Print

Cramps ကြွက်တက်ခြင်း

  24-Feb-2017
Preview Image

 

ဘောလုံး ကန်ဘူးတဲ့သူတွေတင် မကဘူး၊ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။အလွန်မတန်  နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အဝလွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

 

ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန််၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေ ကလည်း ဒီသဘောမျိုးဘဲ။ ဝမ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊သည်းခြေအိတ် တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။ သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ဝယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။

 

Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။ ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။

 

ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို ။ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံး ကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။

 

Ref:
Dr. တင့်ဆွေ
၆-၆-၂၀၁၀
public health in Myanmar
Saturday, January 15, 2011



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18