Print

သားပျက်သားလျှောခြင်း (Abortion)

  28-Feb-2017
Preview Image

၁။ သားပျက်သားလျှောတယ်ဆိုတာဘာလဲ?

ကိုယ်ဝန် ၂၂ ပါတ်မတိုင်ခင် သားအိမ်ထဲက သန္ဓေသား (သို့) အချင်းထွက်ကျ တာကို သားပျက်သားလျှောတယ် (ကိုယ်ဝန်ပျက်တယ်) လို့ ဆိုပါတယ်။ တစ်ချို့က အလိုအလျှောက် သားပျက်တာဖြစ်ပြီး တစ်ချို့က ကလေးမလိုချင်လို့ တမင်ကိုယ်ဝန်ဖျက်ချ တာလည်း ဖြစ်နိုင်ပါတယ်။

 

၂။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာဘာလဲ?

ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ မိခင်၏ သားအိမ်အတွင်းမှ သန္ဓေသားကို ပျက်ကျအောင် တနည်းနည်းဖြင့် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချရာတွင် အရပ်ထဲမှာတော့ ဗိုက်ကိုနှိပ်ချခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုခြင်း ၊ သွေးဆေးသောက်ခြင်း၊ သားအိမ်ထဲသို့ ပစ္စည်းတစ်ခုခုထည့်ခြင်း၊ စသည့်ဖြင့် ကိုယ်ဝန်ဖျက်ချတတ်ပါတယ်။ ဤနည်းလမ်းကတော့ မမှန်ကန်သည့်အပြင် မိခင်ကိုပါ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းဟာ ရာဇဝတ်မှုမြောက်ပါတယ်။ တရားဝင်ပြုလုပ်ခွင့်မရှိပါဘူး။ ကလေးမရအောင် ကိုယ်ဝန်မရအောင် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်။

 

၃။ ကိုယ်ဝန်ပျက်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ?

သွေးထိန်းပြီး (ကိုယ်ဝန်ရှိပြီး) နောက်ခါးနဲ့ ဆီးစပ်ကိုက်ခဲမယ်။ သွေးပြန်ဆင်းမယ်။ အသားစ (သို့) ကလေးဆင်းလာမယ်။ တစ်ခါတစ်လေဖျားမယ်။

 

၄။ သားပျက်သားလျှောခြင်းကြောင့် ဘာအန္တရာယ်များဖြစ်နိုင်လဲ?

• သွေးဆင်းများခြငး်၊ သွေးဆင်းမရပ်ခြင်း၊ ဖြူယော် သွေးအားနည်းပြီး သွေးပေါင်ကျ သတိလစ်ခြင်းတို့ ဖြစ်နိုင်တယ်။
• အပြင်းအထန်နာကျင်သွေးလန့်ပြီး သေနိုင်တယ်။
• ရောဂါပိုးဝင်ရောက်ပြီး ချမ်းတုန်အဖျားတက် တတ်တယ်။ ကယောင်ကတမ်းဖြစ်တတ်တယ်။
• ပုပ်နံတဲ့အရည်တွေဆင်းတတ်တယ်။ သားအိမ်ကတစ်ဆင့် အပုပ်ဆန်ပြီး သေနိုင်တယ်။ 
• မေးခိုင်ရောဂါပိုးဝင်ပြီး သေနိုင်တယ်။
• ကျောက်ကပ်ပျက်စီးပြီး သေနိုင်တယ်။
• ကိုယ်ဝန်ပျက်အောင်လုပ်ရင်း သားအိမ်ပေါက်ပြီး သေနိုင်တယ်။
• မသေရင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်တယ်။ သားအိမ်လည်တံကင်ဆာ ပိုဖြစ်နိုင်တယ်။ အားနည်းချိနဲ့တတ်တယ်။ နောင်မှာ ကလေးမရနိုင်တော့ဘဲ မြုံတတ်တယ်။

 

၅။ သားပျက်သားလျှောဖြစ်တာ ဘာကြောင့်လဲ ? (သားလျှောစေသောအကြောင်းရင်းများ)

(၁) သားမျိုးဥတွင် ချို့ယွင်းမှုရှိခြင်း

ဥပမာ - သပျစ်သီးခိုင် သန္ဓေတည်ခြင်း၊ မူလနေရာထက်နိမ့်ကျစွာ အချင်းကပ်ခြင်း၊ သားမျိုးစေ့ခြောက်သွေ့ခြင်း

 

(၂) မိခင်တွင် ချို့ယွင်းမှုရှိခြင်း

ဥပမာ - မိခင်၏ ကျန်းမာရေးမကောင်းခြင်း၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ငှက်ဖျားဆေးသုံးစွဲမှု လိုအပ်သည့် အတိုင်းအတာထက်ပိုခြင်း၊ ခဲဆိပ်မိခြင်း၊ ဆစ်ဖလစ်ကာလသားရောဂါရှိခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကျောက်ကပ်ရောဂါကြောင့်သွေးတိုးခြင်း၊ အာအိပ်ချ်သွေးအုပ်စု မတူညီခြင်း။

 

(၃) မိခင်တွေပြင်းထန်စွာ ထိခိုက်မှုရှိခြင်း

ဥပမာ - အလွန်အမင်းထိတ်လန့်မှု၊ စိတ်ဆင်းရဲမှုနှင့်ကြုံခြင်း၊ ရောဂါတစ်ခုခုကြောင့် ခွဲစိတ်ခံရခြင်း၊ ဝမ်းဗိုက်အား အထိုးအကန်ခံရခြင်း၊ လိမ့်ကျ၍ ဝမ်းဗိုက်ထိခြင်း၊ ကြမ်းတမ်းသော ခရီးရှည်သွားခြင်း (သို့) ပင်ပန်းကြီးစွာ အလုပ်လုပ်ရခြင်း။

 

(၄) တရားမဝင်သောနည်းဖြင့် သားဖျက်ခြင်း

တရားမဝင်သော နည်းလမ်းများကို အသုံးပြု၍ သားဖျက်ခြင်းကို ဆိုပေသည်။ တရားမဝင်သောနည်းဖြင့် ကိုယ်ဝန်ဖျက်ချရသည့်အတွက် များသောအားဖြင့် ကျွမ်းကျင်မှု မရှိ၊ ရောဂါပိုးကင်းစင်မှုမရှိသည့် အခြေအနေဆိုးများ ကြုံရတတ်ပါသည်။ မိခင်၏ အသက် အန္တရာယ်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ ထို့ပြင် မလိုလားအပ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော သွေးဆိပ်တက်ပြီး ဦးနှောက်၊ ကျောက်ကပ်နှင့် နှလုံး ပျက်စီးခြင်း တို့ကြောင့် မိခင်၏ အသက်ဆုံးရှုံးရခြင်း၊ သွေးသွန်ခြင်းတို့ကြောင့် မိခင်၏ အသက် ဆုံးရှုံးရခြင်း၊ သွေးသွန်ခြင်း သားအိမ်ပေါက်သွားခြင်းနှင့် သားအိမ်ထုတ်ပစ်ရခြင်း တို့အထိ ဖြစ်နိုင်ပါသည်။

 

(၅) ဟော်မုန်းဓာတ်အားနည်းခြင်း

ဥပမာ - ပရိုဂျက်စထရောချို့တဲ့ခြင်းကြောင့် သားပျက်ခြင်း။

 

(၆) မွေးရာပါသားအိမ်ချို့ယွင်းမှုရှိခြင်း

ဥပမာ - သားအိမ်နောက်လန်ခြင်း၊ သားအိမ်အရွယ်ငယ်ခြင်း၊ ပုံမမှန်ခြင်း သားအိမ်ခေါင်း မလုံခြင်းတို့ကြောင့် ဖြစ်ပေသည်။

 

၆။ သားပျက်သားလျှောရင် ဘာလုပ်ရမလဲ?

• သားပျက်သားလျှောဖြစ်ပြီး အန္တရာယ်လက္ခဏာတွေရှိရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးပြပါ။ နောက်ကျရင် အသက်အန္တရာယ်ရှိပါတယ်။

• သားပျက်ပြီးရင် ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ 

• ကလေးနောက်ထပ်မလိုချင်သေးရင် ကိုယ်ဝန်ပျက်ပြီး နှစ်ပတ်အတွင်း သားဆက်ခြားနည်း တစ်ခုခုစသုံးဖို့ ဆရာမနဲ့တိုင်ပင်ဆွေးနွေးပါ။

 

၇။ သားပျက်သားလျှောဖြစ်ပြီးရင် ဘယ်လိုစောင့်ရှောက်ရမလဲ?

• ဆေးရုံဆေးခန်းမှာ ကုသမှုခံယူပြီးနောက် အိမ်မှာ ကိုယ့်ကိုယ်ကို ဆက်လက်
ပြုစုစောင့်ရှောက် သင့်သည်။ 

• အိမ်မှာဆေးဆက်သောက်ဖို့ဆိုရင် နေကောင်းပေမဲ့အညွှန်းအတိုင်း ဆေးဆက်သောက်ပါ။

• ရက်အနည်းငယ်အတွင်း သွေးဆက်ဆင်းမယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ဖြစ်တတ်ပါတယ်။

• အနည်းအကျဉ်း ဗိုက်နာရင် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။ 

• များများအနားယူပြီး အာဟာရပြည့်အောင် လတ်ဆတ်သောအသား၊ ငါးနှင့် အသီးအနှံ၊ အရွက်၊ အသီးစားပါ။

• တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ သန့်ရှင်းတဲ့ အခုအခံပစ္စည်းကိုသုံးပါ။

• သွေးဆင်းရပ်ပြီး ၃ ရက်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ပါ။

• ကိုယ်ဝန်ပျက်ပြီး ၄ ပတ်က ၆ ပတ်အတွင်းမှာ နောက်တစ်ကြိမ် ရာသီပြန်ပေါ်နိုင်သည်။

 

၈။ သားပျက်သားလျှောဖြစ်ပြီးနောက် ဘာတွေဖြစ်ရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးပြန်ပြ သင့်သလဲ?

• ၁၄ ရက်ထက်ကျော်ပြီး သွေးဆက်ဆင်းနေရင်၊
• မိန်းမကိုယ်မှ အနံ့အသက်ဆိုးတဲ့ အရည်တွေဆင်းရင်၊
• ပြင်းပြင်းထန်ထန် ဗိုက်နာရင်၊
• သွေးဆင်းများရင်
• ချမ်းတုန်ဖျားရင် (မီးယပ်ချမ်းထခြင်း) ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြန်ပြပါ။

 

Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှ ကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18