Print

About Liver အသည်းအကြောင်း

  24-Feb-2017
Preview Image

 

အသည်းဟာ လူ့ကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ထဲမှာ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို၊ အံသြဖွယ် စွမ်းရည်များ ပိုင်ဆိုင်ရရှိထားပါတယ်။ အသည်းဟာ လူကိုယ်ရဲ့ဗိုက်ထဲမှာ ညာဘက်တစ်ခြမ်းမှာ အဓိကတည်ရှိနေပြီး ဘယ်ဘက်အထိ တည်ရှိနေပါတယ်။ အသည်းရဲ့ ညာဘက်ခြမ်းဟာ လူရဲ့ရင်ခေါင်း ညာဘက်အောက်မှာ ရှိနေပြီး ဘယ်ဘက်ကတော့ သေးသေးလေးပါ။ အသည်းဟာ အဓိကအားဖြင့် သည်းခြေရည် ထုတ်လုပ်ပြီး အစာချေဖျက်တဲ့ အင်္ဂါအဖွဲအစည်းတွေကို အထောက်အကူ ပေးပါတယ်။ လူတွေ စားသောက်လိုက်တဲ့ ထောပတ်၊ ကြက်ဥနှစ်စတဲ့ အစာတွေက ပါလာတဲ့ အဆီတွေကို အူသိမ်လမ်းကြောင်း ထဲမှာ ချေဖျက်ပြီး သွေးကြောထဲကို စုပ်ယူဖို့အတွက် သည်းခြေရည် Bile လိုအပ်ပါတယ်။ အသည်းဆဲလ်တွေက သည်းခြေရည်ကို ထုတ်ပေးပြီး သည်းခြေပြွန်က တစ်ဆင့် သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပါတယ်။ လိုအပ်တဲ့အချိန်မှာ သည်းခြေအိတ်ကို ညှစ်ထုတ်ပြီး သည်းခြေရည်ကို အူသိမ်ဦးပိုင်းထဲကို ပို့ပေးပါတယ်။ သည်းခြေရည်ဟာ အစာခြေဖျက်ပြီးတဲ့အခါ သူ့ဆီမှာ ပါတဲ့ သည်းခြေဆားကို အူသိမ်နှောင်းပိုင်းကနေတဆင့် ပြန်လည်စုပ်ယူပြီး အသည်းကို ပြန်ပို့ပေးပါတယ်။ ဒီလိုနဲ့ သည်းခြေဆားတွေ ဆုံးရှံူးမှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဒီသည်းခြေဆားတွေဟာ အဆီဓါတ်၊ အသားဓါတ်၊ ကစီဓါတ်တွေ ချေဖျက်ရာမှာ အရေးပါနေသလို၊ ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေဓါတ်တွေ စုပ်ယူရာမှာလည်း အရေးကြီးပါတယ်။

 

အသည်းရဲ့ နောက်ထပ်လုပ်ငန်းတာဝန်ကတော့ အသားဓါတ်၊ အဆီဓါတ်၊ ကစီဓါတ်တွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေမှာ ပါဝင်ခြင်း ဖြစ်ပါတယ်။ သွေးကြောထဲက စုပ်ယူလိုက်တဲ့ သကြားဓါတ်ဟာ အသည်းထဲမှာ အဆင့်ဆင့် ပြောင်းလဲပြုပြင်ပြီး သွေးထဲကို ပို့ပေးပါတယ်။ ဒါကြောင့် အသည်းရောဂါဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အသည်းမကောင်းရင် သွေးချိုတတ်ခြင်း၊ ကျခြင်းများ ဖြစ်တတ်ပါတယ်။ အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောနဲ့ လစ်ပိုပရိုတင်း တွေကိုလည်း အသည်းထဲမှာ ချေဖျက်ပြီး လိုအပ်တဲ့စွမ်းအင်ရအောင် ပြုပြင်ပြောင်းလဲပေးပါတယ်။ ပိုနေတဲ့ အဆီတွေကို အဆီတစ်သျှူးတွေဆီ ပို့ပြီး သိုလှောင်ထားပါတယ်။ ဒါကြောင့် အဆီများများ စားသူတွေမှာ အဆီပြင်တွေများလာပြီး ဝဖြိုးလာတာ ဖြစ်ပ တယ်။ အသည်းအဆီဖုံးရောဂါလည်း ဖြစ်လာနိုင်ပါတယ်။ အသည်းရဲ့ နောက်ထပ် အရေးကြီးလုပ်ငန်း တစ်ခုကတော့ ကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်၊ အညစ်အကြေး၊ ဓါတ်ပစ္စည်းတွေ၊ ဆေးဝါးတွေကို ချေဖျက်စွန့်ထုတ်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မော်တော်ကားမှာ ရှိတဲ့ ဖစ်တာလိုပဲ။ အသည်းက ဝင်လာသမျှဒဏ်တွေကို သူက စောင့်ပြီး ခံရပါတယ်။ သွေးထဲမှာရှိတဲ့သွေးနီဥလေးတွေဟာ သက်တမ်းလေးလပြည့်ရင် အလိုလို ပျက်စီးသွားကြပါတယ်။ ကိုယ်ထဲမှာ နေ့တိုင်း သွေးနီဥလေးတွေ ပျက်စီးနေကြပါတယ်။

 

အဲဒီလို သွေးနီဥလေးတွေ ပျက်စီးသွားလို့ ထွက်လာတဲ့ အဝါဓါတ်ပစ္စည်း Bilirubin ကို အသည်းက ချေဖျက်ပြီး သည်းခြေရည်က တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ တချို့ ဘီလီရူဗင်တွေဟာ အူသိမ်ကနေ ပြန်လည်စုပ်ယူပြီး ကျောက်ကပ်ကို ရောက်လာပြီး ဆီးထဲမှာ ပါလာပါတယ်။ တချိုကို ဝမး်ကနေတစ်ဆင့် စွန့်ထုတ်တယ်။ ဒါကြောင့် အသည်းမကောင်းရင် ဘီလီရူဗင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပျက်စီးပြီး ကိုယ်ထဲမှာ အဝါဓါတ်တွေ များလာပါတယ်။ အသားဝါ၊ မျက်လုံးဝါ၊ ဆီးတွေဝါ လာပါတယ်။ ကော့ပါးဓါတ်တွေ၊ သံဓါတ်တွေဟာလည်း အသည်းထဲမှာပဲ ချေဖျက်ပြီး စွန့်ထုတ်ရပါတယ်။ ကိုယ်ထဲကထွက်တဲ့ ဟော်မုန်းဓါတ်တွေ၊ အန်ဒရိုချငတွေကိုလည်း အသည်းကပဲ ချေဖျက်ပေးတာပါ။ နောက်လူတွေ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကိုလည်း ချေဖျက်ပေးပါတယ်။ ပါးစပ်ကနေ ဝင်ရောက်လာတဲ့ ဆေးဝါးတွေဟာအူလမ်းကြောင်း နံရံကနေ စုပ်ယူပြီးတဲ့အခါ အသည်းကို အရင်ရောက်လာပါတယ်။ အဲဒီကနေတဆင့် သွေးထဲ ပြန်ရောက်ပြီး လိုအပ်တဲ့နေရာကို ရောက်ရှိပြီး အစွမ်းပြကြရပါတယ်။ ဒီနေရာမှာ အသည်းက ပုံမှန်အလုပ်မလုပ်ရင် ဆေးအာနိသင် အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ ဆေးဝါးအများစုဟာ အာနိသင်ကုန်ဆုံးသွားတဲ့အခါ အသည်းမှာ ချေဖျက်ပြီး ပြန်လည် စွန့်ထုတ်ခံရပါတယ်။ အရက်တွေကိုလည်း အသည်းကပဲ တာဝန်ယူ ချေဖျက် ပေးနေရတာပါတယ်။

 

နောက်တာဝန်တစ်ခုကတော့ ပရိုတင်းဓါတ်တွေ၊ စားလိုက်တဲ့ ကြက်ဥတွေ၊ နွားနို့တွေ၊ အသားထဲက ပရိုတင်းဓါတ်တွေကို အူကနေ စုပ်ယူပြီး အသည်းထဲကိုရောက်တော့ အသည်းက ပြန်လည်ဖြန့်ဖြူးပေးပါတဲ့ တာဝန်ဖြစ်ပါတယ်။ ပြီးတော့ အဲလ်ဗြူမင် Albumin ဆိုတဲ့ဓါတ်တစ်မျိုး ထုတ်ပေးပါတယ်။ အဲလ်ဗြူမင် များများရှိမှ ကိုယ်ထဲက သွေးကြောထဲကရေတွေကို အပြင်ကို ထွက်မသွားအောင် အဲလ်ဗြူမင်ဆိုတဲ့ ဓါတ်တွေက ဆွဲထားပါတယ်။ အဲလ်ဗြူမင် တွေ မထုတ်လုပ်နိုင်ရင် ရေတွေ အပြင်ထွက်လာပါမယ်။ အဲဒီအခါ ခြေထောက်ရောင်လာပါတယ်။ ရေဖျဉ်းတွေ စွဲလာပါတယ်။ အသည်းအကြောင်း ကျန်းမာရေး ပညာပေးစာစောင်တွေ စာအုပ်တွေထဲက ဖတ်မိထားသလောက် သိသလောက်လေး ရေးတင်လိုက်တာပါ။
လိုအပ်ချက်လေးတွေတော့ ရှိနိုင်ကောင်းပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အကျိုးရှိစေမယ်လို့တော့ ယူဆပါတယ်။၏

 

Ref:
Public health in Myanmar
Tuesday, October 9, 2007



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18