Print

ကိုယ်ဝန်ဆောင်မိခင်များ ရှောင်ရှားသင့်တဲ့ အစားအသောက်များ

  28-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ကာလဟာ မိခင်နဲ့ ကလေးအတွက် အရေးအကြီးဆုံးအချိန် ဖြစ်လို့ အမှားမခံနိုင်ပါဘူး။ အစားမတော် တစ်လုတ်ဆိုတာကို အစားမှားရင် မိခင်ရော၊ ကလေးပါ အန္တရာယ် ကြီးပါတယ်။ ကျန်းမာ အားရှိစေမယ့် အစာတွေ ရွေးချယ်စားဖို့ လိုအပ်သလို မတည့်တဲ့ အစားအစာတွေ၊ ဖျော်ရည်တွေကို ရှောင်ရှားဖို့ လိုအပ်သလို၊ တချို့ကိုကျတော့ လုံးဝရှောင်ဖို့ အရေးကြီးပါတယ်။ 

 

(၁) မကျက်တကျက် အသား၊ အသားစိမ်းနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားများ

အဲဒါတွေစားရင် ရောဂါ ပိုးမွှားတွေ၊ ပါရာဆိုက် ကပ်ပါးကောင်၊ သန်ကောင်တွေ စွဲကပ်ကာ ဒုက္ခ ပေးစေတယ်။ ဥပမာ Toxoplasmosis, Listeria, Salmonella, E.coli စတာတွေကြောင့် အစာ အဆိပ်သင့်စေ၊ ဝမ်းပျက်စေပါတယ်။ အဲဒီပိုးတွေကြောင့် ကလေး အသက် ထိခိုက်နိုင်ပြီး ကလေးအသေ မွေးခြင်း၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ ဝက်ရူးပြန်ရောဂါနှင့် မျက်စိ မမြင်ရတာတွေ အထိ မွေးလာတဲ့ ကလေးတွေကို ထိခိုက်စေပါတယ်။

 

(၂) ကြက်ဥအစိမ်း

ကြက်ဥအစိမ်းရဲ့ အခွံမှာ Salmonella ဝမ်းကိုက်ပိုးတွေ ကပ်ပါလာနိုင်လို့ အစိမ်း မသောက်သင့်သလို မကျက်တကျက်လည်း ကြော်မစားသင့်ဘူး။ ဝမ်းကိုက်ရောဂါ ရလာရင် အဖျားသွေးဝင် ကိုယ်ပူလာပြီး ပျို့အန်တာ၊ ဗိုက်နာတာ၊ ဝမ်းပျက်ဝမ်းလျှော တာတွေ ဖြစ်ပေါ်လာတယ်။ တစ်ခါတလေ သိပ်ဆိုးရွားရင် သားအိမ်ကိုပါ ညှစ်အားဖြစ် လာစေပြီး လမစေ့ ကလေးမွေးခြင်း၊ ကလေး အသေလေးမွေးခြင်း စတာတွေ ဖြစ်ပေ ါ်လာနိုင်တယ်။

 

(၃) ကော်ဖီ

လူအများ ကြိုက်နှစ်သက်ကြတဲ့ ကော်ဖီ (ကဖင်း caffeine) ဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေနဲ့ ကိုကာကိုလာဖျော်ရည်တွေမှာ ပါဝင်တယ်။ ကိုယ်ဝန် ရှိခါစ ၃-၄ လမှာတော့ ကော်ဖီ လုံးဝ ဖြတ်သင့်ပြီး နောက်ပိုင်းမှာတော့ တစ်နေ့ကို ၂၀၀ မီလီဂရမ် (ပုံမှန် ကော်ဖီခွက် ၂ ခွက်လောက်သာ သောက်သင့်တယ်) ကလေးဆီမှာ ကဖင်းကို ခြေ ဖျက်နိုင်တဲ့ အင်ဇိုင်းလည်း မရှိသေးတော့ မိခင်လောင်း များများသောက်လေ ကလေးဆီမှာ ကဖင်းတွေ စုပုံနေလေ ဖြစ်တယ်။ ကဖင်းဓာတ်များလေလေ သန္ဓေသားရဲ့ ကြီးထွားနှုန်း ကျဆင်းစေပြီး ပေါင်မပြည့်လေး မွေးလာစေတယ်။

 

(၄) အရက်၊ ဘီယာ၊ ဝိုင်၊ မာတီနီ စတဲ့ အယ်လ်ကိုဟော ပါတာတွေ

ကိုယ်ဝန်ဆောင်တိုင်း အယ်ကိုဟော ပါတာမှန်သမျှ ရှောင်ရှားသင့်တယ်။ သားလျှော၊ သားပျက်နဲ့ ကလေး အသေလေး မွေးဖွားစေလို့ ရှောင်ကြဉ်သင့်တာပါ။

 

(၅) အမြန်စာတွေ ရှောင်ပါ

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အမြန်စာတွေမှာ အာဟာရ တန်ဖိုးကျ နည်းပါးပြီး ဆား၊ သကြားတွေ၊ မလိုလားအပ်တဲ့အဆီတွေ၊ ဓာတုပစ္စည်း (food addictive) နဲ့ ကယ်လိုရီတွေသာ အများစုပါတာဆိုတော့ ဒါတွေ စားပါများရင် အမျိုးအစား ၂ သွေးချိုဆီးချို၊ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးနဲ့ အဝလွန်ရောဂါတွေ ရုတ်တရက် ခံစားလာရတယ်။ 

 

(၆) အပြင်စာနဲ့ အကင်စာတွေ စားသောက်တာ လျှော့ပါ (သို့) ရှောင်ကြဉ်ပါ

ကိုယ့်အိမ်မှာ ချက်ပြုတ်တာကသာ သန့်ရှင်းပြီး ရောဂါပိုးမွှားကင်းအောင် ကိုယ်တိုင် ဂရုစိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်သရွေ့ ပြင်ပအစားအစာ မစားဘဲ အိမ်တွင်း ချက်ပြုတ်တာကိုသာ စားသင့်ပါတယ်။ ရှေးစကား (ယောကျ်ားဖောင်စီး၊ မီးမမီးနေ အသက်ဘေးနဲ့ နီးတတ်ပေ) ဆိုရိုးစကားကို မိခင်နဲ့ ကလေးလေးရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေတဲ့ အထက်ပါများကို မိခင်လောင်းတွေအနေနဲ့ မိမိနဲ့ မိမိရင်သွေးလေးတွေအတွက် အထူးသတိထား ရှောင်ရှားကြပါလို့ စေတနာ ရှေ့ထားပြီး အကြံပြု လိုက်ပါတယ်။


Credit:
ဒေါက်တာမြချယ်ရီ
Ziwaka magazine, April 2016, Pg 73-77



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18