Print

အမျိုးသား သားကြောဖြတ်ခြင်း (Vasectomy)

  28-Feb-2017
Preview Image

အမျိုးသား သားကြောဖြတ်ခြင်း (Vasectomy)
အမျိုးသားတစ်ယောက်ရဲ့ ကပ်ပယ်အိတ်ထဲမှာ ဝှေးစေ့ကလေး နှစ်လုံးရှိတယ်။
ဝှေးစေ့ထဲမှာ သုတ်ကောင်တွေ ဖြစ်ပေါ်လာပြီး ဒီသုတ်ကောင်တွေကို သုတ်ပို့ပြွန် (vas deferens) ကနေပြီး လိင်တံထိပ်ကို ရောက်အောင် သယ်ဆောင်ပေး ကြတယ်။ သားကြောဖြတ်တယ်ဆိုတာ သုတ်ကောင်တွေကို သယ်ဆောင်ပေးတဲ့ ပြွန်ကလေးကို
ဖြတ်ပြီး ချည်နှောင်ပေးလိုက်တာပါပဲ။

ဝှေးစေ့နှစ်လုံးကို လုံးဝမထိခိုက်စေဘူး။ ဒါကြောင့် ယောကျ်ားပီသမှု၊ လိင်ဆက်ဆံနိုင်တဲ့ စွမ်းအား၊ စွမ်းဆောင်နိုင်မှုတွေ လုံးဝမထိခိုက်ပဲ ယခင်ကလိုပဲ လိင်ဆက်ဆံနိုင်တယ်။ သုတ်လွှတ်နိုင်တယ်။ ရှိတာက တစ်ခုပဲ၊ အဲဒီလွှတ်လိုက်တဲ့ သုတ်ရည်ထဲမှာတော့ သုတ်ကောင်ကလေးတွေ တစ်ကောင်မှ ပါမသွားတော့ဘူးပေါ့။ အဲဒါကြောင့် လိင်ဆက်ဆံနိုင်ပေမဲ့ ကလေးတော့ မရနိုင်တော့တာ ဖြစ်ပါတယ်။

 

ဘယ်လောက်ထိရောက်ပါသလဲ
အမျိုးသမီး သားကြောဖြတ်တာထက် ဆယ်ဆပိုပြီး စိတ်ချရပါတယ်။ အမျိုးသမီး သားကြောဖြတ်မှု (၂၀၀) မှာတစ်ယောက် ကလေးပြန်ရသွားနိုင်ပေမဲ့ အမျိုးသား သားကြောဖြတ်မှု (၁၀၀၀) မှာမှ တစ်ယောက် ကလေးပြန်ရသွားနိုင်သည်။

 

ဘာတွေကို သတိထားရပါမလဲ
အမျိုးသား သားကြောဖြတ်ပြီဆိုရင် သတိထားရမဲ့ အချက်တစ်ချက်ရှိတယ်။ သားသမီး မလိုချင်တော့ဘူးလို့ ဆုံးဖြတ်ပြီး သားကြောဖြတ်ပြီးခါမှ နောင်တစ်ချိန်မှာ စိတ်ပြောင်းပြီး သားသမီးလိုချင်စိတ် ပေါ်ပေါက်ခဲ့ရင် ပြဿနာ။ ဖြတ်ထားတဲ့ 
သားကြောလေးနှစ်ခု ကို ခွဲစိတ်ပြီး ပြန်ဆက်ပေးလို့ ရတော့ပေမဲ့၊ ထူးခြားချက်တစ်ခုက သုတ်ပိုးပြွန်ထဲမှာ သုတ်ကောင်တွေကို တိုက်ခိုက်တဲ့ဓာတ်တစ်မျိုး ထွက်လာတတ်တယ်။ အဲဒီဓာတ်ဟာ သုတ်ကောင်လေးတွေ ရှင်သန်ကြီးထွားမှုကို ထိခိုက်စေပြီး ကလေးပြန် ရနိုင်ဖို့ ခက်ခဲတတ်တယ်။ သားကြောဖြတ်ပြီးခါစမှာ ဖြတ်ထားတဲ့သားကြောရဲ့ တစ်ခြမ်းမှာ သုတ်ကောင်လေးတွေ ကျန်နေတတ်တာမို့ သားကြောဖြတ်ပြီးခါစမှာ လိင်ဆက်ဆံရင် ကလေးရသွားတတ်တာကို သိထားဖို့လိုတယ်။ ဒါကြောင့်ကွန်ဒုံး (သို့) တခြားနည်းတစ်ခုခု ကို (၃) လကြာတဲ့အထိ အသုံးပြုဖို့ သေချာမှာကြားရတယ်။ 

ဒီအချိန် အတောအတွင်းမှာလည်း သုတ်ပို့ပြွန်အထဲမှာ ကျန်ရစ်နေတဲ့ သုတ်ကောင်လေးတွေ ကုန်ဆုံးသွားစေဖို့ ပုံမှန်လိင်ဆက်ဆံဖို့ အကြံပေးရတယ်။ 
ဖြစ်နိုင်ရင် (၂) လနဲ့ (၃) လမှာ နှစ်ခါတိတိ (semen analysis) ခေါ်တဲ့ သုတ်ရည်မှ သုတ်ကောင်တွေ ကျန်နေသေးလားဆိုတာ စစ်ဆေးသင့်တယ်။ အဲဒီနှစ်ကြိမ်လုံး သုတ်ရည်ထဲ သုတ်ကောင်တစ်ကောင်မှ မရှိတော့ဘူးဆိုတာ သေချာမှ စိတ်ချလက်ချ ကလေးမရဖို့ သေချာပြီလို့ အာမခံနိုင်မှာ ဖြစ်တယ်။ ခွဲစိတ်ပြီးချိန်မှာ များသောအားဖြင့် ဘာမှမဖြစ်တတ်ပေမဲ့ အခန့်မသင့်ရင် ဒဏ်ရာက သွေးထွက်တတ်တယ်။ ဒါကြောင့် ကပ်ပယ်အိတ်မှာ ရောင်ကိုင်းပြီး နာကျင်လာရင်၊ အဖျားတက်ရင်၊ အနာကပြည်တည် ၊ သွေးထွက်ရင် ဆေးရုံကို ချက်ချင်းပြန်လာပြသသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18