Print

သားအိမ်အသားလုံး ထုတ်ကြရာဝယ်

  28-Feb-2017
Preview Image

လာရောက်ပြသသော အမျိုးသမီးလူနာများထဲတွင် သားအိမ်အသားလုံး (Myoma/Fibroid) ရောဂါရှိသူများ ပိုမိုများပြားလာကြောင်း သတိပြုမိသည်။ စာဆို အရရော လက်တွေ့ဘဝတွင်ပါ ကင်ဆာ မဟုတ်သော ဤသားအိမ်အလုံးရောဂါသည် အဖြစ်အများဆုံး တွေ့ရသည်။ အပျိုကြီးများတွင် တွေ့ရတာ၊ ဖြစ်တတ်တာများလို့ “အပျိုကြီး အလုံး” လို့တောင် နာမည်တပ်လေ့ရှိကြသည်။ 

 

အပျိုကြီးအုပ်စုတွင်သာမက အိမ်ထောင်ကျပြီး သားသမီး မရသူများ၊ သားသမီး ဦးရေ နည်းသူများ၊ အရွယ်ကောင်းပါလျက် နောက်ဆုံး ကလေး (၅) နှစ်မှ (၁၀) နှစ် အထက် ကျော်သူများတွင်လည်း ဖြစ်လေ့ရှိသည်။ ကုန်ကုန်ပြောရလျှင် ဤသားအိမ် အသားလုံးနှင့် အမျိုးသမီးများ မကင်းကြ။ ဘာရောဂါ လက္ခဏာမှ မရှိ အသက် (၄၀) နှစ် ပတ်လည် အမျိုးသမီး (၁၀၀) ဦးကို အာလ်ထရာဆောင်း ရိုက် စိစစ်ကြည့်ပါက ဂေါ်လီလုံး အရွယ်၊ သံပရာသီး အရွယ်ခန့် အသားလုံးလေးများ (၂၀) ရာခိုင်နှုန်းခန့်လောက်တွင် တွေ့နေရသည်။ ဘာရောဂါလက္ခဏာမှ မပြ၊ နှစ်စဉ် နောက်ဆက်တွဲ စိစစ်ကြည့်ရာတွင်လည်း အရွယ်အစား ပိုမိုကြီးထွားမလာ၍ ခွဲစိတ်ကုသမှု မလိုသူများ ဖြစ်ကြသည်။ 

 

အလုံးကြီးပါက ဝမ်းအောက်ပိုင်းတွင် စမ်းမိခြင်း၊ ဓမ္မတာ သွေးသားပေါ်တာ၊ မူမမှန်ခြင်း၊ သွေးပေါ်စဉ် ကိုက်ခဲခြင်းများ ဖြစ်နိုင်သည်။ သားဥပြွန်များ ရှိသော သားအိမ် ထိပ်ပိုင်းနေရာများတွင် ဖြစ်ပါက သားဥပြွန်များ ကျဉ်းသွားခြင်း၊ ပိတ်ဆို့ခြင်းများရှိ၍ သားသမီး မရနိုင်သော ပြဿနာများ ဖြစ်ရသည်။ သားအိမ် လိုဏ်ခေါင်းအတွင်းတွင် ရှိပါက ကိုယ်ဝန်ရှိလာလျှင် သန္ဓေသား တွယ်ကပ်မှုကို အနှောက်အယှက်ဖြစ်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျတတ်သည်။ 

 

ကိုယ်ဝန်မပျက်ဘဲ ဆက်ရှိပါကလည်း ၎င်းအလုံးများကြောင့် သန္ဓေသား အနေ အထား မမှန်ခြင်း၊ လမစေ့မီ မွေးဖွားခြင်း၊ သားအိမ်ဝတွင် တစ်ဆို့နေတတ်ခြင်းကြောင့် ဗိုက်ခွဲမွေးဖွားရသည်။ မွေးဖွားပြီးပါကလည်း သားအိမ်ကျုံ့အားနည်းသောကြောင့် အချင်းကပ်ခြင်း၊ မွေးဖွားပြီး သွေးသွန်ခြင်းများ ဖြစ်နိုင်လေသည်။ 

 

အသားလုံး ကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားကို အနှောက် အယှက်မပေးဘဲ သီးသန့်ရှိနေသောကြောင့် လစေ့မှ ခွဲစိတ်မွေးပေးလေ့ရှိသည်။ အာလ်ထရာဆောင်းတွင် အလုံးအသေးလေးများ တွေ့သော်လည်း မည်သည့် လက္ခဏာ၊ မည်သည့်ပြဿနာမျှ မရှိပါက ခွဲစိတ်ရန် မလိုပေ။ နှစ်စဉ်စစ်ဆေးရန်သာ လိုအပ်သည် ။ သွေးဆုံးအရွယ်လွန်ပြီးနောက်ထပ်မံကြီးထွားခြင်း လွန်စွာရှားသည်။ 

 

ရံဖန်ရံခါမှ သွေးဆုံးပြီးနောက် သွေးဆင်းခြင်းသည် ထိုအသားလုံး များသောကြောင့် ဖြစ်တတ်လေသည်။ အိမ်ထောင်သည်ဖြစ်၍ ကလေးများရှိပြီး ဤ အလုံးပြဿနာကြောင့် ခွဲစိတ်ရန် လိုအပ်လာပါက အသက် (၄၀) ပတ်လည်ပိုင်းတွင် အလုံးရော၊ သားအိမ်ပါ ထုတ်ပစ်သင့်သည်။ သားအိမ်၏ အဓိက တာဝန်နှစ်ခုမှာ ဓမ္မတာသွေးပေါ်ရန်နှင့် သားသမီး လက်ခံပြီး မွေးဖွားရန်သာ ဖြစ်သည်။ လိင်မှုကိစ္စ၊ အမျိုးသမီး အရည်အသွေး ပြောင်းလဲမှု၊ ယုတ်လျော့မှုတို့နှင့် မည်သို့မျှ မပတ်သက်ပေ။ ချန်ထားခဲ့သည့် သားဥများ (Ovaries) က ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်သည်။ အလုံးများသာ ထုတ်ပြီး သားအိမ်ချန်ထားပါက နောင် (၅) နှစ်မှ (၁၀) နှစ်အကြာတွင် ထပ်မံမဖြစ်ပွားတော့ဟု အာမခံချက် မရှိပေ။ 

 

ယခုအပတ် ဆွေးနွေးခန်းမှာ အရွယ်ကောင်းပြီး အလုံးများကြောင့် ကိုယ်ဝန်မရခြင်း၊ ကလေး မကြာခဏ ပျက်ကျခြင်းတို့ကြောင့် အလုံးများသာ ထုတ်ပြီး (Myomectomy) ကိုယ်ဝန်ရနိုင်ရန် သားအိမ်ချန်ထားရခြင်း အကြောင်းဖြစ်သည်။ ဤသို့ သားအိမ်ချန်ထား မည်ဟု ကုသမှု စီမံချက်တွင် ပမာဏလျာထားသော်လည်း ၎င်းကုသမှုစီမံချက် အောင်မြင်မှုရနိုင်၊ မရနိုင် တွက်ဆရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ချက်များ မပျက်မကွက် မလုပ်မဖြစ်လိုအပ်၍ ဤပြဿနာနှင့် ရင်ဆိုင်နေရသော လက်ထပ်ပြီးသူများ၊ လက်မထပ်ရသေးသူများ သိနိုင်ရန် အသိပညာပေးလိုက်ရပါသည်။ 

 

၁။ ကိုယ်ဝန်ရလို၍ သားအိမ်ချန်ပြီး အသားလုံးများသာ ထုတ်မည်ဟု ကုသမှုစီမံချက် လျထားသော်လည်း -

(က) အလုံးအရွယ်အစား ကြီးမားခြင်း၊
(ခ) အလုံးအရေအတွက်များခြင်း၊
(ဂ) ခွဲစိတ်စဉ် အလုံးများချည်း ထုတ်ရန်ခက်ခဲခြင်း၊
(ဃ) ခွဲစိတ်စဉ် သွေးထွက်များ၍ လူနာ၏အသက်ကို ကယ်တင်ရန် သားအိမ်ပါ ထုတ်လိုက်ရသော အခြေအနေများ ရှိနိုင်ပါသည်။ 

 

၂။ အထက်ပါ ဖြစ်နိုင်သော အခြေအနေများကြောင့် ခွဲစိတ်မှု မပြုမီ -

(က) လိုအပ်ပါက သားအိမ်ပါ ထုတ်ရန် သဘောတူညီမှု လက်မှတ်၊
(ခ) သွေးသွင်းရန် သွေး (၄) လုံး အဆင်သင့်ထားရှိခြင်းများ လိုအပ်သည်။ 

 

၃။ အလုံးများသည် သားဥပြွန်များအား ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လိုဏ်ခေါင်းအတွင်း မည်မျှထိုးဝင်မှုရှိမရှိ အတိအကျ သိနိုင်ရန် -
(

က) ဆေးဓာတ်မှန် (Hystosalpingogram) ရိုက်ပေးခြင်း၊
(ခ) သားအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း (Hystoscopy) များ လုပ်ရန် လိုအပ်သည်။
မှတ်ချက် - ဆေးဓာတ်မှန်ရိုက်ရာတွင် အိမ်ထောင်မပြုရသေးသူ လူနာများအတွက် မေ့ဆေး အတို/ အိပ်ဆေးနှင့် ခွဲစိတ်ခန်းတွင် အထူးဓာတ်မှန်စက် (C-ARM) ကို အသုံးပြု၍ OG ကိုယ်တိုင် ဆောင်ရွက်ရန် လိုသည်။

 

၄။ ခွဲစိတ်မှုမပြုမီ ခင်ပွန်း၊ ခင်ပွန်းလောင်း၏ သုတ်ပိုးစစ်ဆေးခြင်း မူမှန် ရှိမရှိ စစ်ဆေးထားချက်ရှိရန် လိုသည်။

၅။ ခွဲစိတ်မှု အောင်မြင်ပြီးပါက အနည်းဆုံး (၆) လ အချိန်ကြာမှ ကိုယ်ဝန်ယူရန် ခွင့်ပြု ပါသည်။ ဤသည်တို့ကား သားအိမ်အသားလုံး (Myoma/ Fibroid) ထုတ်ကြရာဝယ် သိရှိထားရန် လိုအပ်သည့် ကျန်းမာရေးအသိပညာပေး အချက်အလက်များဖြစ်ကြောင်း ကြိုတင်သိထားကြရန် စေတနာကောင်းနှင့် အသိပေးလိုက်ရပါသည်။ 


Credit:
ပါမောက္ခဦးမြင့်မောင်မောင်
Ziwaka magazine, August 2016, Pg.76-79



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18