Print

ကျွန်မနှင့်အမြုံ (၄)

  28-Feb-2017
Preview Image

ကျွန်မနှင့်အမြုံ (၄) 
 

ဇနီးမောင်နှံနှစ်ဦး ကုသမှုပေးပြီး ကလေးနှစ်ယောက် မွေးဖွားခဲ့သော တရုတ်ဇနီးမောင်နှံ အကြောင်း တွေးလိုက်သောအခါ ဝမ်းသာပီတိဖြစ်ရပါသည်။ သူတို့ဇနီးမောင်နှံမှာ ၃၂-၃၃ နှစ် အသက်အရွယ်ဖြစ်ကြသည်။ ဇနီးဖြစ်သူမှာ လက်ထပ်ပြီး ခြောက်လတိုင် ကလေးမရသောကြောင့် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးထံ ပြသပြီး စစ်ဆေးခံယူပြီးဖြစ်သည်။ မျိုးဥလမ်းကြောင်း
ပြွန်ပွင့်နေခြင်း ရှိမရှိကို သားအိမ်လည်တံ အဝမှ လေ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက် (Carbon dioxide)
မှုတ်သွင်း စမ်းသပ်စစ်ဆေးခြင်း များ ပြုလုပ်ပြီး ဖြစ်သည်။ ထို့ကြောင့် သူမ၏ မျိုးဥလမ်းကြောင်းများ ပုံမှန်ပွင့်နေပြီး မျိုးဥအိမ်မှ ဥထွက်ခြင်း လက္ခဏာပါ တွေ့မြင်ကြောင်း သိရှိရသည်။

ယခု တစ်နှစ်ကြာရှိနေသော်လည်း ကလေးမရနိုင်ဖြစ်နေ၍ ကျွန်မထံ
ရောက်ရှိလာခဲ့သည်။ သူမအား အတွင်းစမ်းသပ်ကြည့်ရှုရာ၌ ပျစ်ပျစ်ခဲခဲ
အဖြူဆင်းရောဂါ တွေ့ရသည်။ မှိုတစ်မျိုး Candida albicans ကြောင့် ဖြစ်သည်။ 
သူမ၏ မိခင်မှာ ဆီးချိုရောဂါဖြင့် အသက် ၆၇ နှစ်တွင် သေဆုံးသွားကြောင်း
သိရသည်။ ဇနီးဖြစ်သူ၏ အဖြူဆင်းရောဂါကို ကုသပေးရမည် ဖြစ်သည်။ ခင်ပွန်း၏ သုတ်ရည်စစ်ဆေးထားချက်မှာ ချို့ယွင်းချက်တွေ့ရှိရသည်။ သုတ်ကောင်ရည်မှာ ၁၂ သန်းသာရှိသည်။ ပုံမှန်မှာ ၆၀ - ၁၅၀ သန်းရှိပေသည်။ ထို့ပြင် ပြည်ဆဲလ် Pus calls များ တွေ့ရသည်။ ထိုအခါ ခင်ပွန်းကို ဆီးနှင့် ကျောက်ကပ်အထူးကု ဆရာဝန်ကြီး
ဒေါက်တာ သန်းအေးထံ ပို့ရသည်။ ဒေါက်တာသန်းအေးမှာ ကျွန်မ၏ မောင်လေးသဖွယ် ခင်မင်ချစ်ခင်ရသူ ဖြစ်သည်။ သူ့မှတ်ချက်မှာ -

• သုက်ကောင်ရေ နည်းနေသည်။
• ပြည်ဆဲလ်များ တွေ့ရသည်။
• သေးငယ်သော သွေးကြောထုံးအဖု Small Varicocele တွေ့ရသည်။ ခွဲစိတ်ကုသရန် လိုမည်မထင်ပါ။

ထို့ကြောင့် ခင်ပွန်းအား ဆေးကုသခံယူစေခဲ့သည်။ ငါးလကြာ ဆေးကုသမှု ခံယူရသည်။ နောက်မှ ကျားဟော်မုန်းဓာတ်ပါသော ဆေးသောက်စေပြီး သုံးလကြာမှ ပြန်ပြရန် မှာကြားခဲ့သည်။ ဇနီးသည်မှာ ဆီးချို ရှိမရှိ စစ်ဆေးရာ၌ မရှိကြောင်း တွေ့ရသည်။ ဇနီးသည် အဖြူ ဆင်းရောဂါအား ဆေးကုသချက်ပေးခဲ့၍
ပျောက်ကင်းသွားခဲ့သည်။ ထို့ကြောင့် ဆီးနှင့်ကျောက်ကပ် အထူးကု ဆရာဝန်ကြီး
ပြောသည့်အတိုင်း သုံးလစောင့်၍ ကြိုးစားခဲ့သည်။

မကြာပါ။ နှစ်လအကြာတွင် သူမ ကျွန်မထံရောက်ရှိလာခဲ့သည်။ ကိုယ်ဝန်ရှိနေပေပြီ၊ သူတို့ ဇနီးမောင်နှံ ဝမ်းသာနေသလို၊ ကျွန်မမှာလည်း အတိုင်းမသိဝမ်းသာရသည်။ သန္ဓေအောင်နိုင်ရေး အတွက် အမှန်ပြုလုပ်ရမည်မှာ ဇနီးမောင်နှံ နှစ်ဦးစလုံးတွင်ရှိသော ချို့ယွင်းချက်ကို ရှာဖွေကုသမှု ပေးရမည်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ဇနီးဖြစ်သူ ကိုသာ ကုသပေးနေပြီး ခင်ပွန်းဖြစ်သူ၏ ချို့ယွင်းချက်ကို မျက်ခြည်ပြတ်သွား ခဲ့သည်များကို တွေ့မြင်ရပါသည်။ တရုတ်ဇနီးမောင်နှံ နှစ်ဦးအား သုံးနှစ်ကုသ ချက်ပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် ကျွန်မထံရောက်လာခဲ့သည်။ စမ်းသပ်စစ်ဆေးချက်များနှင့် ကုသချက်များကို လေ့လာကြည့်ရှုသောအခါ -

• ဇနီးသည်မှာ မျိုးဥလမ်းကြောင်းပြွန်ပွင့်နေပြီး ဥထွက်လက္ခဏာတွေ့ကြောင်း စစ်ဆေး ထားသည်။

• ခင်ပွန်း၏ သုတ်စစ်ဆေးချက်တွင် သုတ်ကောင်အရေအတွက်မှာ ၃၁၀၀ သာရှိသည်။

• သုံးနှစ်အတွင်း ခင်ပွန်း၏သုတ်ရည်ကို ဇနီး၏ သားအိမ်အတွင်း ငါးကြိမ်တိတိ သွင်းပေးကုသချက် တွေ့ရသည်။ ဇနီးသည်၏ အသက်မှာ ၃၇ နှစ်ရှိနေပေပြီး
ဆီးနှင့်ကျောက်ကပ်ရောဂါအထူးကု ခွဲစိတ်ဆရာ ဝန်ကြီးထံ ကျွန်မက စေလွှတ်ခဲ့ရာ၌ မှတ်ချက်ပေးထားသည်မှာ -

• သွေးပြန်ကြောထုံး အဖုရှိ၍ Varicocele ခွဲစိတ်ကုသရန် လိုအပ်သည်။

• ခွဲစိတ်ပြီး သုံးလစောင့်ဆိုင်းပြီး ကြိုးစားရမည်။

• ယင်းသို့ သုံးလကြိုးစား၍ မအောင်မြင်ပါက ခင်ပွန်း၏ သုတ်ရည်ကို ဇနီး၏ သားအိမ်အတွင်း သွင်းပြီး ကုသမှုပေးရမည်။ 

တရုတ်အမျိုးသမီးက ခွဲစိတ်ဖို့ ကိစ္စကို မပြုလုပ်လိုပေ။ ကျွန်မ ရှင်းပြရသည်။ သုတ်ကောင်ရည်နည်းနေရာ ယင်းခွဲစိတ်မှု ပြုလုပ်ပြီးပါက သုတ်ကောင်ရေ တိုးတက်လာစရာ ရှိသည်။ ထို့ပြင် သူမလည်း မျိုးဥအိမ်မှ ဥထွက်ရန် ဆေးသောက်နိုင်မည်ကို ရှင်းပြသည်။ စဉ်းစားမည်ဟုဆိုကာ ထွက်သွားရာ နောက် ပြန်မလာ၍ သူ့အကြောင်း ဘာမှမသိတော့ပေ။ ယခုဇနီးမောင်နှံမှာ ခင်ပွန်းဖြစ်သူ၏ ချို့ယွင်းချက်ကို သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးထံ ပို့ပေးကုသစေခဲ့သည်။ ဇနီး၏ အဖြူဆင်းရောဂါကိုလည်း ကုသခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာ၌ အချိန်ကာလမှာ ငါးလလောက် ကြာမြင့်ခဲ့သည်။ ထို့ကြောင့် အောင်မြင်စွာ သန္ဓေတည်ရှိလာခြဲ့ခင်း ဖြစ်သည်။ ယင်းအမျိုးသမီးမှာ သမီးမိန်းကလေးကို ချောမောလွယ်ကူစွာ မွေးဖွားခဲ့ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ctedit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, May 2016

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18