Print

လိင်စိတ် ကင်းမဲ့သူ

  28-Feb-2017
Preview Image

လိင်စိတ် ကင်းမဲ့သူ
မိန်းမများတွင် ဖြစ်တတ်သည့် လိင်စိတ်ကင်းမဲ့ခြင်းဟူသည် ဆန့်ကျင်ဘက်လိင်များနှင့် ဆက်ဆံမှုပြုလုပ်ရန် ဆန္ဒမရှိခြင်းပင်ဖြစ်၏။ လိင်စိတ်နှိုးဆွမှုကို ထိုမိန်းမအနေဖြင့် မည်သို့မျှ ခံစားရမည် မဟုတ်သလို ဆက်ဆံရသည့် အတွေ့အကြုံတွေကိုလည်း စက်ဆုပ်နေတတ်သည်။ လုံးဝ လိင်စိတ်ကင်းမဲ့ခြင်းနှင့် အချို့ အဝက်သာကင်းမဲ့ခြင်းဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ လိင်စိတ်လုံးဝကင်းမဲ့သည့် မိန်းမများသည် လိင်ဆက်ဆံရေးကို ရွံ့မုန်းဖွယ်ရာအဖြစ် စက်ဆုပ်နေလေ့ရှိသည်။ 

ကလေးဘဝတွင် တွေ့ကြုံခဲ့ရသည့် ကြောက်ရွ့ံမှုကြောင့် လိင်စိတ် ကင်းမဲ့မှု ဖြစ်ပေါ်လာတတ်သည်။ စိတ်လုံခြုံမှုမရှိသူ ကလေးငယ်သည် ဖခင်ကိုလည်း အလွန်အမင်း ကြောက်ရွ့ံရပါက သူအသက်အရွယ် ကြီးပြင်းလာသည့်အခါ လိင်စိတ်ကင်းမဲ့သူ အမျိုးသမီး တစ်ဦးဖြစ်လာတတ်သည်။ ကလေးငယ်သည် သူ၏ လိင်အားကိုင်တွယ်မှုကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါက ထိုစိတ်မျိုး ပေါ်ပေါက်လာနိုင်၏။ တစ်ခါတစ်ရံ ယောကျ်ားတစ်ဦးဦး၏ အဓမ္မဆက်ဆံမှု ခံရခြင်းကြောင့်လည်း လိင်စိတ်ကင်းမဲ့မှု ဖြစ်ပေါ်လာတတ်သည်။ 

လိင်နှင့်ပတ်သက်သော ကိစ္စများသည် ရှက်ဖွယ်ကောင်းသည်ဟူသော သဘောထားကြောင့်လည်း လိင်စိတ်ကင်းမဲ့မှု ဖြစ်ပေါ်လာစေနိုင်၏။ မိဘများတွင် ထိုသို့သော သဘောထားရှိနေပြီး လိင်ပညာပေးမှုလည်း မရှိပါက ကလေးငယ်တွင် အပြစ်စွဲစိတ်၊ ရှက်စိတ်နှင့် ရွံ့မုန်းစိတ်များ ဖြစ်ပေါ်လာစေသည်။ အကယ်၍ ထို ကလေးငယ်တွင် တစ်ကိုယ်တည်း လိင်စိတ် ဖြေဖျောက်မှုလည်း ရှိပါက အပြစ်စွဲစိတ်နှင့် ရွံ့မုန်းစိတ်တို့မှာ ပိုမိုပြင်းထန်လာတတ်သည်။ 

ဖိနှိမ်ထားသဖြင့် ဖခင်အပေါ် ထားရှိသော မြုံနေသည့် ရန်လိုစိတ်ကြောင့်လည်း မိန်းမများတွင် လိင်စိတ်ကင်းမဲ့မှု ပေါ်ပေါက်လာလေ့ရှိသည်။ မိန်းကလေးတစ်ဦးသည် 
သူ့ဖခင်အား မုန်းတီးစိတ်ရှိပါက ထိုစိတ်သည် အခြားယောကျ်ားများ အပေါ်သို့လည်း ထင်ဟပ်သွားစေနိုင်သည်။ ထိုအခါ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးတွင် ဤအမျိုးသမီးသည် စိတ်ဝင်စားမှု ရှိလာတော့မည် မဟုတ်ပေ။ ထိုနည်းတူ မြုံနေသည့် လိင်တူစိတ်ကြောင့်လည်း လိင်ကင်းမဲ့မှု ဖြစ်ပေါ်စေနိုင်၏။ အချို့မှာ စီးပွားရေး အရလည်းကောင်း၊ ဆက်ဆံရေးအရလည်းကောင်း၊ အိမ်ထောင်ပြုခဲ့ကြသော်လည်း သူတို့တွင် လိင်တူကြိုက်စိတ် ရှိနေသဖြင့် ဆန့်ကျင်ဘက်လိင်များနှင့် ဆက်ဆံရေးကို စိတ်ဝင်စားမည် မဟုတ်ပေ။

တစ်ခါတစ်ရံ လိင်ဆက်ဆံမှုကြောင့် ခံစားရမည့် နာကျင်မှုကို ကြောက်ရွံ့သဖြင့် လိင်စိတ်ကင်းမဲ့မှု ဖြစ်ပေါ်စေတတ်သည်။ ပျိုဖော်ဝင်ချိန် ရာသီလာစဉ် နာကျင်မှုဝေဒနာကို သည်းမခံနိုင်လောက်အောင် ခံစားရသော မိန်းကလေးတွင်လည်း ထိုသို့သော ဖောက်ပြန်မှု ဖြစ်ပေါ်စေနိုင်သည်။ အချို့သောမိန်းမများ လက်ထပ်ပြီးမှ လိင်စိတ်ကင်းမဲ့မှု ဖြစ်ပေါ်လာကြသည်။ ဥပမာအားဖြင့် မိန်းမတစ်ယောက်သည် သူ့ယောကျ်ားအား ချစ်ခင်တွယ်တာမှု မရှိဘဲ တာဝန်အရသာ လိင်ဆက်မှု ပြုလုပ်နေပါက ထိုသို့ လိင်ဖောက်ပြန်မှု ဖြစ်ပေါ်နိုင်၏။ ကိုယ်ဝန်ဆောင်ရမည်ကို အလွန်ကြောက်ရွံ့ခြင်းကြောင့်လည်း လိင်စိတ်ကင်းမဲ့မှု ဖြစ်ပေါ်လာသည့် သာဓကများရှိခဲ့သည်။

တစ်ခါတစ်ရံဖြစ်တတ်သည့် လိင်စိတ်ကင်းမဲ့မှုကြောင့် ဖြစ်သည်။ ထိုအခါတွင် လိင်ဆက်ဆံမှု ပြုလိုစိတ်အနည်းငယ်သာရှိမည် သို့မဟုတ် လုံးဝရှိမည် မဟုတ်ပေ။ သို့သော် ဖိစီးမှု၊ စိုးရိမ်မှုမရှိသည့်အခါ သာမန်လိင်စိတ် ပေါ်ပေါက်လာမည်ဖြစ်ပေ၏။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှု စံလွဲအပြုအမူများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18