Print

ကိုယ်ဝန်ဆောင်စဉ် ခံစားရတဲ့ ဝမ်းပျက်ဝမ်းလျှောပြဿနာ

  24-Feb-2017
Preview Image

ကိုယ်ဝန်နုစဉ်ကာလမှာ ပျို့အန်တဲ့ဝေဒနာ (Morning sickness) နဲ့ အတူ ဝမ်းပျက်ဝမ်းလျှော ဝေဒနာဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာဝေဒနာတစ်ရပ်ပါ။ ဒါပေမဲ့ ဒါကို ဖြစ်ရိုးဖြစ်စဉ် ကိုယ်ဝန်ဆောင် လက္ခဏာအဖြစ် သတိမမူမိကြပါဘူး။ ကိုယ်ဝန်ရင့်လာတဲ့အချိန် (3rd trimester) မှာ ဝမ်းပျက်ဝမ်းလျှော ဝေဒနာဟာ မကြာခဏ အဖြစ်များတဲ့ဝေဒနာပါ။ မွေးခါနီးလာတာနဲ့အမျှ ရင့်ထွားလာတဲ့ ကိုယ်ဝန်ကြောင့် ဝမ်းမကြာခဏ သွားတတ်သလို သွားတဲ့ဝမ်းကလည်း ဝမ်းအရည်တွေ ဖြစ်လေ့ရှိပါတယ်။

 

ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝေဒနာကတော့
- ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဝမ်းချုပ်ဝေဒနာ ခံစားရနိုင်သလို ဝမ်းပျက်ဝမ်းလျှော ဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်စဉ်ကာလ ဝမ်းချုပ်လို့ ဝမ်းချုပ်ဝေဒနာ သက်သာအောင် ဝမ်းနုတ်ဆေးကို ပုံမှန်သောက်ရာကနေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အစားများလို့လည်း ဖြစ်နိုင်ပါတယ်။
- ရေသောက်များတဲ့အခါမှာလည်း ဝမ်းက ပျော့တာ (သို့) ဝမ်းအရည်သွားတာကိုလည်း
ဖြစ်ပေါ်စေနိုင်ပါတယ်။
- နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ lactose နဲ့ ဓာတ်မတည့်တဲ့အခါမှာလည်း ဝမ်းပျက်တတ်ပါတယ်။ 
- Entameba histolytica ပိုးတွေ ပါဝင်နေတဲ့ အစားအစာနဲ့ ဖျော်ရည်တွေကို စားသောက်မိတဲ့ အခါတွေမှာ ဝမ်းပျက်ဝမ်းလျှော ဝေဒနာကို ခံစားရနိုင်ပါတယ်။ 
- နေရာလွဲမှား သန္ဓေတည်ခြင်း (Ectopic Pregnancy) ကြောင့်လည်း ကိုယ်ဝန်ဆောင်
စဉ်မှာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။
- အစာအိမ်ရောင်နာ၊ အူလမ်းကြောင်းအနာတွေကြောင့်လည်း ဝမ်းပျက်တတ်သလို ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ အစာအိမ်ဆေးတွေ (Antacids) ကြောင့်လည်း ဘေးထွက်
ဆိုးကျိုးအနေနဲ့ ဝမ်းပျက်ဝမ်းလျှော တတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်စဉ်မှာ ဝမ်းပျက်ခြင်းဟာ ၂ ရက်လောက်မှာ သူ့အလိုအလျောက် သက်သာပျောက်ကင်း သွားတတ်ပါတယ်။ အကယ်၍ ၂ ရက်ထက် ပိုကြာလာပြီး ဖျားနာခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းဗိုက် တောင့်တင်းခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာတွေဖြစ်တဲ့ ရေငတ်လွန်ခြင်း၊ အာခြောက်ခြင်း၊ အသားအရေ ခြောက်သွားခြင်း၊ ဆီးသွားနည်းခြင်းတွေ ဖြစ်လာရင်တော့ အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။

 

ဒီလိုကြာရှည် ဝမ်းပျက်ခြင်းနှင့် ပြင်းထန်ဆိုးရွားစွာ ဝမ်းပျက်ဝမ်းလျှော ဝေဒနာကြောင့် ရေဓာတ်ဆုံးရှုံးပြီး သားအိမ်ထဲက ကလေးငယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မိခင်ကနေ ကလေးဆီသွားမယ့် သွေးစီးဆင်းမှုကို နှောင့်ယှက်ဟန့်တားစေတာမို့ ကလေးငယ်ကို အန္တရာယ်ကြီးမားစွာ ပေးနိုင်ပါတယ်။ မိခင်အနေနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် အချိန်မတိုင်မီ လမစေ့ဘဲ ကလေးမွေးဖွားခြင်းတို့ကို နောက်ဆက်တွဲအနေနဲ့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းပျက်ဝမ်းလျှောဝေဒနာ ခံစားရလာရင် မိခင်လောင်းတွေအနေနဲ့ ပေါ့ဆမနေသင့်ပါဘူး။

 

ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းပျက်ဝမ်းလျှောဝေဒနာ ခံစားလာရရင် အရေးကြီးဆုံးကရေဓာတ်ခန်းခြောက် ခြင်းကို ကာကွယ်ဖို့နဲ့ ကုသဖို့ပါပဲ။
- ရေများများသောက်ပေးပါ။ ဓာတ်သတ္တုုု ဖြည့်ဆားရည် (ORS) ကို ဖြည့်စွက်သောက်ပေးပါ။
ကော်ဖီ၊ အရက်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။
- ပြင်းထန်ဆိုးရွားစွာ ဝမ်းပျက်ဝေဒနာ ခံစားရတဲ့အခါ အကြောအားဆေးသွင်းသင့်တဲ့ အခြေအနေမှာ သွင်းပေးရမှာပါ။
- BRAT diet လို့ခေါ်တဲ့ ရောနယ်ထားတဲ့ ငှက်ပျောသီး၊ ဆန်၊ ပန်းသီးနှစ်အရည်တို့ကို စားသုံးခြင်းကနေ မာတဲ့အစားအစာကို ပြန်စားနိုင်ပါတယ်။
- ဆေးဝါးတွေကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ သတိနဲ့ သောက်သုံးရမှာပါ။ အမှန်တကယ် လိုအပ်မှသာ ဝမ်းပျက်ဝမ်းလျှော ရောဂါကုဆေးကို သောက်သုံးသင့်ပါတယ်။ 
- ဟင်းရွက်ပြုတ်ရည်၊ ကြက်စွပ်ပြုတ်ရည်၊ အဆီနည်းတဲ့ အသား၊ မုန်လာဥနီ၊ အာလူး၊ ဒိန်ချဉ်တို့ကို စားသုံးပေးနိုင်ပြီး ကဖင်းပါတဲ့ အစားအစာနဲ့ အချိုရည်တွေ၊ အသီးခြောက်တွေ၊ အဆီကြော်စာတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ အပူအစပ်တွေ၊ အနီရောင်အသားတွေနဲ့ အချိုများတဲ့ သကြားလုံး၊ ချောကလက်တွေကို ရှောင်ကြဉ်ရမှာပါ။

 

Healthcare.com.mm
Ref:
Sheri (U.O.N,Ygn)
Ziwaka magazine, June 2014, Pg.107-109



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18