Print

Health benefits of blood donor သွေးလှူခြင်း၏အကျိုးကျေးဇူးများ

  24-Feb-2017
Preview Image

 

သွေးလှူရှင်များအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးများလည်း ရရှိစေပါသေးတယ်။ လူရဲ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးနေတဲ့ သွေးကို ပုံမှန်လှူဒါန်းပေးခြင်းဟာ သွေးထဲက ကိုလက်စထရော ပမာဏကို ထိန်းထားနိုင်စေပါတယ်။ အထူးသဖြင့် ပုံမှန်သွေးလှူဒါန်းတဲ့ အမျိုးသားများအတွက် ကျန်းမာရေး အကျိုးကျေးဇူး များစေပါတယ်။ ထုတ်လှူလိုက်တဲ့သွေးနဲ့အတူ ပါသွားတဲ့ သံဓါတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓါတ်တွေ လျှော့နည်းစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲကနေ သွေးတွေ ဆုံးရှုံးထွက်ရှိလို့ သံဓါတ်ပမာဏ လျှော့နည်းကြပေမယ့် အမျိုးသားများအနေနဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓါတ်ပမာဏကို လျှော့နည်းစေတာပါ။

 

သွေးလှူရှင်တွေမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာဟာ သွေးမလှူတဲ့ လူထက် သုံးပုံတစ်ပုံ နည်းပါးတယ်ဆိုတာကို Kansas University Medical Centerက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သံဓါတ်ပမာဏ များလွန်းနေတာဟာ မကောင်းပါဘူး။ သံဓါတ်တွေဟာ ကိုလက်စထရောလ် ဖြစ်စေတဲ့အရာမှာ တစ်ခုအပါအဝင်ပေါ့။ ကိုလက်စထရောလ် များလွန်းနေရင် နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းတဲ့ သွေးလှူရှင်တွေမှာ သွေးလှူခြင်းဖြင့် သံဓါတ်ပမာဏ လျှော့ချနိုင်ပြီး ကိုလက်စထရောကိုလည်း လျှော့စေပါတယ်။ သွေးလှူပြီးတဲ့နောက်ပိုင်း ကိုယ်အလေးချိန်တိုးပြီး ဝလာမယ်ဆိုတဲ့ အယူအဆ အမှားတွေလည်း ရှိပါတယ်။ တကယ်တမ်းမှာတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅၀ စာ လျော့ကျစေပါတယ်။ သွေးလှူလိုက်လို့လည်း အားနည်းမယ်ဆိုတာလည်း မဟုတ်ပါဘူး။

 

ထုတ်လှူလိုက်တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်းအတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အတွက် သွေးဆဲလ်အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့ သွေးသစ်တွေ ရရှိစေပြီး ကျန်းမာ လန်းဆန်းစေပါတယ်။ သွေးလှူဒါန်းတဲ့အခါ သွေးမလှူခင်မှာ သွေးလှူရှင်ကို ကျန်းမာရေး စစ်ဆေးပါတယ်။ သွေးပေါင်ချိန်၊ သံဓါတ် ပမာဏ၊ ကိုယ်အလေးချိန် စတာတွေကို စစ်ပေးပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးခံရသလို ဖြစ်စေပါတယ်။ အဲဒါ့တွေအပြင် သွေးထဲမှာ အိတ်ချ်အိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ပါ မပါကိုပါ စစ်ပေးပါသေးတယ်။ ဒါပေမယ့် အဲဒီလို ရောဂါပိုးတွေ ရှိမရှိ သိချင်လို့ သွေးလှူဒါန်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ပုံမှန် သွေးလှူဒါန်းတာဟာ လူသားဆန်တဲ့ ကျေနပ်ပီတိတွေအပြင် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များတယ်ဆိုတာ သိပြီးတဲ့နောက်မှာ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူတိုင်း သွေးလှူပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

 

Reference:
July Dream 
Labels: Blood
Saturday, April 17, 2010
Public health in Myanmar
Saturday, April 17, 2010

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18