Print

ကိုယ်ဝန်ဆောင်များ သိကောင်းစရာ

  28-Feb-2017
Preview Image

၁။ ကိုယ်ဝန်ရှိပြီဆိုတာ ဘယ်လိုသိနိုင်ပါမလဲ။

• ကိုယ်ဝန်ရှိရင် ရာသီထိန်ခြင်းက အသိသာဆုံးနဲ့ အစောဆုံး လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ တချို့ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေမှာတော့ ရာသီ လုံးဝ မလာတော့တာ မဟုတ်ပါဘူး။ ရာသီသွေးဆင်းတာ နည်းနည်းလေးဖြစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

 

• ဘေးပတ်ဝန်းကျင်ကတောင် သတိထားမိစေနိုင်သော လက္ခဏာကတော့ ပျို့အန်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့ ပထမ(၃)လမှာ ဖြစ်လေ့ရှိပါတယ်။ တချို့က မနက်ပိုင်းမှာ ပိုဖြစ်တယ်။ တချို့က ညနေမှာ ဖြစ်တတ်တယ်။ တချို့က တစ်နေ့လုံးဖြစ်နေတတ်တယ်။ (၃)လကျော်ရင်တော့ ပျို့အန်တာ ပျောက်သွားလေ့ရှိပါတယ်။ ဒီပျို့ချင်အန်ချင်တာက ပင်ပန်းနေတဲ့အခါ၊ စိတ်လှုပ်ရှားနေတဲ့အခါ၊ ဗိုက်ထဲမှာ အစာမရှိတဲ့အခါ ပိုဖြစ်တတ်ပါတယ်။

 

• ခံတွင်း ပျက်လာတတ်ပါတယ်။ အစားအစာတွေကို စားချင်သောက်ချင်စိတ် မရှိဘဲ ဖြစ်တတ်တယ်။ အရင်က စားသောက်နေကျ အစားအစာတွေ ( ဥပမာ- ကော်ဖီ၊ လ္ဘက်ရည်၊ အဆီအစိမ့် အစား )ကို မစားချင်တော့ဘဲ ဖြစ်လာတတ်တယ်။ တစ်ခါတစ်ရံ တစ်ခုခုကို ထူးထူးခြားခြား စားချင်သောက်ချင်စိတ်လဲ ပေါ်တတ်ပါတယ်။ တစ်ခုခုကို ချင်ချင်းတက်လာတယ်ပေါ့။

 

• ရင်သားက ကြီးလာ၊ လေးလာ၊ တင်းလာ၊ နာလာမယ်။ ကိုင်ကြည့်ရင် အောင့်တောင့်တောင့် ဖြစ်မယ်။ သေသေချာချာ သတိထားမယ်ဆိုရင် ရာသီ မထိန်မီကပင် ရင်သားမှာစူးကနဲ အောင့်ကနဲ ဖြစ်တာမျိုး ခံစားရတတ်လာပါတယ်။

 

• နို့သီးခေါင်းတွေ ကြီးလာ၊ မဲလာတတ်ပါတယ်။ ဘေးက အဖုသေးသေးလေးတွေလည်း ပိုပြီးကြီးလာတတ်တယ်။

 

• ကိုယ်ဝန်လ အနည်းငယ် ရင့်လာရင် ( တစ်ချို့လဲ ရာသီထိန်ပြီး တစ်ပတ်လောက် ) ကပဲစပြီး မကြာခဏ ဆီးသွားလိုစိတ် ပေါ်လာတတ်ပါတယ်။

 

• ဝမ်းချုပ်လာတတ်ပါတယ်။

 

• မိန်းမကိုယ်က အဖြူဆင်းတာ များလာတတ်ပါတယ်။

 

• နောက်ဖြစ်တတ်သေးတာက မောပန်းနွမ်းနယ်တတ်လာတာပဲ ဖြစ်တယ်။

 

• ထူးထူးခြားခြား ဖြစ်တတ်သေးတာက ပါးစပ်ထဲမှာ သတ္တုဓာတ် အရသာမျိုး ရနေတတ်တာမျိုး ဖြစ်ပါတယ်။

 

• ခဏခဏ ငိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

အဲဒီလိုလက္ခဏာတွေ ဖြစ်ပေါ်နေပြီဆိုရင် ကိုယ်ဝန်ရှိနေတာ အတော် သေချာနေပါပြီ။ ဒီထက် သေချာအောင် ဆရာဝန်၊ ဆရာမတွေဆီ သွားပြသင့်ပါတယ်။


Credit : မျိုးပွားကျန်းမာရေး ( အမေး - အဖြေစာအုပ် ) မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18