Print

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

  28-Feb-2017
Preview Image

ဒီအဖြူဆင်းခြင်းပြဿနာက အမျိုးသမီးထုအတွင်းမှာ အင်မတန်မှ အဖြစ်များပါတယ်။ တကယ်တော့ ဆေးရုံတွေ၊ ဆေးခန်းတွေကို လာပြကြတဲ့ လူနာတိုင်းဟာ ကုသမှု ခံယူစရာမလိုဘူး။ လာသင့်လို့လာတဲ့ လူနာထက် စိုးရိမ်လို့ရတဲ့ လူနာက အရေအတွက် ပိုများနေပါတယ်။ အဖြူဆင်းတာကို အမျိုးအစားအားဖြင့် အဖြူဆင်းခြင်းနှင့် မူမမှန် အဖြူဆင်းခြင်း (၂) မျိုး ခွဲခြားထားပါတယ်။

 

မူမှန်တဲ့ အဖြူဆိုတာ အပျိုဖော်ဝင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်လတစ်လမှာ ပုံမှန်အနေနဲ့ အဖြူနှစ်ကြိမ်တော့ ဆင်းတတ်တယ်။ တစ်ကြိမ်က တစ်လနဲ့ တစ်လထက်ဝက် ဝက်လိုက်လို့ရှိရင် အလယ်လောက်မှာ ဆင်းတယ်။ နောက်တစ်ကြိမ်က သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းတတ်တယ်။ ဒီလိုဆင်းတာဟာ သူတို့ သတိပြုမိလောက်သည်အထိ ဖြစ်ချင်မှဖြစ်မယ်။ သတိပြုမိချင်မှလည်း ပြုမိမယ်။ အထဲမှာ ခြောက်မနေဘဲနဲ့ စိုစိုစိစိနေတာလေးလောက်ပဲ ရှိချင်ရှိမယ်။ ပမာဏ သတ်မှတ်လို့ မရဘူး။

 

သို့သော် ပေါင်တို့ ဆီးစပ်တို့ စိုလောက်တဲ့အထိ၊ အောက်ခံဘောင်းဘီ စိုလောက်တဲ့အထိ မများဘူး။ ဒါကို မူမှန်တဲ့ ဇီဝကမ္မ ပြောင်းလဲမှုအနေနဲ့ သဘောထားရပါမယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း ဒီလိုဖြစ်တတ်တဲ့ သဘာဝကို နားလည်ထားရမယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အိမ်မှာရှိတဲ့ ရေသန့်သန့်နှင့် ဆပ်ပြာနုနုကို သုံးလို့ရတယ်။ ဒါပေမဲ့ ကာဘော်လစ်လောက်တော့ မသင့်ဘူး။ မွှေးဆပ်ပြာလောက်ဆိုရင် ရတယ်။ အပေါ်ယံကိုပဲ ဆေးပါ။ အထဲအထိ မဆေးပါနဲ့။ မူမှန်တဲ့အဖြူဟာ လူကို ဒုက္ခမပေးတဲ့အတွက် ဘယ်သူနဲ့မှ ပြစရာ မလိုပါဘူး။ ဒီလိုမျိုး ကျန်းမာရေး အသိရှိဖို့လိုတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိဖို့လိုတယ်။ 

 

မူမမှန်တဲ့ အဖြူလက္ခဏာတွေကတော့ -

အဖြူဆင်းတာ ယားယံတယ်၊ အနံ့အသက် ရှိတယ်။ အဓိကအားဖြင့် ပိုးဝင်လို့ဖြစ်တာ သုံးမျိုး ရှိတယ်။ ဒီလိုမဟုတ်ဘဲနဲ့ သားအိမ်ခေါင်းရဲ့ အလုပ်လုပ်မှုက သိပ်လွန်ကဲနေလို့ အဖြူဆင်းတာရှိတယ်။ ဒါမှမဟုတ်ရင်လဲ သားအိမ်ထဲ သန္ဓေတားပစ္စည်း (IUCD) ထည့်ထားလို့ ဆင်းတာရှိတယ်။ သားအိမ်ခေါင်းအစွပ်တပ်ပြီး သန္ဓေတားလို့ ဆင်းတာရှိတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု မမှန်လို့ စိုးရိမ်သောကဖြစ်လို့ ဒါတွေကြောင့်လည်း ဆင်းရတာရှိတယ်။ 


ပိုးဝင်တာသုံးမျိုးပဲရှိတယ်။ အဓိကကျတာကတော့ (Tichomonas vaginitis) လို့ ခေါ်တဲ့အထဲက မိန်းမကိုယ်တွေ ဘာတွေ ရောင်ရမ်းပြီးတော့ ယားယံတာ၊ အဖြူဆင်းတာမျိုးက တစ်မျိုး၊ နောက်တစ်မျိုးက မှိုစွဲပြီးဖြစ်ရတဲ့ (Fungal vaginitis or monelial vaginitis) နောက်တစ်မျိုးကတော့ အခုနက နှစ်မျိုး စလုံးတွဲပြီး ဖြစ်တာ။ စုစုပေါင်း သုံးမျိုးရှိတာပေါ့။

 

သူ့ရဲ့အဓိကအကြောင်းရင်းကတော့ လိင်ဆက်ဆံမှု Sexual contact ကြောင့်ပါပဲ။ သို့သော် ဆေးပညာမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ ခြွင်းချက်တွေ အများကြီးရှိနိုင်တာပေါ့။ ဥပမာပေးရရင် လိင်ဆက်ဆံမှု မပြောနဲ့၊ ရည်းစားတောင် မထားဘူးတဲ့ အပျိုစင်လေးတွေမှာ ဒီရောဂါ ဘာကြောင့် ဖြစ်ရသလဲ။ ရောဂါရှိနေတဲ့ အမျိုးသမီး တစ်ဦးက ကမုတ်မှာ ထိုင်တယ်။ နောက်အပျိုလေးက ထိုင်တယ်။ ဒီလိုနဲ့ ကူးသွားနိုင်တယ်။ 

 

တစ်ခါတလေမှာ ရောဂါရှိတဲ့ အမေဆီက ကူးတယ်။ အစ်မဆီက ကူးတယ်။ နောက်တစ်ခု ဆိုးတာက အမျိုးသမီးဘော်ဒါဆောင်တွေမှာ ထဘီငှားဝတ်တယ်။ ဒီလိုနည်းနဲ့ ကူးတာတွေရှိပါတယ်။ ဒါဆင်ခြင်ရမယ့် အပိုင်းပေါ့လေ။ အိမ်ထောင်သားမွေးလုပ်တဲ့ အရွယ်ကောင်းတဲ့ လူတွေမှာကျတော့ Trichomonas ကြောင့်ဖြစ်တာ၊ မှိုစွဲတာကြောင့်ဖြစ်တာ၊ နှစ်မျိုးစလုံးပေါင်းပြီး ဖြစ်တာတွေ သွားတွေ့ရတတ်တယ်။ 

 

Tichomonas vaginitis လို့ယူဆရရင် လင်မယားနှစ်ယောက်စလုံး ပြိုင်တူကုသမှု ခံယူရမယ်။ များသောအားဖြင့်ကတော့ ယောကျ်ားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ဖြစ်လေ့ရှိတယ်။ သူ့မှာ လက္ခဏာ သိပ်မပြတတ်ဘူး။ မိန်းမဖြစ်သူမှာ လက္ခဏာပြတတ်တယ်။ ပြန်ပြန်ပြီး ဖြစ်မှာစိုးလို့ ပြိုင်တူကုသဖို့ လိုတယ်။ Tichomonas ကြောင့် ဖြစ်တာကျတော့ ထုံးစံအားဖြင့် ဖြူမနေဘူး။ စိမ်းဝါဝါ အရောင်ရှိတယ်။ များတယ်။ အောက်ခံဘောင်းဘီတွေ ဘာတွေစိုတယ်။ ယားယံတယ်။ အနံ့ရှိတယ်။ ဘဲနှုတ်သီးနဲ့ ဖွင့်ပြီးကြည့်လိုက်လို့ရှိရင် အမြှုပ်လေးတွေ၊ ပူစီးဖောင်းလေးတွေ ထနေတာတွေ့ရတယ်။ ယောနိတစ်ခုလုံး နီရဲနေတယ်။ အဲဒီအပေါ်မှာမှ အမည်းပြောက်၊ အဖြူပြောက်တွေ တွေ့ရတယ်။ 

 

 

မှိုစွဲတာကြောင့် မူမမှန်တဲ့ အဖြူဆင်းတာမှာကျတော့ ယောနိနံရံမှာ အဖြူဖတ်လေးတွေ ကပ်နေတယ်။ ဒါကို Milk cast လို့ ခေါ်တာပေါ့။ မ များတဲ့အတွက် ယောနိနံရံမှာပဲ ကပ်နေတယ်။ တစ်ဆို့ဆို့နဲ့ အနေရခက်တယ်။ ဒီလက္ခဏာတွေနဲ့ လာတတ်တယ်။ Tichomonas vaginitis ဆိုတာ သေချာသွားရင် မက်ထရိုနီဒါဇောဆေး တစ်ပတ်သောက်လိုက်ရင် ကောင်းသွားပါတယ်။ ပိုပျောက်ချင်တယ်ဆိုရင် ယောနိထဲ ထည့်လို့ရတယ်။ 

 

အရေးကြီးတာက အလယ်တန်းအဆင့်ကနေ တက္ကသိုလ်အဆင့်အထိ ေကျာင်းသူတွေအနေနဲ့ အဖြူဆင်းတာနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဗဟုသုတအသိရှိဖို့ လိုတယ်။ မူမှန်အဖြူဆင်းတာအတွက် ဘာမှ စိတ်အနှောက်အယှက် ဖြစ်စရာမလိုဘူး။ မူမမှန်တဲ့ အဖြူဆင်းတာတွေ အတွက်တော့ ဆရာဝန်ဆီက အကြံဉာဏ်ရယူပြီး လိုအပ်သမျှ ကုသရပါမယ်။ 

 

စာမေးပွဲနားနီးလို့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်၊ အစားအသောက်တွေပျက်၊ အိပ်ရေးတွေပျက်၊ သွေးအားနည်းပြီးတော့ မူမှန် အဖြူဆင်းတာမျိုး ဖြစ်တာကို စိတ်ပူစရာမရှိဘူး။ သွေး အားပြန်ပြည့်အောင် နေထိုင်စားသောက် လိုက်ရင် ပြန်ကောင်းသွားမှာပါပဲ။ဆေးမြီးတိုတွေနဲ့ ဟိုပြ ဒီပြ ဟိုကု ဒီကုလုပ်နေရင် မပျောက်နိုင်တဲ့အဆုံးကျတော့ ဒီကလေးမတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ 

 

သန္ဓေတားပစ္စည်းကြောင့် အဖြူဆင်းရတာဆိုရင် ဒီပစ္စည်းကို ပြန်ထုတ်လိုက်ရင်ကောင်းသွားလိမ့်မယ်။ သားအိမ်ခေါင်းအစွပ် သန္ဓေတားပစ္စည်းကြောင့် ဆင်းတာဆိုရင်လည်း ပြန်ထုတ်လိုက်ရင် ကောင်းသွားတာပါပဲ။ အဖြူဆင်းတာက မူမှန်တာနဲ့ မူမမှန်တာပဲကွာမယ်။ မိန်းကလေးတိုင်း တွေ့ကြုံနေရတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါပဲ။ ဒီနေရာမှာ အချင်းချင်း ပွင့်လင်းမှု ရှိကြစေချင်တယ်။ 

 

မူမှန်အဖြူကတော့ သွေးဆုံးချိန်မတိုင်ခင်မှာ ဆင်းနေဦးမှာပဲ မဆင်းရင်ပိုးဝင်မယ်။ အထဲကပစ္စည်းတွေ ပျက်ကုန်မယ်။ ယောကျ်ားနဲ့ အတူနေလို့မရဘူး။ မူမှန်အဖြူဆိုတာကို ဘာမှစိတ်ပူစရာ မလိုဘူး။ သဘာဝက ဖန်တီးပေးထားတာပါ။ ဒီအချက်ကို မှန်ကန်အောင် တည့်မတ်ပေးချင်ပါတယ်။ 

 

Credit:
ပါမောက္ခဒေါက်တာမြင့်မောင်မောင်
(သားဖွားနှင့်မီးယပ်ဆရာဝန်ကြီး)
Health for all magazine, No.112,May 2016, Pg. 23-26

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18