Print

ရာသီမပေါ်ခင် အမျိုးသမီးတွေ ခံစားရတဲ့ ဝေဒနာစု

  28-Feb-2017
Preview Image

အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေ PMS ခေါ်တဲ့ ရာသီသွေးမပေါ်ခင် ခံစားရ တဲ့ ဝေဒနာစု ရှိပါတယ်။ အဲဒီ PMS မှာ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေဟာ ကိုယ်ခန္ဓာနာကျင် ကိုက်ခဲတာနဲ့ တွဲဖက်ပေါ်ပေါက်တာရှိသလို မတွဲဖက်ဘဲလည်း စိတ်ပန်း၊ စိတ်ဒုက္ခ ခံစားရတာလည်း ရှိပါတယ်။ 

 

တွေ့ရတဲ့အချိန်ကာလ
၂၈ ရက် (တချို့လည်း ၂၅-၂၆ ရက်) တစ်ကြိမ်မျိုးဥကြွေတဲ့ ရာသီစက်ဝန်း (menstrual cycle) အတွင်း ရာသီသွေးမပေါ်ခင် ၁၀ ရက်အတွင်းကနေ ရာသီပေါ်ပြီး ရက်အနည်းငယ်အတွင်း (သို့) ရာသီမပေါ်ခင်လေးတင် စိတ်ရောကိုယ်ပါ ခံစားရ တဲ့ ဝေဒနာတွေက ရာသီမပေါ်ခင် ၁၀ ရက်လောက်က ခံစားရတဲ့ PMS ဝေဒနာတွေဟာ ခံစားမှု သိသာလာရာက တဖြည်းဖြည်း သက်သာပျောက်ကင်းသွားတတ် ကြတယ်။ 

 

ဆိုလိုတာက ရာသီမပေါ်ခင် ၁၀ ရက်လောက်က ခံစားရတဲ့ဝေဒနာတွေက ရာသီမပေးခင် (သို့) ရာသီပေါ်ပြီးစမှာ သက်သာလာပါတယ်။ တချို့မှာတော့ သိပ်မခံစား ရပေမဲ့ ၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိကတော့ အလုပ်ပျက်အကိုင်ပျက် နေ့စဉ် လုပ်ငန်းဆောင်တာ မလုပ်နိုင်လောက်တဲ့အထိ အပြင်းအထန်ခံစားကြရတယ်။ 

 

ဒီလိုခံစားကြရတာ အမျိုးသမီးချင်းသာ ကိုယ်ချင်းစာနားလည်နိုင်ကြပြီး လိင်မတူတဲ့ အမျိုးသားတွေကတော့ ဗဟုသုတမရှိတဲ့ သူတွေဆိုရင် ကိုယ့်အမျိုးသမီးကို မူယာမာယာ ပိုတယ်လို့တောင် အထင်မှားတတ်ကြပါသေးတယ်။ ရန်လုပ်တာ၊ ရန်ဖြစ်ကြ တာတွေတောင် ကြုံကြရပါသေးတယ်။ 

 

PMS ရဲ့ လက္ခဏာဝေဒနာများ
သီအိုရီအရတော့ PMS မှာ ရောဂါဝေဒနာ လက္ခဏာအနေနဲ့ အချက် ၂၀၀ ကျော်တောင်ရှိပေမဲ့ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆတ်ဆတ်ထိ မခံနိုင်အောင် စိတ်တို၊ စိတ်ဆတ်လာခြင်း (Irritability)၊ စိတ်ဖိအားများခြင်း၊ (Tension) နဲ့ စိတ်လက်မကြည်လင် မပျော်မရွှင် ညှိုးချုံးနေခြင်း (Unhappiness) စတာတွေ ဖြစ်ကြ တယ်။ သာမန်အချိန် စိတ်ရှည်တဲ့သူဟာ PMS ကာလမှာတော့ ယမ်းပုံမီးကျ ဒေါသတွေဖြစ် ကြလွန်းလို့ ဘာမဟုတ်တာလေးနဲ့ ဒေါသတကြီး တုံ့ပြန်တာ၊ ရန်ဖြစ်ကြတာ ယုတ်စွအဆုံး အတ္တကို ရှေ့တန်းတင်လွန်းတဲ့ သူတွေ (အထူးသဖြင့် အနောက်နိုင်ငံတွေမှာ) အမျိုးသမီးတွေမှာ PMS ကာလအတွင်း ရာဇဝတ်မှုတွေတောင် ကျူးလွန်ကြတဲ့အထိ ဆိုးရွားကြတယ်လို့ ဆိုပါတယ်။

 

နောက်ထပ်ခံစားကြရတာတွေက စိတ်ပူပင်တာ၊ သောကများတာ၊ အိပ်မပျော်ဘဲ မျက်စိကြောင်နေတာ၊ အတွေးတွေများနေတာ၊ ပင်ပန်းနုံးချည့်နေတာ၊ ခေါင်းခဲခေါင်းကိုက်တာ၊ စိတ်ကတက်လိုက်ကျလိုက် ဂနာမငြိမ်တာ၊ ကြာခေါင်းဆိတ်မခံ ကြွပ်ဆတ် ဆတ်ဖြစ်နေတာ၊ ရန်လိုနေတတ်တာ၊ လိင်ဆန္ဒပြောင်းလဲ နေတာတွေလည်း တွေ့ရတယ်။ 

 

ကိုယ်ခန္ဓာဝေဒနာတွေ အဖြစ်ဗိုက်တင်းပြီး ရင်ပြည့်ရင်ကယ်ဖြစ်နေတာ၊ ဆီးစပ် ကိုက်ခဲနာကျင်တာ၊ ဝမ်းဗိုက်အောက်ပိုင်းနေမထိထိုင်မသာခံစားနေရတာ၊ ဝမ်းချုပ်တာ၊ ရင်သားတွေပိုမိုဖောင်းကားလာပြီး မထိမခံနိုင်အောင်နာကျင်တာ၊ ဝက်ခြံတွေ ပိုမို ထွက်ရှိလာလို့ အလှပျက်တာနဲ့အမျှ စိတ်ဓာတ်ကျလွယ်တာ၊ အဆစ်အမျက်တွေ၊ ကြွက်သားတွေ နာကျင်တာတွေပါ ခံစားလာရတယ်။

 

စိတ်ကမကြည်၊ ခေါင်းကနောက်၊ ဗိုက်ကနာဆိုတော့ နေ့စဉ်ဆောင်ရွက်နေကျ အိမ်မှုကိစ္စတွေလုပ်ဖို့ မပြောနဲ့၊ အသံတောင်မကြားချင် လောက်အောင်ဖြစ်နေတော့ အိမ်ရှိမိသားစုဝင်နှင့်လည်း အဲဒီအချိန်ကာလအတွင်း ပြောဆိုရခက်တာကအစ လုံးဝအဆင်မပြေတော့တာနဲ့ ခိုက်ရန်ဒေါသအဖြစ်ဆုံး အချိန်ပါပဲ။

 

အထက်ပါ လက္ခဏာတွေက အမျိုးသမီးတိုင်း ဖြစ်လေ့ရှိပေမယ့် ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် မတူသလို တစ်ယောက်တည်းမှာတောင် တစ်လနဲ့တစ်လ ခံစားရတာ မတူတတ်ဘူး။ ဒီလစိတ်ဓာတ်ကျပေမဲ့ နောက်လ စိတ်တိုစိတ်ဆတ်တာ၊ ဟိုးနောက်လကျတော့ ခေါင်းကိုက်ဇက်ထိုးတာ စသဖြင့် ခံစားမှုထွေချင်သလို ဖြစ်နေ တတ်ကြပါတယ်။ တချို့ကျတော့ ငိုလွယ်ရယ်လွယ်နဲ့ စိတ်ကယောက်ကယက် ဖြစ်နေကြလို့ စိတ်ရောဂါနဲ့တောင် မှားတတ်ပါသေးတယ်။

 

Credit:
ဒေါက်မြချယ်ရီ
Ziwaka magazine, December 2014, Pg. 120-122


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18