Print

သားဆက်ခြားတဲ့နည်းလမ်း ဘယ်နှစ်မျိုးရှိပါသလဲ။

  28-Feb-2017
Preview Image

သားဆက်ခြားတဲ့နည်းလမ်း ဘယ်နှစ်မျိုးရှိပါသလဲ။
 

သားဆက်ခြားတဲ့နည်းတွေကို ရည်ရွယ်ချက်ပေါ်မူတည်ပြီး နှစ်မျိုးခွဲခြားထားတယ်။

(၁) ယာယီသားဆက်ခြားခြင်း (temporary contraception) နဲ့
(၂) အပြီးအပိုင်သားဆက်ခြားခြင်း (permanent contraception)
(တစ်နည်းအားဖြင့်) သားကြောဖြတ်ခြင်း (sterilization) တို့ ဖြစ်ပါတယ်။

ယာယီသားဆက်ခြားနည်းတွေကို တစ်ချိန်ချိန်မှာ ကလေးပြန်ယူမယ်လို့ စဉ်းစားရင် သုံးကြတယ်။ အဲဒီနည်းတွေမှာလည်း သုံးတဲ့သဘာဝအပေါ်မူတည်ပြီး နည်းတွေ အများကြီးထပ်ရှိပြန်တယ်။

ပထမ ဘာဆေးဝါးပစ္စည်းတွေကိုမှမသုံးစွဲတဲ့ သဘာဝသားဆက်ခြားနည်း (natural methods of contraception) တွေ ရှိတယ်။

- ရက်ရှောင်နည်း (fertility awareness method)၊
- နို့တိုက်ခြင်းဖြင့် သန္ဓေတားနည်း (Lactational Amenorrhoea Method)၊
- သုတ်ရည်ကို ပြင်ပစွန့်ထုတ်နည်း (withdrawal method) တွေပဲ ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ မိန်းမဟော်မုန်းဆေး (hormonal methods) တွေ သုံးခြင်းဖြစ်တယ်။
- ပဋိသန္ဓေတားစားဆေး (Oral Contraception pills – O.C pills)
- ပဋိသန္ဓေတားထိုးဆေး (Injection methods)
- အရေပြားအောက်ပစ္စညး်ထည့်နည်း (Implants) တွေ ရှိပါတယ်။

နောက်တစ်မျိုးကတော့ သုတ်ကောင်ကလေးတွေနဲ့ သားဥကလေးမတွေ့နိုင်အောင် အကာအကွယ်ပစ္စည်း သုံးခြင်း (barrier methods) ပဲဖြစ်တယ်။
- အမျိုးသားတွေသုံးတဲ့ ကွန်ဒုံး (male condom)၊
- အမျိုးသမီးတွေသုံးတဲ့ ကွန်ဒုံး (female condom)၊
- သားအိမ်လည်တံထိပ်အဖုံး (diaphragm)၊
- သားအိမ်လည်တံထိပ်အစွပ် (cervical cap)၊
- ရေမြုပ် (sponge) တွေ ပါဝင်ပါတယ်။
နောက်တစ်မျိုးကတော့ သားအိမ်ထဲကို ပဋိသန္ဓေတားတဲ့ပစ္စည်းထည့်ခြင်း (Intrauterine Device- IUD) ပဲ ဖြစ်တယ်။

အပြီးအပိုင်သားဆက်ခြားခြင်း တစ်နည်းအားဖြင့် သားကြောဖြတ်ခြင်းက မိမိတို့မှာ သားသမီးရတနာတွေ ပြည့်စုံပြီလို့ယူဆရင် ဒါမှမဟုတ် မိခင်တွေရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်ဝန်ထပ်ပြီးမဆောင်သင့်တော့ဘူးလို့ ယူဆရင် ဒီနည်းကိုရွေးချယ်တယ်။
- အမျိုးသမီး သားကြောဖြတ်ခြင်း (female sterilization)
- အမျိုးသား သားကြောဖြတ်ခြင်း (Vasectomy) - ဆိုပြီး (၂)မျိုး ရှိပါတယ်။

အမျိုးသမီး သားကြောဖြတ်တယ် ဆိုတာ သားဥပြွန်ကလေးနှစ်ဖက်ကို ဖြတ်လိုက်တာပါ။ အမျိုးသား သားကြောဖြတ်တယ်ဆိုတာကတော့ သုတ်ပို့ပြွန် (သုတ်ကောင်ကလေးတွေရဲ့ သွားရာလမ်းကြောင်း) ကို ဖြတ်လိုက်တာပါ။ အမျိုးသမီး သားကြောဖြတ်ချင်ရင် ပထမဦးဆုံး သက်ဆိုင်ရာကျန်းမာရေးဌာနမှာ သားကြောဖြတ်လျှောက်လွှာ တင်ပြီး ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရဖို့ လိုအပ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18