Print

နေရာလွဲမှားသန္ဓေတည်တဲ့ ကိုယ်ဝန်ဆောင်ခြင်း

  28-Feb-2017
Preview Image

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ် သားအိမ်အတွင်း သန္ဓေတည် မှသာ ကလေးဟာ တဖြည်းဖြည်းကြီးထွားလာပြီး နေ့စေ့လစေ့ဖြစ်တဲ့အခါ ကျန်းမာတဲ့ ကလေးကို မွေးဖွားလာမှာဖြစ်ပါတယ်။ သားအိမ်ထဲမဟုတ်ဘဲ ဝမ်းဗိုက်အတွင်း တစ်နေရာရာမှာ နေရာလွဲမှားသန္ဓေတည်ခြင်း Ectopic pregnancy ကြောင့် မိခင်ရောကလေးပါ အသက်အန္တရာယ် ကျရောက်စေပါတယ်။ 

 

နေရာမှားသန္ဓေတည်ခြင်းဘာကြောင့်ဖြစ်
သန္ဓေအောင်တဲ့ မျိုးဥရှိတဲ့ဘက်မှ ဥပြွန်က အကြောင်းကြောင်းကြောင့် ပိတ်ဆို့နေခဲ့ရင် အဲဒီမျိုးဥဟာ သားအိမ်ထဲထိ ဆင်းမသွားနိုင်တော့ဘဲ အထက်ပါ နေရာတစ်ခုခုမှာ တွယ်ငြိ တိုးဝင်ကာ ကြီးထွားလာမှာ ဖြစ်ပါတယ်။

 

အဲလို မျိုးဥပြွန်ကျဉ်းမြောင်း ပိတ်ဆို့နိုင်ချေများတဲ့ သူတွေကတော့ သားအိမ်ထဲမှာ သားဆက်ခြား စေတဲ့ IUD ထည့်ထားသူတွေ၊ မျိုးပွားအင်္ဂါ အဖွဲ့အတွင်း ပိုးဝင်ရောင်ရမ်းနေသူ ၊ ပြည်တည်နာဖြစ်နေသူ Pelvic Inflammatory Disease ၊ ဂနိုကဲ့သို့ ဆီးပူညောင်း ကျရောဂါနဲ့ ကာလာမိုင်ဒီယားရောဂါ စတဲ့ ကာလသားရောဂါ ရှိသူတွေ၊ မွေးကတည်းက မျိုးဥပြွန်မှာ ချို့ယွင်းချက် ပါလာသူတွေ၊ ဝမ်းဗိုက်အောက်ပိုင်း မျိုးပွားအင်္ဂါရှိရာနေရာ ပတ်ဝန်းကျင်မှာ ခွဲစိတ်မှုတစ်ခုခု ပြုလုပ် ထားဖူးသူတွေ၊ အရင်ကလည်း နေရာလွဲမှား သန္ဓေတည်ကာ ဖြစ်ဖူးသူတွေ၊ သားကြောထုံးတာ၊ ဖြတ်တာကနေ ပြန်ဆက်သွားပြီး သန္ဓေအောင်သွားသူတွေ၊ မအောင်မြင်တဲ့ သားကြောဖြတ်တောက်တဲ့ ခွဲစိတ်မှုတွေ၊ မျိုးဥကြွေစေတဲ့ ဆေးဝါးသုံးသူတွေ၊ ကလေးမရနိုင်သူတွေမှာ ကလေးမရရအောင် မေထုန်မဲ့ သန္ဓေအောင်နည်း IVF သုံးစွဲသူတွေမှာ ကံမကောင်းစွာ နေရာမှားသန္ဓေအောင်ခြင်း ectopic pregnancy ဖြစ်လာတတ်ကြတယ်။

 

ရောဂါလက္ခဏာများ
ရာသီမလာတော့ဘဲ ရက်၊ လနည်းနည်းထိမ်ပြီးမှ သွေးနည်းနည်းချင်း ပြန်ဆင်း လာတတ်တယ်။ ဆီးစပ်အောက်ပိုင်း နာကျင်ကိုက်ခဲလာတယ်။ အမျိုးသမီးတိုင်း မိမိတို့ရဲ့ ဓမ္မတာလာစဉ် စတင်တဲ့ရက်၊ ပြီးဆုံးတဲ့ရက် ထူးခြားပြောင်းလဲမှု ရှိ၊ မရှိ စတာတွေကို ကိုယ်ပိုင်သီးသန့်ပြက္ခဒိန်ပေါ်မှာ လစဉ်ရေးသား ထားသင့်တယ်။ 

 

ဒါမှသာ ရာသီထိမ်တာကို ပိုသတိထားမိပြီး နေရာလွဲမှားသန္ဓေတည်တဲ့ ကိုယ်ဝန်ဖြစ်နေခဲ့ရင် ဟိုလိုလို ဒီလိုလို ဆင်တူယိုးမှားလက္ခဏာတွေနဲ့ ရောထွေးမနေတော့ဘဲ ရှင်းလင်းစွာ ဒီရောဂါကို အရင်ဆုံး စဉ်းစားကောက်ချက်ချမိမှာမို့ အချိန်စောစီးစွာ ရောဂါကို လက်ဦးမှုယူ ကုသနိုင်မှာပါ။

 

ကိုယ်ဝန်ရှိခါစလို ပျို့တာအန်တာ၊ အစာမကြေ ရင်ပြည့်ရင်ကယ် သိသာစွာခံစားလာ ရတယ်။ ဗိုက်ထဲက စူးစူးရှရှ ထိုးထိုးနာကျင်တာက မခံမရပ်နိုင်အောင် နာလို့ တချို့ မခံနိုင်လွန်းတဲ့သူတွေမှာ Pain shock နဲ့ သွေးလန့်တာ ဆိုးရွားလာနိုင်တယ်။ နာတဲ့နေရာက ဝမ်းဗိုက်ထဲက လွဲမှားသန္ဓေ တည်တဲ့ဘက်မှာ ထင်ရှားစွာ ခံစားရတယ်။

 

နောက်ဆက်တွဲအနေနဲ့ ခေါင်းမူးလာတာနဲ့အတူ အားအင်ချည့်နဲ့လာတယ်။ ဝမ်းဗိုက်ထဲ သွေးယိုမှုကြောင့် တစ်ဆင့်ခံ နာကျင်မှု (Referred pain) အဖြစ် နာတဲ့ဘက်က ပခုံး၊ လည်ပင်းနဲ့ အစာဟောင်း အိမ်နေရာတွေပါ နာကျင်မှုခံစားလာရတယ်။ တကယ်လို့ မျိုးဥပြွန်ပါ သန္ဓေတည်တဲ့နေရာက ပေါက်ပြဲသွားတယ်ဆိုရင် နာကျင်မှုနဲ့ ကိုယ်တွင်းသွေးယို မှုကြောင့် သွေးလန့်တာ (shock) နဲ့ သတိလစ်သွားစေပါတယ်။ 

 

အဲဒါမျိုး တစ်ခုခုခံစားလာရရင် အချိန်မဆိုင်းဘဲ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသကာ ကုသမှုအချိန်မီ ခံယူသင့်ပါတယ်။ အချိန်ဆိုင်းလေ အသက်အန္တရာယ် နီးလေ၊ အသက်မသေတောင် နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ ရရှိလေဖြစ်စေတယ်။ ဒါ့အပြင် မျိုးဥပြွန်ကို အများကြီးမပျက်စီးခင် ခွဲစိတ်ပြုပြင်ပေးနိုင်ပါမှ နောက်ပိုင်းမှာ သန္ဓေပြန်အောင်မြင် တာ ကလေးမွေးတာ ဖြစ်စေနိုင်မှာပါ။ ဆေးမြီးတိုနဲ့ တောရမ်းမယ်ဘွဲ့ လျှောက်ပြီး ရမ်းကုနေ ရင် အချိန်နောက်ကျလေ၊ မိခင်ပါသေဆုံးနှုန်း မြင့်မားလေဖြစ်တယ်။

 

နေရာလွဲမှားသန္ဓေတည်ခြင်းကို သေချာအောင် စစ်ဆေးခြင်း
ရောဂါလက္ခဏာတွေနဲ့ကို ဒီရောဂါမှန်းသိနိုင်တယ်။ ပိုသေချာအောင် ဆီးကိုသုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးနိုင်တယ်။ တီဗီဓာတ်မှန် (Ultrasound) ရိုက်ပြီး ဘယ်ဘက်မှာ၊ ဘယ်လောက်သွေးထွက်လွန်နေတယ် ဆိုတာ Ultrasound ရိုက်ကြည့်နိုင်တယ်။ အသက်ကယ်ဖို့နဲ့ အချိန်နောက်မကျဖို့ အတော်အရေးကြီးပါတယ်။ 

 

ကုသခြင်း
အရေးပေါ်ခွဲစိတ်ကုသခြင်းကတော့ အမြန်ဆုံး အသက်ကယ်နိုင်တဲ့နည်း ဖြစ်ပါတယ်။ 

 

နေရာလွဲမှားသန္ဓေတည်ပြီးတဲ့ သူတွေရဲ့ရှေ့အလားအလာ
အမျိုးသမီးအများစုမှာတော့ ectopic pregnancy ဖြစ်ပြီး နောက်ကိုယ်ဝန်တွေမှာ ပုံမှန်အတိုင်း ကလေးမွေးဖွားနိုင်ပါတယ်။ တကယ်လို့ မျိုးဥပြွန်တစ်ဖက် ဖြတ်ပစ်လိုက် ရရင်တောင် ကျန်တစ်ဖက်က အကောင်းအတိုင်းရှိနေရင် ကလေးမွေးဖွားပေးနိုင်တာမို့ စိတ်ပူစရာမလိုပါဘူး။ စစ်ဆေးရင်းနဲ့ မျိုးဥပြွန်တစ်ဖက်ဖက် ကျဉ်းမြောင်းစေတာက လိင်ကတစ်ဆင့် ကူးစက်ရောဂါကြောင့်ဆိုရင် ယောကျ်ားရော မိန်းမပါ အဲဒီရောဂါကို ကုသသင့်တယ်။ ဒါမှ နောက်ထပ် ကလေးရနိုင်မှာ ဖြစ်ပါတယ်။

 

Credit:
ဒေါက်တာမြချယ်ရီ
Ziwaka magazine, February 2016, Pg.85-89



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18