Print

အမျိုးသမီးများနှင့်သွေးဆုံးချိန်

  28-Feb-2017
Preview Image

အမျိုးသမီးတိုင်း အချိန်ရောက်လျှင် သွေးဆုံးခြင်းနှင့် မလွဲမသွေ ကြုံရဆုံကြမည်။ အပျိုဖော်ဝင် အရွယ်ရောက်ကတည်းက ရာသီသွေး စတင်ပေါ်ကြတယ်။ အပျိူဖော်ဝင်သည့် အသက်သည် အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူကြ။ အသက် ၁၀ နှစ် ၁၇ နှစ်ကြား ဖြစ်လေ့ရှိသည်။ ပျှမ်းမျှအားဖြင့် အသက် ၁၄ နှစ် ပတ်လည်တွင် စပေါ်သည့် ရာနှုန်းက ပိုများသည်။ ထို့အတူ မီးယပ်သွေးဆုံးခြင်းတွင်လည်း တစ်ဦးနှင့်တစ်ဦး မတူကြ။ အသက် ၄၀ နှစ်မှ ၅၅ နှစ်ကြား ဖြစ်လေ့ရှိသည်။ ပျှမ်းမျှအားဖြင့် အသက် ၄၇-၄၈ နှစ် ပတ်လည်တွင် ဆုံးသည့် ရာနှုန်းက ပို၍များသည်။

 

ဆေးပညာအရ သွေးဆုံးခြင်းဆိုသည်မှာ အနည်းဆုံး ဆက်တိုက် ခြောက်လမှ တစ်နှစ်အထိ မပေါ်ဘဲ ထိမ်သွားခြင်းကို ဆိုလိုသည်။ ရောဂါအရသားအိမ်ထုတ်ရ၍ လည်းကောင်း၊ သားဥများ ထုတ်ရခြင်း၊ ဓာတ်ရောင်ခြည် ပေးရခြင်း၊ ကင်ဆာနှင့်ပတ်သက်သော ဆေးများသွင်းရခြင်းတို့ကြောင့်လည်း၊ အချိန်မတန်ဘဲ သွေးဆုံးသွားနိုင်ပါသည်။

 

အထက်ဖော်ပြပါ အခြေအနေများတွင် မီးယပ်သွေး အချိန်မရောက်သေးဘဲ အချိန်တိုကာလအတွင်း ဆုံးသွားလေ့ရှိပါသည်။ အသက်အရွယ် အချိန်တန်သော သဘာဝ သွေးဆုံးခြင်းတွင် စပ်ကူးမပ်ကူးကာလ (Climacteric) ရှိသည်။ ထိုစပ်ကူးမပ်ကူးကာလတွင် ပူလိုက်ချမ်းလိုက်ဖြစ်ခြင်း၊ မျက်နှာနှင့် ခေါင်းတို့မှ ချွေးများအထွက်လွန်ခြင်း၊ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်တိုခြင်း၊ ပူပန်သောကစိတ်များခြင်း စသောခံစားမှုများ ဖြစ်ပေါ်တတ်သည်။ အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ထပ်တူဖြစ်ချင်မှ ဖြစ်ပါမည်။ မတူကြပါ။ ယေဘုယျအားဖြင့်တော့ သွေးဆုံးတော့မည်ဟု သိသာလောက်သော ခံစားမှုများ ရှိကြပါသည်။ 

 

ယင်းခံစားမှုများ၏ ပြင်းထန်မှုများလည်း မတူကြပါ။ ဆရာဝန်များထံ ပြသပြီး ကုသမှု ခံယူရသည်အထိ ဖြစ်နိုင်သလို၊ ကုသရန် မလိုဘဲအချိန်တိုတိုနှင့် ပျောက်ကင်းသူများလည်း ရှိပါသည်။ တချို့မှာ အလွန်ကံကောင်းသည်။ လစဉ်သွေးပေါ်နေရာမှ နှစ်လ တစ်ကြိမ်၊ သုံးလ တစ်ကြိမ် ခြားသွားသည်။ တစ်ဖန် သုံးရက်ပေါ်ရာမှ နှစ်ရက်၊ တစ်ရက် စသည်ဖြင့် တဖြည်းဖြည်း ဆက်တိုက်ပျောက်သွားပြီး သွေးဆုံးသွားလေ့ရှိပါသည်။ နောက်တစ်မျိုးမှာ သွေးမဆုံးမီခြောက်လ၊ တစ်နှစ်အချိန်လောက်မှစပြီး နှစ်လမှ သုံးလလောက် ထိမ်လိုက်၊ ဒလဟော ခပ်များများ ပြန်ဆင်းလိုက် ဖြစ်သည်။ 

 

ဝမ်းဗိုက်နှင့် ဆီးစပ်နာကျင်ကိုက်ခဲမှု မရှိ၊ သွေးခဲများပါ ဆင်းတတ် တစ်ခါတစ်ရံ သားလျှောသားပျက်သည်နှင့်ပင် ဆင်တူသည်။ သွေးသား မမှန်ဘဲ ခြောက်လ၊ တစ်နှစ်လောက် ဖြစ်ပြီးမှ သွေးဆုံးသွားလေ့ရှိပါသည်။ တဖြည်းဖြည်း ကြွက်မြီးတန်းပြီး သက်သက်သာသာ သွေးဆုံးသွားသည့် ရာနှုန်းက နည်းသည်။ ၁၀ ရာခိုင်နှုန်းထက် မပိုပါ။ ကျန်ရာနှုန်းအများစုက သွေးမမှန်မကန်ခြင်း၊ သွေးကစားခြင်းများနှင့်အတူ အထက်ဖော်ပြပါ ခံစားမှုများဖြင့် ယှဉ်တွဲဖြစ်တတ်ပါသည်။

 

သွေးဆုံးခြင်းသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာ အသွေးအသားတွင် ရှိသော အမဟော်မုန်း ( Estrogen) များ တဖြည်းဖြည်း နည်းသွားသောကြောင့် ဖြစ်သည်။ ဤသို့ နည်းသွားခြင်းမှာလည်း သွေးဆုံးအရွယ်ရောက်လာလျှင် ခန္ဓာကိုယ်အတွင်းတွင်ရှိသော သားဥနှစ်လုံးက မဟော်မုန်း ထုတ်လုပ်မှု တဖြည်းဖြည်း နည်းသွားခြင်းနှင့် လုံးဝမထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ရသော သဘာဝ ဇီဝကမ္မ ပြောင်းလဲမှုကြီးပင်ဖြစ်သည်။ 

 

ဤသဘာဝ ပြောင်းလဲမှုကို အမျိုးသမီးတိုင်း တွေ့ကြုံကြရမည်။ သို့ရာတွင် ဤသဘာဝပြောင်းလဲမှု ဖြစ်ပေါ်ချိန်နှင့် အသက်အရွယ်တို့တွင် အခြားသော အခြေအနေများက ဆုံဆည်းလာတတ်ပြီး မီးလောင်ရာလေပင့်ဆိုသလို ဖြစ်သွားနိုင်ပါသည်။ ဥပမာ-အိမ်ထောင်ပြုစော၍ သားကြီး သမီးကြီးရှိပါက ယင်းတို့အတွက် ဖူးစာဖက်နှင့် ကြုံရသော စီမံပေးရသည့် ပြဿနာများရှိနိုင်သည်။ အငယ်ဆုံး ကလေး ၁၀ တန်း တက်နေပါက အမှတ်များပြီး ဂုဏ်ထူးများရန် ကျူရှင်ကိစ္စများ ဝိုင်းဝိုင်လည်နေသည်။

 

ခင်ပွန်းသည် ပင်စင်မသွားမီ ကိုယ်ပိုင်အိမ်ဆောက်ရန် အိမ်ဆောက်ပစ္စည်းများ ဒရစပ်လိုက်နေချိန်၊ လက်သမား၊ ပန်းရန်သမား၊ အပြောင်းအလဲဖြစ်၍ အသစ်ထပ်မံ ရှာဖွေရမှု၊ ဟိုဘက်ဒီဘက် မိဘယောက္ခမများ အသက်အရွယ်ကြီးလာ၍ ရောဂါရှိမှုများအပေါ် မူတည်၍ စောင့်ရှောက်ပေးရသော တာဝန်များလည်း ပိုလာနိုင်သည်။ ဤသို့သော စိတ်နှင့်ခန္ဓာဖိစီးမှုကြောင့် နဂိုကရှိသည့် ခံစားမှုများ ပိုမိုအရှိန်မြင့်လာကာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှု လွန်ကဲခြင်း စသောပြဿနာများ ဝင်လာပြီး ချာချာလည်တတ်ပြန်သည်။ ဖောက်ပြန်တတ်သော ခင်ပွန်းတချို့၏ ဇနီးမယား ဖြစ်ပါကလည်း ဤအရွယ်တွင် ရေကြည်ရာမျက်နုရာ သွားခြင်းနှင့် အငယ်အနှောင်းကိစ္စများ ပေါ်ပေါက်တတ်သည်။ သို့ဆိုလျှင် အမျိုးသမီးများသွေးဆုံးတတ်သော အသက်အရွယ်ပတ်လည်တွင် အလွန်ခက်ခဲသော ရေရှည်ခံစားမှု များစွာ ကြုံရပေတော့သည်။

 

Credit:
ပါမောက္ခဒေါက်တာဦးမြင့်မောင်မောင်
Heealth for all magazine, November 2012, Pg. 21-22



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18