Print

ကိုယ်ဝန်ဆောင်သည်အား မပြောသင့်သော စကား ၁၀ မျိုး

  28-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ ခက်ထန်မာကြော လာတယ်ဆိုတာ အတော်ကိုရှားပါးပါတယ်။ အများစုကတော့ စိတ်ထိခိုက်လွယ်ပြီး စိတ်ခံစားချက်တွေ နူးည့ံလာတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင် ထားတဲ့ အမျိုးသမီး တစ်ယောက်ကို လက်လွတ်စပယ် စကားမပြောသင့်ပါဘူး။ ဘာမှမဟုတ်ဘဲ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကိုယ်ဝန်ဆောင်သည်တစ်ယောက်
အတွက် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်ကို ဘယ်တော့မှ မပြောသင့်တဲ့ စကားလေးတွေရှိပါတယ်။ `မင်းဗိုက်ပူနေတာကလည်း ဝေလငါး တစ်ကောင် သောင်တင် နေသလိုပါပဲလား´ ဆိုတာလိုမျိုး ခန္ဓာကိုယ်ပြောင်းလဲမှုဆိုင်ရာတွေကို ပုံစံဆိုးမျိုးနှင့် ခိုင်းနှိုင်းပြီး မပြောပါနဲ့။


ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ချိန်က အချိုးကျကျလှပခဲ့တဲ့ ခန္ဓာကိုယ်အချိုးအစားဟာ စတင်ပြီး ပြောင်းလဲနေပါပြီ။ ဒါကို ချက်ချင်းလက်ခံလိုက်ဖို့ ဆိုတာ နည်းနည်းတော့ ခက်ခဲတဲ့ကိစ္စပါ။ အဝတ်အစားတွေ ရုတ်တရက်မတော်တော့တာမျိုး၊ အံဝင်ခွင်ကျ မဖြစ်တော့တာမျိုး တွေကြောင့် စိတ်ညစ်နေရတဲ့အထဲ တခြားတစ်ယောက်ကပါ ထပ်ပြီး ပြောလိုက် မယ်ဆိုရင်တော့ စိုးရိမ်စိတ်တွေ ဖြစ်သွားစေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ကို တခြားဘယ်လိုအလှမျိုးနှင့်မှ နှိုင်းယှဉ်ပြစ်တင်မပြောသင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်တွေထဲမှာ ကိုယ်ဝန်ဆောင်ချိန်ကလည်း အဓိကပါဝင်နေတာကြောင့်ပါ။ 

 

`အမြွှာလေးမွေးရင်တော့ လက်မလည်ဘဲ ဖြစ်တော့မှာပဲ´ ဆိုတာမျိုး မပြောပါနဲ့။ ကလေးတစ်ယောက် မွေးတာကိုတောင် မလွယ်ကူမှန်း မိခင်လုပ်သူက သိပြီးသားပါ။ ဘယ်လိုကလေးမျိုးပဲ မွေးပါစေ မိခင်ရဲ့ သူ့ရင်သွေးတွေအပေါ်မှာထားတဲ့ စိတ်ဟာ တူညီမှုရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးချိန်မှာ ကလေးက ငိုမှာ၊ နေမကောင်းဖြစ်မှာ ၊ ဆော့ကစားမှာ၊ ကလေးနှစ်ယောက်ကို တစ်ပြိုင်တည်း သိပ်ရမှာတွေကို စိတ်ညစ်စရာလို့ သွားမပြောပါနဲ့။ 

 

အမြွှာကလေးမွေးတာကြောင့် နှစ်ဆပိုပြီး ပင်ပန်းရသလိုပဲ နှစ်ဆပိုပြီး ပျော်ရွှင်တယ်ဆိုတာကို ညင်းလို့မရပါဘူး။ `နင်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရမှာ မဟုတ်ဘူး´ ဆိုတာမျိုး ဘယ်တော့မှ မပြောပါနဲ့။ ကလေးမွေးပြီးလို့ ကလေးငယ်အရွယ်မရောက်ခင် အချိန်ခဏလောက်သာ မလွတ်လပ်ပေမယ့် ကလေးငယ်အရွယ်ရောက်လာချိန်မှာ ကိုယ်နဲ့အတူ သွားစရာ၊ ပျော်စရာနဲ့ စိတ်အပန်းဖြေစရာတွေကို ခံစားရင်း ပိုမို
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဦးမယ်ဆိုတာကိုသာ ပြောပြပေးပါ။ 

 

`နင်က ကိုယ်နို့ကိုယ်ပဲတိုက်မှာလား´ ဆိုတာမျိုးဟာ မမေးသင့်တဲ့ စကားပါ။ ရင်သွေးငယ်အတွက် မိခင်နို့က အကောင်းဆုံးဆိုတာကို မိခင်တိုင်းသိဖို့ ဆရာဝန်တွေက ပြောထားပြီးသားပါ။ `နင်က နေမကောင်းတဲ့ပုံ ပေါက်နေတယ်နော်´ ဆိုတာမျိုး မပြောပါနဲ့။ အထူးသဖြင့် ကိုယ်ဝန်လရင့်လာချိန်မှာ အမျိုးသမီးအများစုဟာ ကိုယ့်ကိုယ်ကိုယ်သက်သောင့်သက်သာဖြစ်အောင် မနည်းကြိုးစားပြီး နေထိုင်ရပါတယ်။ ဒီတော့ ကိုယ်ဝန်
လရင့်လာချိန်မှာ သင်ပြောသင့်တာက မင်းက အရမ်းကို ကြည့်ကောင်းတာပဲ ဆိုတာပါပဲ။

 

`မင်းဒီလောက်စားနေရင် ဝက်ဖြစ်တော့မယ်´ ဆိုတာမျိုး မပြောပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အရင်က ကြိုက်ခဲ့တဲ့ အစားအစာတွေကို မကြိုက်တော့တာမျိုး၊ အရင်က မကြိုက်တဲ့ အစားအစာတွေကို စားချင်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် စားတာကို အပြစ်ပြောစရာ မလိုပါဘူး။ မစားမှာကိုတောင် စိတ်ပူပေးရမှာပါ။ `ငါကတော့ မိန်းကလေးမချစ်ဘူး ။ ယောကျ်ားလေးပဲ ချစ်တယ်´ ဆိုတာမျိုးမပြောပါနဲ့။ တကယ်တော့ ယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ်မွေးလာတဲ့ ရင်သွေးကို မွေးပြီးချိန်မှာတော့ မိခင်တိုင်းက ချစ်ကြပါတယ်။ ကိုယ်က မိန်းကလေးလိုချင်လို့ ယောကျ်ားလေးမွေးလာ ရင်တောင် နောက်တစ်ကြိမ်မိန်းကလေး မွေးလို့ရတယ်ဆိုတာကို နှလုံးသွင်းထားပါ။

 

`မင်းတို့မျိုးရိုးမှာ အမြွှာမွေးတဲ့သူရှိတာလား´ ဆိုတာမျိုးကို မမေးသင့်ပါဘူး။ အမြွှာမွေးတာက မျိုးရိုးဗီဇကြောင့် မွေးနိုင်သလို ကိုယ့်မိခင်က အမြွှာမွေးထားဖူးတယ်ဆိုရင် သင့်မှာ အမြွှာမွေးနိုင်ခြေများပါတယ်။ ဒါပေမဲ့ မျိုးရိုးမရှိလည်း အမြွှာမွေးနိုင်ပါသေးတယ်။ `ရုပ်ချောချောလေးမွေးရမယ်နော်´ ဆိုတာမျိုး မပြောပါနဲ့။ မိဘနှစ်ပါးရဲ့ ပေါင်းဖက်မှုကြောင့် ဘဝတစ်ခုဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် ဒီမိဘနှစ်ပါးရဲ့ ရုပ်ရည်သွင်ပြင်မျိုးကတော့ အများဆုံးပါဝင်နေမှာပါ။ ကလေးအသက်ခြောက်လ အရွယ်လောက်မှာ ကလေးငယ်ရဲ့ ရုပ်ရည်သွင်ပြင်က မွေးကာစထက် အနည်းငယ်ပိုပြီး ထင်ရှားပေါ်လွင်လာတတ်ပြီး ကလေးငယ်တိုင်းဟာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတယ်ဆိုတာကို မမေ့ပါနဲ့။

 

Credit:
သဲသဲဦး
Arogyam magazine, April 2014, Pg. 94-96


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18