Print

Hernia (အူကျခြင်း)

  24-Feb-2017
Preview Image

 

ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။

1. Hernia အူကျတာ၊

2. Hydrocele မုတ္တရောဂါ၊

3. Epididymitis ကျားအစေ့ရောင်ခြင်း၊

4. Varicocele (ဗေရီကိုဆီးလ်)၊ တွေ ဖြစ်တယ်။

 

ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ အစေ့အထက်မှာ အထက်၊ အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်ရှိပြီး၊ အားလုံးက ရောကပ်နေကြတာ လက်ချောင်းလေး တချောင်း စာလောက် တုတ်တယ်။ ကပ်ပယ်အိတ်ထဲကို မရှိရမဲ့ အူက ဗိုက်ထဲကနေ ကျလာတာကို Hernia အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါးအရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာတာ တူတယ်။ အသက်အရွယ် မရွေးတာ တူတယ်။ အကြော အစေ့ ရောင်တယ်ဆိုတာ အတော်နာတယ်။ ဝှေးစေ့ ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele ခေါ်တယ်။ သူလည်း မနာဘူး။

 

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့ မုတ်၊ Spermatocele သုတ်ပိုးအိတ်၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ၊ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက်ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ်၊ နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲကို ကျမလာတာ။ အစေ့ တဖက်ထဲသာ စမ်းရရင် ဒါဖြစ်မယ်။ အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်စေ၊ သွင်းပေးလို့ဖြစ်စေ ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁၀ နှစ်၊ အနှစ် ၂၀ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့အူက ခေါက်နေလို့။ အူက ရောင်-နာ၊ အူပိတ်တာ ဖြစ်လာတယ်။ နေ့နေ့-ညည ခွဲရလိမ့်မယ်။

 

အဲဒီ လက္ခဏာတွေက ဘာရောဂါဆိုတာ ပြောနေပြီ။ သေခြာအောင် လုပ်တော့မယ်။ ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ ရတယ်။ မဖြစ်တဲ့ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို
ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူကကျမလာဘူး ထွက်ပေါက်ကို ဖိပိတ်ထားလို့။  ဒါဆို အူကျရောဂါ သေခြာပြီ။

 

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) အမျိုးမျိုး။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီနေရာလေးတွေက အပေါက်ဖြစ်နေလို့ အားနည်းချက်တွေဘဲ။ ဗိုက်ကို တင်းအား၊
ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲရှိတာတွေဟာ အပေါက်နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ် ခေါ်တာ၊ ဗိုက်ထဲက ထွက်လို့ရတာ ထွက်မှာဘဲ။ ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူ စသဖြင့်။ အူကလည်း အူသိမ်ဖြစ်တာ အများဆုံး။ ညာဘက်မှာ ဖြစ်ရင် အူအတက်ဆိုတာလည်း ပါနိုင်တယ်။

 

စုံအောင် ရေးပါရစေ။ Hernia ဆိုတာ ယောက်ျားတွေ အတွင်းခံ ဘောင်းဘီ ဝတ်ရာမှာသာ ဖြစ်တယ် ထင်ကြမယ်။ မဟုတ်ပါ။ အမျိုးသမီးတွေလည်း အူကျတာ  ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မအင်္ဂါ နှုတ်ခမ်းထဲကို ကျလာတယ်။ အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာ ဖြစ်တာကို Inguinal hernia ခေါ်တယ်။
ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ကလေးတွေတောင် ဖြစ်သေးတာ။ ချက်မှာ ကလေးငိုရင် စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ သူ့ကိုတခါတည်း နာမယ်ပေးတယ် မဟုတ်လား။ “ချက်ဖေါင်း” လို့။ ထပ်ရှိသေးပြန်တယ်။ ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာ ဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ တခြားဟာတွေလည်း ရှိသေးတယ်။ ဆေးပညာ သင်သူတွေ အတွက်သာ သိဘို့ လိုပါတယ်။

 

ဘာလို့ အူကျတာလဲ။ ရေးပြခဲ့တဲ့ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း၊ အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။ Hernia သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးလည်းရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ ခါးပတ်တမျိုး ပတ်ထားရတယ်။ ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ ၊စိတ်တာ လက်တွေ့သင်ရင် Hydrocele တတ်ပြီးရင် Hernia ခွဲရတယ်။အတွေ့အကြုံတော့ လိုတယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ်ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးတယ်။ 

 

Ref:
Dr. တင့်ဆွေ
Public health in Myanmar
Saturday, January 15, 2011

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18