Print

ကိုယ်ဝန်ဆောင်နှင့် အိပ်ရေးပျက် ပြဿနာ

  28-Feb-2017
Preview Image

ကိုယ်ဝန်ဆောင် မိခင်တွေဟာ ရင်သွေးလေး ရလာတဲ့အခါ ပထမသုံးလ ကိုယ်ဝန် အစောပိုင်းကာလမှာ ခန္ဓာကိုယ်တွင်း ဟော်မုန်း အပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင် လက္ခဏာ ဝေဒနာတွေကို ခံစားရတတ် ပါတယ်။ ကိုယ်ဝန် အစောပိုင်းကာလမှာ ပျို့တာ၊ ကိုယ်လက် မအီမသာဖြစ်တာ အပြင် ညအိပ်ရေးပျက်တာတွေပါ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ အိမ်မက်ဆိုးတွေ မက်ပြီး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် အိပ်ရမှာ စိုးရွံနေတတ်ပြီး မအိပ်ဘဲ နေရာကနေ အိပ်ရေးပျက်လာတတ်ပါတယ်။ 

 

ကိုယ်ဝန်ဆောင် အိပ်ရေးပျက်တဲ့အခါ
ကိုယ်ဝန်ဆောင်ချိန်မှာ နဂိုအချိန်ထက် ပိုအိပ်ဖို့လိုပါတယ်။ ကြီးထွားလာတဲ့ သန္ဓေသားအတွက် အစာအာဟာရ ပြည့်ပြည့်ဝဝ စားဖို့လိုသလို လုံလောက်တဲ့ အိပ်ချိန်ရရှိဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်အနေနဲ့ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၈ နာရီ ရှိသင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ လိုအပ်တဲ့အိပ်ချိန် မပြည့်ဝခဲ့ရင် စိ်တ်ပိုင်းဆိုင်ရာ ဝေဒနာအနေနဲ့ စိတ်ဓာတ်ကျတာ၊ ပူပန်သောကများတာတွေ ဖြစ်တတ်ပြီး စိတ်ထိခိုက်ခံစားလွယ်ပါတယ်။ 

 

ကိုယ်ဝန်ဆောင်မိခင် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့
ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အတွက် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကတော့ ပင်ပန်းနွမ်းနယ်လာတဲ့ အခါ ရေနွေးနွေးနဲ့ ရေချိုးပေးပြီး အနားယူပါ။ တကယ်လို့ သင်ဟာ အိမ်ပြင်ပမှာ အလုပ်လုပ်နေသူဆိုရင်တော့ နေ့လယ်စာ စားပြီးချိန်မှာ ၁၅ မိနစ် နာရီဝက်ခန့် ခဏတဖြုတ် အိပ်စက် အနားယူပါ။

 

(၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင်၊ လူတွေ နဲ့ ဝေးဝေးနေပါ။

 

(၂) ညအိပ်ရာ မဝင်ခင် ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်များ ကို ရှောင်ပါ။ အိပ်ရာ မဝင်မီ နွားနို့ပူပူနွေးနွေးတစ်ခွက် သောက်ပေးခြင်းက ညအိပ်မပျော် တဲ့ပြဿနာကို ဖြေရှင်းပေးပါသည်။

 

(၃) ရေ လုံလုံလောက်လောက် သောက်ပါ။ တစ်နေ့ကို ရေနှင့် အခြားသော သစ်သီးဖျော်ရည်များ အပါအဝင် ရေဖန်ခွက် ၈ ခွက်ခန့် အနည်းဆုံး သောက်ပါ။

 

(၄) တစ်နေ့ကို ၈ နာရီခန့် အိပ်ချိန်ရအောင် အိပ်ပါ။ ညဘက် ၈ နာရီ မအိပ်ဖြစ်ခဲ့ရင် နေ့ ဘက်မှာ တစ်ရေးပြန်အိပ်ပါ။

 

(၅) အိပ်စက်တဲ့အခါ ပက်လက်အနေအထားနှင့် မအိပ်ပါနှင့်။ ပက်လက်လှန် အိပ်တဲ့အခါ ကြီးထွားဖောင်းကားနေတဲ့ သားအိမ်က နောက်ကျောရိုးမကြီးနှင့် သွေးပြန်ကြောမကြီးတွေ ကို ဖိမိပြီး ခန္ဓာအောက်ပိုင်းနှင့် နှလုံး စီသွးကောင်းစွာ လည်ပတ်စီးဆင်းနိုင်မှု မရှိဘဲ ခါးနာတာ၊ ရင်ပူတာ၊ အစာမကြေတာနဲ့ လိပ်ခေါင်းရောဂါ ဝေဒနာတွေကို နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။ နောက်ပြီး အသက်ရှူကျပ်ပြီး အသက်ရှူမဝတာကြောင့် ကောင်းကောင်း အိပ်မပျော်ဖြစ်တတ်ပါတယ်။

 

(၆) ညအိပ်ရာ မဝင်မီ အစာအလွန်အကျွံ စားခြင်းမှ ရှောင်ပါ။ 

 

(၇) အိပ်ခန်းကို သက်သောင့်သက်သာဖြစ်အောင် ပြင်ဆင်ပါ။

 

(၈) အိပ်ပျော်အောင် အိပ်ဆေး မှီဝဲသောက်သုံးခြင်းကို ရှောင်ပါ။ အိပ်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သန္ဓေသားကို ထိခိုက်မှု ရှိစေပြီး ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းတဲ့ ကလေးတွေ မွေးဖွားလာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကြုံတွေ့ရတဲ့ အိပ်ရေးပျက် ဝေဒနာကို အထက်ပါ အချက်လေးတွေနဲ့ လိုက်နာဖြေရှင်း ပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ကာ ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း..။

 

Credit:
Sheri (U.O.N.Ygn)
Ziwaka magazine , May 2015, Pg. 97-99



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18