Print

အပျိုဖော်ဝင်ချိန် ခန္ဓာကိုယ်ပိုင်း ပြောင်းလဲမှုများ

  28-Feb-2017
Preview Image

အပျိုဖော်ဝင်ချိန် ခန္ဓာကိုယ်ပိုင်း ပြောင်းလဲမှုများ
 

၁။ အပျိုဖော်ဝင်ခြင်း

မိန်းကလေးတွေရဲ့ အပျိုဖော်ဝင်ချိန်က အသက် ၉ နှစ်ကနေ ၁၃ နှစ်အတွင်း ဖြစ်ပါတယ်။ အဲ့ဒီအသက်ထက် စောပြီး၊ နောက်ကျပြီးမှလည်း အပျိုဖော် ဝင်တာဖြစ်နိုင်ပါတယ်။ အပျိုဖော်ဝင်ချိန်မှာ အီစထရိုဂျင်ဟော်မုန်းရဲ့ ပြုပြင်မှုတွေကြောင့် ရင်သားကြီးလာတာ၊ ခနွာကိုယ် ပုံပန်းသဏ္ဍာန် ပြောင်းလဲလာတာတွေအပြင် အရပ်ရှည်လာတာ၊ ရာသီစက်ဝိုင်း ဖြစ်ပေါ်တာ စတာတွေဖြစ်လာပါတယ်။

 

၂ ခန္ဓာကိုယ်တွင် အမွှေးများ ပေါက်လာခြင်း

အပျိုဖော်ဝင်ချိန်မှာ ချိုင်းကြား၊ ခြေထောက်နဲ့ ဆီးခုံပေါ်မှာ အမွှေးတွေ ပေါက်လာပါတယ်။ အမွှေးတွေက မည်းမှောင်ပြီး ထူထူထပ်ထပ် ပေါက်လာတတ်ပါတယ်။ ဒါဟာ သဘာဝဖြစ်ပါတယ်။

 

၃။ ဖွံ့ဖြိုးကြီးထွားခြင်း

တချို့မိန်းကလေးတွေမှာ အလျင်အမြန် တစ်ရှိန်ထိုး ဖွံ့ဖြိုးမှုဖြစ်ပေါ်ပြီး “Growth Spurt” လို့ခေါ်ပါတယ်။ အပျိုဖော်ဝင်ချိန်မှာ တစ်နှစ်ကို အရပ်လေးလက်မ ရှည်ထွက်ပါတယ်။ တစ်ရှိန်ထိုး ဖွံ့ဖြိုးကြီးထွားမှုက အသက် ၉-၁၁ နှစ်အကြာမှာ ဖြစ်ပေါ်ပြီး မိန်းကလေးအများစုက အသက် ၁၈ နှစ်အရွယ်မှာ ပြီးပြည့်စုံတဲ့ အရပ်အရှည်ကို ရောက်ရှိနေပါပြီ။

 

၄။ ဘရာစီယာ ဝတ်သင့်ချိန်

အပျိုဖော်ဝင်ချိန်မှာ မိန်းကလေးတွေရဲ့ ရင်သားက သိသိသာသာ စူထွက်လာပါတယ်။ အနည်းငယ်စူထွက်လာနေတဲ့ အချိန်မှာ အတွင်းခံအကျင်္ ီ ဝတ်ဆင်ဖို့လိုပါတယ်။ တချို့မိန်းကလေးတွေမှာ ရင်သားက တစ်ဖက်ကြီးပြီး တစ်ဖက်သေးကာ အရွယ်အစား မညီတာမျိုး ဖြစ်နေခဲ့ရင် စိတ်ပူဖို့မလိုပါဘူး။ ဒါဟာ သဘာဝပါပဲ။ ဖြစ်တတ်ကြပါတယ်။ နို့သီးခေါင်း အရွယ်အစားနဲ့ အရောင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ဖို့ ဒါဟာ သဘာဝပါပဲ။

 

၅။ ချွေးအလွန်အမင်း ထွက်ခြင်း

အပျိုဖော်ဝင်ချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ချွေးဂလင်းပေါင်း နှစ်သန်းကနေ လေးသန်းလောက်က လှုပ်ရှားမှုတွေ ဖြစ်လာတာကြောင့်ပါ။ စိတ်ရှုပ်တဲ့အခါ၊ ပူအိုက်လွန်းတဲ့အချိန်မျိုးတွေမှာ ချိုင်းနှစ်ဖက်ကနေ ချွေးတွေ အများအပြား ထွက်လာပါတယ်။

 

၆။ အရေပြားပြောင်းလဲခြင်း

အပျိုဖော်ဝင်ချိန် မိန်းကလေးတွေ ၈၅-၉၀ ရာခိုင်နှုန်းရဲ့ မျက်နှာမှာ ဝက်ခြံထွက်တာက အပျိုဖော်ဝင်တာရဲ့ ဦးဆုံးလက္ခဏာတစ်ရပ်ပါ။ ဒီအချိန်မှာ အဆီဂလင်းတွေ အလွန်အမင်း အလုပ်ပိုလုပ်တာကြောင့် ဝက်ခြံတွေ ဖြစ်လာတာပါ။ စိတ်ဖိစီးမှုများတာ၊ ရာသီလာချိန်နီးတာ၊ အဆီအခြေခံ ပြုလုပ်ထားတဲ့ မိတ်ကပ်တွေလိမ်းတာ စတာတွေက ဝက်ခြံထွက်တာကို များစေပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံတွေ အလွန်အမင်းအထွက်များပါက အရေပြားဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

 

၇။ အဖြူဆင်းခြင်း

အပျိုဖော်ဝင်လာတာကို အတွင်းခံဘောင်းဘီမှာ အဖြူဆင်းလို့ စိုစွတ်နေတာကို မြင်ပြီး သတိထားမိတတ်ကြပါတယ်။ အဖြူဆင်းတာကြောင့် ယောနိလမ်းကြောင်း စိုစွတ်ပြီး သန့်စင်သွားစေပါတယ်။ မိန်းမကိုယ်တစ်ဝိုက် ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အနံ့နံတာ ဒါမှမဟုတ် မသက်မသာဝေဒနာ တစ်ခုခုခံစားရတာ စတာတွေဖြစ်ပေါ်ပါက မိခင်ကို ပြောပြပါ။ ပိုးဝင်တဲ့လက္ခဏာမျိုးတွေ ဖြစ်တာကြောင့် လိုအပ်ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

 

၈။ အနည်းငယ် ဝဖြိုးလာခြင်း

မိန်းကလေးတွေက အပျိုဖော်ချိန်မှာ ယောကျ်ားလေးတွေထက် အနည်းငယ်ပိုဝဖြိုး လာတတ်ပါတယ်။ ခနွာကိုယ်ကလည်း ခါးသေး၊ ရင်ချီ၊ တင်ကားပြီး ပေါင်တံလေး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်ကာ အဖုအဖောင်း ကောက်ကြောင်းလေးနဲ့ ကြည့်ရတင့်တယ်လာပါတယ်။

 

၉။ ရာသီပေါ်ခြင်း

မိန်းကလေးအများစုက အသက် ၉ နှစ်ကနေ ၁၆ နှစ်အတွင်း ရာသီသွေးပေါ်တာ စတင်တတ်ကြပါတယ်။ အပျိုဖော်ဝင်ချိန်မှာ သာမန်ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေပေမယ့် ရွယ်တူသူငယ်ချင်းတစ်ယောက်ရဲ့ ရာသီသွေးပေါ်ချိန် သင့်မှာမဖြစ်ခဲ့ရင် စိုးရိမ်စရာ မလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပျိုဖော်ဝင်ချိန်မှာ ရာသီသွေးစပေါ်တဲ့အချိန် မတူညီနိုင်တာကြောင့်ပါ။

 

၁၀။ ခံတွင်းနံ့ဆိုးခြင်း

အပျိုဖော်ဝင်ချိန်မှာ သွားဖုံးတွေက တင်းပြီးရောင်ရမ်းတာ ဖြစ်ပေါ်နိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးတာ၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာ၊ သွားကြားပွတ်ကြိုး အသုံးပြုတာ၊ ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသစစ်ဆေးတာ စတာတွေပြုလုပ်ပါက ခံတွင်းနံ့ဆိုး ကင်းဝေးစေပြီး သွားနဲ့ခံတွင်း ကျန်းမာစေပါတယ်။

 

၁၁။ ချိန်းတွေ့ခြင်း

အပျိုဖော်ဝင်ပြီး အလှသွေးကြွယ်နေတဲ့ မိန်းမပျိုလေးကို လိုချင်တပ်မက်နေတဲ့ ယောကျ်ားသားတွေ ပတ်ဝန်းကျင်မှာ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဆယ်ကျော်သက်အရွယ် အပျိုပေါက်လေးတစ်ယောက်အနေနဲ့ စိတ်ကစားမှုတွေကြောင့် မဖြစ်သင့်တာတွေ မဖြစ်အောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။ လူသူကင်းဝေးတဲ့ နေရာတွေကို အဖော်မပါဘဲ တစ်ယောက်တည်း သွားလာတာမျိုးကို ရှောင်ပါ။

 

၁၂။ မော်ဒယ်လ်လေးလို မဖြစ်ရခြင်း

အပျိုဖော်ဝင်ချိန်မှာ ခြေထောက်တွေ ပိန်လှီနေပြီး ဗိုက်ပူပူနဲ့ ဖြစ်နေတာကြောင့် သင့်ကိုယ်သင် ကြည့်ရရုပ်ဆိုးနေတယ်လို့ ထင်မြင်နေပါသလား။ အများအားဖြင့် ဒါဟာပုံမှန်ပါပဲ။ လှပလိုပါလျှင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ စားသုံးပါ။

 

၁၃။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု

အပျိုဖော်ဝင်ချိန်မှာ ခနွာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေသာမကဘဲ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း ပြောင်းလဲနေပါတယ်။ ဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကြောင့် မေးစရာ မေးခွန်းတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ မသိနားမလည်သေးတာတွေကို မိခင်ကိုဖြစ်စေ၊ အစ်မကိုဖြစ်စေ မေးမြန်းတိုင်ပင်နိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2015, Pg. 91



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18