Print

Smoking and Heart ဆေးလိပ်နှင့် နှလုံးရောဂါ

  24-Feb-2017
Preview Image

 

နှလုံးရောဂါတွေ ဖြစ်စေနိုင်တဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ ဆေးလိပ်သောက်ခြင်းက အဓိကအချက်တစ်ချက် ဖြစ်ပါတယ်။ နေ့စဉ်ဆေးလိပ် ဘယ်နှစ်လိပ်သောက်တယ် ဆိုတဲ့အချက်က နှလုံးရောဂါဖြစ်ပွားမှု အပေါ်မှာတိုက်ရိုက် အကျိုးသက်ရောက်ပါတယ်။ များများသောက်လေ ဖြစ်ဖို့အလားအလာ ပိုများလေပါပဲ။ နေ့စဉ် ဆေးလိပ်တစ်ဘူးကုန်အောင် သောက်တဲ့သူဟာ ဆေးလိပ်လုံးဝ မသောက်တဲ့ သူနဲ့စာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂) ဆ ပိုများပါတယ်။ ဆေးလိပ်လည်းသောက်တယ် သန္ဓေတားဆေးတွေလည်း သုံးစွဲတယ်ဆိုတဲ့ အမျိုးသမီးတွေ အတွက်တော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်သောက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံဆေးလိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

 

ဆေးလိပ် နှင့် နှလုံးရောဂါ ဘယ်လိုဆက်စပ် နေသလဲ

ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က

1. နှလုံးအတွက် လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကို နည်းပါးစေပါတယ်။

2. သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။

3. သွေးခဲအောင် အားပေးပါတယ်။

4. နှလုံးသွေးကြောအပါအဝင် သွေးကြောအားလုံး၏နံရံမှ ဆဲလ်များကို ထိခိုက် ပျက်စီးစေပါတယ်။

 

ဆေးလိ်ပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ

1. အသက်ကို ရှည်စေပါတယ်။

2. နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။

3. ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ ကင်ဝေးပြီး အမောအပန်း ခံနိုင်လာပါတယ်။

4. အသားအရေတွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီးနုပျိုစေပါတယ်။

5. အရသာခံ ခြင်း၊ အနံ့ခံခြင်းစတဲ့ အာရုံများကို တိုးတက်စေပါတယ်။

6. ငွေကြေး အကုန်အကျ သက်သာပါတယ်။

7. ဆေးလိပ်ငွေ့ ကင်းစင်တဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်နိုင်ပါတယ်။

 

ဆေးလိပ်ဘယ်လိုဖြတ်ကြမလဲ

ဆေးလိပ်မကောင်းကြောင်းလည်းပြောပြီးပြီ။ဆေးလိပ်မသောက်ရင်ဘာတွေကောင်းမယ်ဆိုတာလည်းပြောပြီးပြီ။ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲဆိုတဲ့မေးခွန်းတွေကို ခဏခဏ အမေးခံရဖူးပါတယ်။ ဆေးလိပ်ဖြတ်တယ်ဆိုတာဆရာပြောသလောက် မလွယ်ပါဘူးဆိုတဲ့ သူတွေလည်း ကြုံဖူးပါတယ်။ မလွယ်ဘူးဆိုတာ ကိုယ်တိုင်မသောက်ပေမယ် ့ရိ်ပ်စားမိပါတယ်။သို့ပေမယ့်လည်း မိမိကောင်းကျိုး၊ မိသားစုကောင်းကျိုး ရှေ့ရှူပြီး ကြိုးစားသင့်ပါတယ်။ ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်တဲ့အခါမှာ မိမိကိုယ်တိုင်က ပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။ ရည်းစားက ဖြတ်ခိုင်းလို့ဆိုတာထက် မိမိကို်ယ်တိုင် မသောက်သင့်တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ပထမဆုံး လုပ်ရမှာ ကဆေးလိပ်ဖြတ်မယ့်နေ့ကို ရွေးရပါမယ်။ ဒီနေ့ ဖြတ်ရမယ်လို့ မဆိုလိုပါဘူး။ ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည် ဆိုတာမျိုးပေါ့။ ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရပါမယ်။ ဘာအကြောင်းနဲ့မှ ရက်နောက်ဆုတ်သွားတာမျိုး မဖြစ်သင့် ပါဘူး။

 

1. ဘာကြောင့် ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ ရေးသားပြီး နေ့စဉ်ပြန်ပြန် ဖတ်ပါ။ ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို ရေးချပြီး နေ့စဉ် ပြန်သတိရအောင် ဖတ်ပါ။

2. ဘယ်လို့ အချိန်တွေမှာ ဆေးလိပ်သောက်တယ်၊ ဘာကြောင့် ဆေးလိပ်သောက်တယ်၊ဆေးလိပ်သောက်တဲ့ အချိန်တွေမှာ ဘာတွေလုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီးမိမိဆေးလိပ်သောက်ရ ခြင်း အကြောင်းအရင်းကို ဆန်းစစ်ပါ။

 

3. လုံးဝအပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲနေ ကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာစားပြီချိန်။

 

4. ဆေးလိပ်သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်းပြုစုထားပါ၊ ဥပမာ ပီကေဝါးမယ်။ ရေကူးမယ်။

 

5. Chantixand Wellbutrin ကဲ့သို့ ဆေးလိပ်ဖြတ်ဆေးများ၊ နစ်ကိုတင်း Gum များကိုလည်း သုံးစွဲနိုင်ပါတယ်။ နီးစပ်ရာ ဆရာဝန် နှင့် တိုင်ပင် သုံးစွဲရပါမယ်။အနောက်နိုင်ငံတွေမှာတော့ ဆေးလိပ်ဖြတ်သူတွေ စုစည်းထားတဲ့ အသင်းအဖွဲ့ တွေရှိပါတယ်။ အတွေ့အကြုံ ဖလှယ်ခြင်းအကြံဉာဏ်ရယူခြင်းများဖြင့် အကျိုးရှိစေပါတယ်။

 

ဆေးလိပ်ဖြတ်ပြီဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက်က ပြန်မသောက် ဖြစ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အောက်ပါ အချက်လေးများကို ဂရုစိုက်ပြီး လိုက်နာသင့်ပါတယ်။

1. ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ပြာခွက် စတာတွေကို လုံးဝ စွန့်ပစ်လိုက်ပါ။

2. အနီးပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ဖို့ သူငယ်ချင်းတွေကို ပြောပါ။ တားမြစ်ပါ။

3. ဆေးလိပ်ကို သတိရတိုင်း မိမိကျန်မာရေးကောင်းမွန်လာမှာကို တွေးပြီး ဖြေသိမ့်ပါ။

4. ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတဲ့အခါ အသက်ပြင်းပြင်းရှူပြီး(၁၀) စက္ကန့်ခန့်
အောင့်ထားပါ။ ဖြေးညှင်းစွာ ရှူထုတ်ပါ။ ဆေးလိပ် သောက်ချင်စိတ် ပျောက်တဲ့အထိ
အကြိမ်ကြိမ် ပြန်လုပ်ပါ။

5. လက်ကို မအားအောင် တစ်ခုခုလုပ်နေပါ။ ဥပမာ- ခဲတံဖြင့် ကစားနေပါ။

6. ဆေးလိပ်နဲ့ ပက်သက်နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကို ပြင်ပါ။ လမ်းလျှောက်၊ ရေကူးလေ့ကျင့်ခန်းများ လုပ်ပါ။

7. ပီကယ် ၀ါးပါ။ ဆေးလိပ် အစားထိုးအစားအစာကို သတိထားရွေးချယ်ပါ။ သကြားဓါတ် မများပါစေနှင့်။ 

8. ရေများများသောက်ပါ။ အရက်နှင့် ကဖင်းဓါတ် ပါသော အချိုရည်များကို ရှောင်ပါ။

 

ဆေးလိပ်ဖြတ်လက္ခဏာများ

ဆေးလိပ်မှာပါတဲ နီကိုတင်းဓါတ်ကြောင့် ဆေးလိပ်ဖြတ်စမှာ ခန္ဓာကိုယ်က ဆေးလိပ် တောင်းတတ်ပါတယ်။ ဂဏှာမငြိမ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဗိုက်ဆာခြင်း၊ခေါင်းကိုက်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားရနိုင် ပါတယ်။ ဒီကာလမှာ တောင့်ခံနိုင်အောင် ကြိုးစားရပါမယ်။ မိသားစုဝင်တွေကလည်းစာနာဖေးမပြီး ကူညီပေးရပါမယ်။ ဒီလက္ခဏာတွေဟာသာမန်အားဖြင့်(၂)ပတ်အတွင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တာ (၁၅) နှစ်ကြာပြီဆိုရင်တော့ နှလုံးရောဂါရနိုင်ခြေဟာ သာမန်လူတွေနဲ့အတူတူ ပြန်ဖြစ်သွားပါမယ်။ သင်ကိုယ်တိုင် နှင့် သင့် မိသားစုဝင်တွေ ဆေးလိပ်အန္တရာယ်မှ ကင်းဝေး နိုင်ကြပါစေ။

 

Ref:
Public health in myanmar
Monday, September 29, 2008

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18