Print

သားအိမ်ခေါင်းအဖုံး (Diaphragm) နဲ့ သုက်ပိုးသေဆေး (Spermicide)

  28-Feb-2017
Preview Image

သားအိမ်ခေါင်းအဖုံး (Diaphragm) ဆိုကတော့ ရာဘာနှင့်လုပ်ထားတဲ့ ပျော့ပြောင်းပြီး ကွေးနိုင်ဆန့်နိုင်တဲ့ အခုံးပုံသဏ္ဍာန် ပစ္စည်းလေးတစ်ရပ် ဖြစ်တယ်။ ခေါက်လို့ရတဲ့ နှုတ်ခမ်းသားပါဝင်တယ်။ သားအိမ်ထဲ သုက်ကောင်လေးမဝင်အောင် ကာကွယ်တားဆီးပေးတယ်။ သုက်ပိုးသေဆေးတွေကတော့ ဂျယ်လီ ဒါမှမဟုတ် ခရင်မ်တွေ၊ ဆေးတောင့်တွေ၊ မှုတ်ဆေး၊ ဆေးပြား၊ ရေမြှပ်၊ ဒါမှမဟုတ် အရည်ပျော်တဲ့ ကော်ပြား ပုံစံမျိုးစုံရှိပြီး သုက်ကောင်လေးတွေကို သေစေတယ်။ ဒီပစ္စည်းနှစ်မျိုးပေါင်းကို လိင်မဆက်ဆံခင် အမျိုးသမီးရဲ့ မွေးလမ်းကြောင်းမှာ ထည့်ထားရတယ်။

 

ဒီပစ္စည်းနှစ်မျိုးကို တစ်မျိုးတည်းသုံးလို့ရပေမယ့် နှစ်မျိုးပေါင်းပြီးသုံးမှ ပိုထိရောက်တယ်။ တစ်ခြားနည်း တွေနဲ့စာရင် (ဥပမာ-စားဆေး၊ ထိုးဆေး) ထိရောက်မှု နည်းတယ်။ အမျိုးသမီးအယောက် (၁၀၀) တစ်နှစ်သုံးရင် ကလေးရသွားနိုင်တဲ့ အမျိုးသမီး (၆) ယောက်လောက်ရှိသတဲ့။ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်ရှိတဲ့သူတွေ (တစ်နည်း)ကလေးလုံးဝမယူသင့်တဲ့ သူတွေမှာ (ဥပမာ-နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ 
ဦးနှောက်သွေးကြောရောဂါတွေ၊ အသည်းရောဂါ) မသုံးသင့်ပါဘူး။ မတော်တဆ ကလေးရသွားနိုင်တဲ့ အန္တရာယ်ပိုများလို့၊ သူတို့မှာဆိုရင် ဒီထက်ပိုပြီးထိရောက်တဲ့ သားဆက်ခြားနည်းတွေနဲ့ ပိုပြီးသင့်လျော်တာပေါ့

 

သားအိမ်ခေါင်းအဖုံးကို သုံးတော့မယ် အမျိုးသမီးဟာ သုံးစွဲနည်းကို မှန်မှန်ကန်ကန်သိရမယ်။ ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမက သားအိမ်ခေါင်းရဲ့ အရွယ်အစားကို သိဖို့ မွေးလမ်းကြောင်းအတွင်း စမ်းသပ်ပြီး သားအိမ်ခေါင်းအဖုံး ဘယ်လောက်အရွယ်အစားကို သုံးမယ်ဆိုတာ ရွေးချယ်ပေးဖို့လိုပါတယ်။ ပထမဆုံး စနစ်တကျ သုံးစွဲနည်းကို သိဖို့လိုတယ်။

 

 စစချင်း သားအိမ်ခေါင်းအဖုံး အတွင်းနဲ့ နှုတ်ခမ်းသားတွေ ပတ်လည်မှာ သုက်ပိုးသတ်ဆေး၊ ဂျယ်လီ၊ ခရင်မ် ညှစ်ထည့်သုတ်လိမ်းရမယ်။ ပြီးရင် လက်နှင့်နှုတ်ခမ်းသားကို ညှပ်ဖိပြီးမွေးလမ်းကြောင်းထဲကို ရောက်နိုင်သလောက်ရောက်အောင်သားအိမ်ခေါင်းထိပ်ဖုံးကို လက်နဲ့တွန်းထည့်ရမယ်။ ဒီထိပ်ဖုံးဟာ သားအိမ်ခေါင်းကို သေချာအုပ်မိတဲ့အကြောင်း စမ်းသပ်ရမယ်။ ဒီထိပ်ဖုံးရဲ့ အခုံးကို ဖိကြည့်ရင် (နှာခေါင်းထိပ်ကိုစမ်းရင် ရတဲ့ခံစားချက်မျိုး) သားအိမ်ခေါင်းကို သေချာစမ်းမိရမယ်ပေါ့။ ဒီသားအိမ်ခေါင်းအဖုံးကို လိင်မဆက်ဆံခင်အချိန် တော်တော်ကြာကြာကတည်းက ကြိုတင်ပြီး စွပ်ထားသင့်တယ်။ ဆက်ဆံခါနီးမှ ကပ်ပြီးစွပ်မယ်ဆိုရင် နှစ်ယောက်လုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်လို့ပါ။

 

လိင်ဆက်ဆံပြီးရင်လည်း ပြီးပြီးချင်း ဒီအဖုံးကို ချက်ချင်းမဖြုတ်ပစ်သင့်ပါဘူး။ ချက်ချင်းထုတ်ပစ်ရင် မွေးလမ်းကြောင်းထဲ ရောက်နေပြီး နံရံမှာကပ်ငြိနေတဲ့ သုက်ကောင်လေး တွေ (မသေဘဲကျန်နေရင်) သားအိမ်ခေါင်းထိပ်ကို ဖြတ်ပြီး သားအိမ်ထဲဝင်သွားနိုင်တာပေါ့။ အဲဒီအခါကျ မတော်တဆ ကလေးရသွားနိုင်တဲ့ အန္တရာယ်ရှိလာပြီ။ ဒီတော့ လိင်ဆက်ဆံပြီးနောက် အနည်းဆုံးခြောက်နာရီလောက် သားအိမ်ခေါင်းအဖုံးကို မိန်းမကိုယ်ထဲမှာပဲဆက်ထားသင့်တယ်။ ဒါပေမဲ့ (၂၄) နာရီထက် ပိုပြီးတော့ မထားသင့်ပါဘူး။ ဒီပစ္စည်းထည့်ထားတဲ့ အချိန်အတွင်းမှာပဲ နောက်တစ်ကြိမ် လိင်ဆက်ဆံမယ်ဆိုရင်တော့ သုက်ပိုးသေဆေး ခရင်မ်ကို ဆေးထိုးပြွန်နဲ့ သဏ္ဍာန်တူတဲ့ပိုက်နဲ့ မိန်းမကိုယ်ထဲထပ်ပြီး ထည့်ပေးရပါတယ်။ 

 

ပြန်ထုတ်တဲ့အခါမှာလည်း လက်ညှိုးနဲ့နှုတ်ခမ်းသားအောက်က ညင်ညင်သာသာနှင့် ကွေးပြီးအသာလေး ကလော်ထုတ်ရမှာဖြစ်တယ်။ ဆွဲတဲ့အခါမှာ အနောက်ဘက်ကို အသာအယာဆွဲထုတ်ရမယ်။ ထိပ်ဖုံးမစုပ်ပြဲအောင် သတိထားရမယ်။ ဒီထိပ်ဖုံးကို လွှင့်မပစ်ရပါဘူး။ ဆပ်ပြာနဲ့ ရေသန့်သန့်နဲ့ ဆေးကြောပြီး အပေါက်ရှိမရှိ ရေဖြည့်ပြီးတော့ပဲဖြစ်ဖြစ် စစ်ဆေးကြည့်ရမယ်။

 

ဒီထိပ်ဖုံးလေးကို ခြောက်သွေ့စေပြီး သန့်ရှင်းတဲ့၊ အေးတဲ့အလင်းရောင်မဝင်တဲ့နေရာမှာ သေသေချာချာသိမ်းဆည်းထားရမယ်။ ဒါမှနောက်တစ်ကြိမ် ထပ်ပြီးသုံးဖို့ အဆင်သင့်ဖြစ်နေမှာပေါ့။ ဒီနည်းရဲ့ကောင်းတဲ့အချက်တွေကတော့ ဟော်မုန်းတွေသုံးတဲ့အခါ ကြုံရမယ့်ဆေးတွေရဲ့ ဆိုးကျိုးတွေမခံစားရတော့ဘူး။ လိင်မဆက်ဆံခင်မှာလည်း ကြိုတင်ပြီး ထည့်ထားနိုင်တော့ အလုပ်မရှုပ်တော့ဘူး။ တချို့လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကနေ ကာကွယ်ပေးနိုင်တယ်။ သားအိမ်ခေါင်း ကင်ဆာအဖြစ်နည်းစေတယ်။

 

မကောင်းတဲ့အချက်တွေကတော့ လူတိုင်းနဲ့မသင့်လျော်ဘူး။ တတ်ကျွမ်းတဲ့ဆရာဝန်က သေချာသင်ကြားပေးထားတဲ့သူပဲ သုံးနိုင်တယ်။ ဒီနိုင်ငံမှာဆို အလွယ်တကူ ဝယ်ရရှိဖို့မလွယ်ပါဘူး။ မိမိရဲ့သားအိမ်ခေါင်းနဲ့ ကိုက်ညီတဲ့အရွယ်ကို ရွေးချယ်ပေးဖို့လိုပါတယ်။ မိန်းမတိုင်းနဲ့မသင့်လျော်ဘူး။ သားအိမ်ကျနေတဲ့သူတွေ၊ သားအိမ်အနောက်ကို လန်နေတဲ့သူတွေမှာ မသုံးသင့်ပါဘူး။ သုံးစွဲတဲ့အခါမှာလည်း ကျွမ်းကျွမ်းကျင်ကျင် တပ်ဆင်တတ်ဖို့၊အချိန်ယူပြီး ကြိုတင်ကြည့်ထားဖို့လိုပါတယ်။

 

ဆက်ဆံခါနီးကျမှ ကပ်ပြီးထည့်မယ်ဆိုရင် စိတ်အနှောင့်အယှက်ဖြစ်ရမယ်။တစ်ခါတစ်ရံ ဆီးအိမ်ထဲ ပိုးဝင်တတ်တယ်။ ယားယံတတ်
တယ်။ ပူစပ်ပူလောင် ဖြစ်တတ်တယ်။ တစ်နှစ်ကိုတစ်ခါလောက်ဒီအစွပ်ဟာ မိမိရဲ့ သားအိမ် ခေါင်းထိပ်နှင့် တော်မတော်စစ်ဆေးကြည့်ဖို့လိုတယ်။ အထူးသဖြင့် အလေးချိန်အရမ်းတက်ပြီး ဝလာမယ်။ အရမ်းပိန်သွားမယ်။ ကလေးမွေးပျက်ကျမယ်ဆိုရင်ပေါ့။

 

တစ်ချို့ကကျတော့ သုက်ပိုးသတ်ဆေးကို မိန်းမကိုယ်ထဲ ထည့်ပြီးတော့ သားဆက်ခြားနည်းတစ်ခု အဖြစ်သုံးကြတယ်။ ဆေးထည့်ပြီးရင်တော့ မတ်တပ်မရပ်ပစ် ရတော့ဘူး။ ဆေးထည့်ချိန်နှင့် ဆက်ဆံချိန် (၁) နာရီထက် ပိုကြာသွားရင် (သို့) နောက် တစ်ကြိမ်ထပ်ဆက်ဆံရင် ဆေးထပ်ထည့်ရမယ်။ ဆေးတောင့်ပုံစံလည်း ရှိတယ်။ ရေမြှုပ်ဆေးပြား၊ဖလင်ပြားပုံစံလည်းရှိတယ်။ သူတို့ကိုတော့ လိင်မဆက်ဆံခင် အနည်းဆုံး (၁၀) မိနစ်ကြိုတင် ထည့်ရမယ်။ ဒီဆေးတွေသုံးရင် လိင်မဆက်ဆံခင် တစ်နာရီအတွင်း မွေးလမ်းကြောင်းထဲ တည့်မယ်။ လိင်ဆက်ဆံပြီး အနည်းဆုံး (၆) နာရီအထိ မွေးလမ်းကြောင်းကို ရေမဆေးပစ်ရဘူး။ ဒီဆေးတွေကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းရမယ်။

 

ဒီနည်းတစ်ခုတည်း သုံးရတာလွယ်ကူပြီး ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးဖို့ မလိုပေမယ့် ထိရောက်မှုတော့ တစ်ခြားနည်းတွေနဲ့ ယှဉ်ရင်နည်းတယ်။ မိန်းမကိုယ်ယားယံတတ်၊ လောင်တတ်တယ်။ ဆေးရည်တွေ လျှံထွက်တတ်တယ်။ ညစ်ပေတတ်တယ်ပေါ့။

 

သုက်ပိုးသတ်ဆေးကို တစ်ရက်တည်းမှာအကြိမ်များစွာအသုံးပြုရင် အိပ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်ခံရဖို့ အခွင့်အလမ်းများ လာတတ်ပါတယ်။ ဒါက သုက်ပိုးသတ်ဆေးဟာကြိမ်ဖန်များစွာ သုံးတဲ့အခါ မိန်းမကိုယ်နံရံဟာ အိပ်ချ်အိုင်ဗွီပိုး တွယ်ကပ်ထိုးဖောက်ဖို့ လွယ်လာလို့ပဲဖြစ်ပါတယ်။ လိင်ဆက်ဆံမှု အကြိမ်အရေအတွက်များတဲ့ အမျိုးသမီးတွေဟာ တစ်ခြားသားဆက်ခြားနည်းများကို သုံးသင့်တယ်။ ဒါကြောင့် တစ်နေ့ထဲ အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံတဲ့အမျိုးသမီးတွေဟာ ဒီသုက်ပိုးသတ်ဆေးအစား အခြားသန္ဓေတားဆေးကို သုံးသင့်ပါတယ်။ သားအိမ်ခေါင်းအဖုံးကို တစ်နေ့လုံး တပ်ထားတာမျိုး မလုပ်ရင် ကောင်းပါတယ်။ မလွဲမရှောင်သာ တပ်ထားရမယ်ဆိုရင်လည်း ၂၄ နာရီထက်ပိုပြီး မထားသင့်ပါဘူး။ မတော်တဆ ပိုးဝင်ပြီး သွေးလန့်တာ (shock) ဖြစ်တတ်လို့ပါ။

 

Credit:
မျိုးဆက်ပွား ကျန်းမာရေးအမေးအဖြေစာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18