှင် ပြည့်စုံအောင် မေးရမည်။

 

၂။ ယောကျ်ား၏ ပင်ကိုကျန်းမာရေးသမိုင်းကို စုံလင်စွာ မေးမြန်းရမည်။ ဝှေးစေ့ရောင်
ရမ်းခြင်းရောဂါ (ORCHITIS) ဖြစ်ဖူးခြင်း ရှိ မရှိခြင်းနှင့် မျိုးပွားအင်္ဂါလမ်းကြောင်းနှင့် အနီးစပ်ဆုံးနေရာတွင် ခွဲစိတ်ကုသမှု (GONORRHOEA & CHLAMYDIA INFECTION) ဖြစ်ခဲ့ဖူးခြင်း (သို့) လက္ခဏာမှာ သံသယဖြစ်စရာ ရှိနေခြင်းတို့ကို စုံလင်တိကျအောင် မေးမြန်းရမည်။

 

၃။ ယခင်က အိမ်ထောင်ကျဖူးလျှင် ကလေးရမရ မေးမြန်းရမည်။

 

၄။ လိင်ဆက်ဆံရာတွင် မှန်ကန်ခြင်းနှင့် အကြိမ်ကို မေးမြန်းရမည်။ အသေးစိတ်မေးမြန်း
ရမည်။

 

၅။ ဆေးများ သောက်သုံးခြင်းကိုလည်း မေးဖို့လိုသည်။ သွေးတိုးရောဂါအတွက် သုံးသော GUANETHIDINE ဆေးသည် ပန်းကို သေစေနိုင်သည်။ အူမကြီးအနာဖြစ်သော ရောဂါအတွက် အသုံးပြုသည့် SALAZOPYRIN ဆေးသည် သုက်ကောင်ရေကို နည်းစေသည်။ 

 

၆။ အရက်သောက်ခြင်းသည် လိင်ဆက်ဆံခြင်း သန်စွမ်းမှုနှင့် အကြိမ်ကို လျော့နည်းစေ
သည်။ 

 

၇။ စမ်းသပ်ချက်မှာ တစ်ကိုယ်လုံးကို သေချာစွာ စမ်းရမည်။ မျိုးပွားအင်္ဂါစုကို အထူးသဖြင့်
သေချာနှံ့စပ်အောင် စမ်းသပ်ဖို့လိုသည်။

 

၈။ သုက်ရည်ကို ဓာတ်ခွဲစစ်ဆေးရမည်။ ပထမ စစ်ဆေးချက် ချွတ်ယွင်းချက်ရှိလျှင်
နှစ်ကြိမ်နှစ်ခါ ပြန်လည် စစ်ဆေးရမည်။

 

၉။ ၁၀ ရာခိုင်နှုန်းတွင် အင်ဒိုးကရိုင်း မူမမှန် မညီမညာ ဖြစ်နိုင်ပေရာ (ENDOCRINE ABNORMALITIES) ဟော်မုန်းဓာတ်များကို စစ်ဆေးရမှာ ဖြစ်ပါသည်။ ကြေးကြီးလှသော စစ်ဆေးချက်များဖြစ်သည်။

 

၁၀။ အမြုံဖြစ်နေသူများ (AZOSPERMIA) တွင် ဝှေးစေ့အသားစ ယူ၍ ဓာတ်ခွဲစစ်ဆေး
ရမည်(TESTICULAR BIOPSY)။ အခြားလိုအပ်သော စမ်းသပ်စစ်ဆေးချက်များကိုပါ
ပြုလုပ်ရတတ်သည်။ ယောကျ်ားလေးများတွင် ကလေးမရနိုင်ခြင်းကို ကာကွယ်ခြင်း၊ ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်း မရှိခြင်း (CRYPTOR CHIDISM) ကို စောစွာနှင့် ပြည့်စုံစွာ စွမ်းဆောင်ပေးခြင်း၊ ပါးချိတ်ရောင်ခြင်း (ORICHITIS) နှင့် အခြားဗိုင်းရပ်စ် ကူးစက်ခြင်းများကို ကုသချက် ပေးခြင်းတို့ ဖြစ်သည်။

ကလေး ရရှိနိုင်ခြင်းကို အများဆုံး ပေးနိုင်သော အသက် အပိုင်းအခြားသည် ယောကျ်ားနှင့် မိန်းမများတွင် ပျှမ်းမျှခြင်း ၂၅ နှစ်ဟု ဆိုပါသည်။ ယင်းအသက်နောက်ပိုင်းတွင် ကလေးရနိုင်ခြင်း အခြေအနေမှာ လျှော့နည်းလာရာ အမျိုးသမီးများတွင် အထူးသဖြင့် အသက် ၃၀ နှစ်ကျော်လျှင် လျင်မြန်စွာ ကျဆင်း သွားတတ်သည်။ ကလေးမရနိုင်ခြင်းမှာ အမျိုးသမီးတစ်ဦးနှင့်သာ သက်ဆိုင်သည်ဟု မဆိုနိုင်ပေ။ ဇနီးမောင်နှံတို့သည် ပွင့်လင်းပြတ်သားဖို့ လိုပေသည်။ ဆရာဝန်ကလည်း အထူးဂရုစိုက်စွာ အခြေအနေကို ကိုင်တွယ်ရန် လိုပေသည်။ 

ယောကျ်ားများတွင် ကလေးမရနိုင်သည့် အကြောင်းအရာများကို သိရှိပြီး ရှောင်ကြဉ်အပ်သည်များကို ရှောင်ရန် လိုပါသည်။ ကလေးရနိုင်သည့် အသက်ပိုင်းတွင် သန္ဓေတားခြင်းများကို ရှောင်သင့်လှသည်။ မည်သည့် အကာအကွယ်ကိုမှ မယူဘဲ တစ်နှစ်ကြာသော်လည်း ကလေးမရနိုင်ပါက ဆိုင်းင့ံခြင်းမရှိဘဲ လိုအပ်သော စမ်းသပ်စစ်ဆေးချက်များကို ပြုလုပ်ရန် လိုပါသည်။ ဆက်တိုက်ဆောင်ရွက်ရန် လိုပါသည်။ ပြတ်တောက်သွားပြီး ပြန်လည် စတင်ခြင်းဖြင့် အသက်ကြီးလာခြင်း၊ သုက်ရည် အခြေအနေမှာလည်း လျော့နည်းကျဆင်းလာခြင်း ရှိတတ်ပေရာ ကလေးရနိုင်မှု အခြေအနေမှာ ခက်ခဲဝေးကွာသွားနိုင်ပါသည်။ 

ကလေးမရနိုင်ခြင်းမှာ အလွန်ခက်ခဲနက်နဲပြီး သဘောပေါက်နားလည်နိုင်ရန်လည်း မလွယ်လှပေ။ သည်းခံနိုင်ခြင်း၊ စိတ်ရှည်ခြင်းနှင့် ဆရာဝန် ညွှန်ကြားချက်ကို တိကျစွာ လိုက်နာခြင်းတို့ဖြင့် အောင်ပန်းဆွတ်ခူးနိုင်ကြပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, February 2016, Pg. 23

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18