Print

မျိုးဥကင်ဆာအကြောင်း သိကောင်းစရာ

  28-Feb-2017
Preview Image

မျိုးဥအိမ်
---------
မျိုးဥအိမ်ကို သားဥအိမ်ဟုလည်း ခေါ်သည်။ မျိုဥအိမ် (Ovary) သည် ဆီးအိမ်၏
ဘယ်ညာတစ်ဖက်စီ၌ ရှိသည်။ မျိုးဥအိမ်သည် မျိုးဥ (ova) များကို သိုလှောင်ထားသည်။

ဖြစ်ပွားမှု
----------
အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ၊ သားအိမ် အတွင်းမြှေးကင်ဆာများကဲ့သို့ ဖြစ်ပွားမှု မများသော်လည်း အမျိုးသမီး မျိုးပွားအင်္ဂါ ကင်ဆာများတွင် ဖြစ်ပွားတတ်သော ကင်ဆာဖြစ်သည်။

ဖြစ်ပွားရခြင်း အကြောင်း
-------------------------------
မိဘဆွေမျိုးတစ်ဦးဦးတွင် မျိုးဥကင်ဆာ ဖြစ်ဖူးပါက မိမိတွင် ရောဂါဖြစ်ပွားရန် အခွင့်အလမ်း ၂ ဆခန့် ပိုများသည်။ ကလေးတစ်ဦးမျှ မမွေးဖွားဖူးသည့် အမျိုးသမီးတို့တွင် မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသည်။ 

ရောဂါ လက္ခဏာများ
-------------------------
မျိုးဥကင်ဆာသည် ရောဂါလက္ခဏာများကို စောစီးစွာ ပြသလေ့ မရှိချေ။ တစ်ခါတစ်ရံ ဝမ်းဗိုက်အောက်ပိုင်းတွင် တောင့်တင်းသလို ခံစားရတတ်ပြီး သတိ မပြုမိဘဲလည်း ဖြစ်တတ်သည်။ ခါးနာခြင်း၊ မောပန်းလွယ်ခြင်း၊ ခန္ဓာကိုယ် အလေးချိန် လျော့နည်းလာခြင်းတို့ ဖြစ်တတ်ရာ အခြားရောဂါလက္ခဏာများနှင့် ဆင်တူသဖြင့်လည်းကောင်း ဝေဒနာ မပြင်းထန်သဖြင့်လည်းကောင်း သတိမမူမိဘဲ ဖြစ်တတ်သည်။ ရောဂါဖြစ်သည်ကို သိရသည့်အခါ နောက်ကျနေပြီဖြစ်သည်။

 

အူမ (သို့) ဆီးအိမ်ကို ဖိမိသဖြင့် ဝမ်းချုပ်ခြင်း၊ မကြာခဏ ဆီးသွားခြင်းတို့ ဖြစ်သည်။ ဝမ်းခေါင်းနှင့် အဆုတ်တစ်ဝိုက်တွင် အရည်များစုပြီး အသက်ရှူရခက်စေသည်။ ဝမ်းဗိုက်အတွင်း လေထသလို ခံစားရသည်။ ဗိုက်မအီမသာ ဖြစ်နိုင်သည်။ ဖြစ်ခါစ၌ တိကျသော ရောဂါ လက္ခဏာများ မရှိတတ်ချေ။ တစ်ခါတစ်ရံ မည်သည့် ရောဂါလက္ခဏာမျှ မပြတတ်ချေ။

 

ရောဂါ ရှာဖွေခြင်း
မျိုးဥအိမ်ကင်ဆာ ရှိ မရှိ သိနိုင်ရန် ဦးစွာ ဆရာဝန်က မိန်းမကိုယ်တွင်းသို့ လက်ဖြင့် စမ်းသပ်ကြည့်သည့် အခါ မျိုးဥအိမ်ကြီးနေသည်ကို စမ်းသပ်တွေ့ရှိနိုင်သည်။ အာထရာဆောင်း ရိုက်ခြင်း၊ မိန်းမကိုယ်အတွင်း CT Scan ရိုက်ကြည့်ခြင်းတို့ဖြင့် မျိုးဥအိမ်ကင်ဆာကို စမ်းသပ်တွေ့ရှိနိုင်သည်။

 

ကုသခြင်း
ခွဲစိတ်ကုသခြင်းကို ပြုလုပ်ရာတွင် မျိုးဥအိမ် နှစ်ခုလုံး၊ သားအိမ်နှင့် သားဥပြွန် (Fallopian tube) တို့ အားလုံးကို ဖယ်ထုတ်ပစ်သည်။ ခွဲစိတ်ကုသပြီးနောက် ကင်ဆာဆဲလ်များ ကြွင်းကျန်မှုကို ရှင်းပစ်နိုင်ရန် ဆေးဝါးဖြင့် ကုသမှုကို ဆက်လက်ပြုလုပ်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကိုလည်း ဆောင်ရွက်နိုင်သည်။ ကင်ဆာသည် မျိုးဥအိမ် နှစ်ခုလုံးအပြင် အခြားအနီးအနားရှိ အင်္ဂါများသို့ ပျံ့နှံ့နေလျှင် ကုသပျောက်ကင်းနိုင်သည့် အခွင့်အလမ်း နည်းသည်။ 

 

ကာကွယ်ရေး
ဆွေမျိုးအတွင်း မျိုးဥအိမ်ကင်ဆာ ဖြစ်ဖူးသူသည် ဝမ်းဗိုက်တွင် မအီမသာဖြစ်ခြင်း၊တောင့်တင်းခြင်း၊ လေပွသလိုဖြစ်ခြင်းတို့အား ကြာရှည် ခံစားရလျှင် ဆရာဝန်နှင့် ပြသ၍ အခြားဖြစ်နိုင်သောရောဂါများကို ဦးစွာစစ်ဆေး ရှာဖွေရမည်ဖြစ်သည်။ အခြားရောဂါများ မတွေ့ပါက မျိုးဥအိမ်ကင်ဆာ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါကို စောစီးစွာ သိရှိနိုင်သည်။

 

Credit:
ဒေါက်တာအောင်သန်း
အဖြစ်များသောကင်ဆာရောဂါများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18